တရုတ်နှင့် ဆက်ဆံရေးကို ဖြတ်တောက်သွားနိုင်သည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

တရုတ်နှင့် ဆက်ဆံရေးကို ဖြတ်တောက်သွားနိုင်သည်ဟု ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

မေ ၁၅

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုအရေးကိစ္စကြောင့် တရုတ်နှင့် ဆက်ဆံရေးကို ၎င်းဘက်က ဖြတ်တောက်ကောင်း ဖြတ်တောက်သွားနိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၁၄ ရက်တွင် ခြိမ်းခြောက်သတိပေးသွားခဲ့သည်။

ထို့ပြင် ၎င်းအနေဖြင့် လက်ရှိအခိုက်အတန့်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်း စကားပြောလိုစိတ် မရှိဘဲဖြစ်နေသည်ဟု ထရမ့်က ပြောသွားခဲ့သည်။

ယမန်နှစ် ၂၀၁၉ ခုနှစ်ကုန်ပိုင်းက တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ပထမဆုံး ကူးစက်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ်၏ မူလဇာစ်မြစ်နှင့်ပတ်သက်၍ ဝါရှင်တန်နှင့် ပေကျင်းအကြား တစ်ဘက်နှင့် တစ်ဘက် အပြန်အလှန် တိုက်ခိုက်ပြောကြားခဲ့ပြီးနောက် တင်းမာမှုများ မြင့်တက်လာနေခဲ့သည်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါသည် တရုတ်ကနေ ထွက်ပေါ်လာသည့် ကပ်ဆိုးဖြစ်သည်ဟု ထရမ့်က ပြောထားခဲ့သည်။

“သမ္မတ ရှီနဲ့ ကျွန်တော်နဲ့အကြားမှာ အရမ်းကောင်းတဲ့ ဆက်ဆံရေးတစ်ရပ် ရှိပါတယ်၊ ဒါပေမယ့် ခုချိန်မှာတော့ ကျွန်တော် သူနဲ့ စကားပြောချင်စိတ် မရှိတော့ပါဘူး၊ တရုတ်အပေါ် ကျွန်တော် တကယ် စိတ်ပျက်နေမိပါတယ်၊ လောလောဆယ် ဒါပဲ ပြောချင်ပါတယ်” ဟု ထရမ့်က Fox Business သတင်းဌာနကို ပြောသွားခဲ့သည်။

အမေရိကန်ဘက်က လက်တုန့်ပြန်မည့်လမ်းကို ရွေးချယ်သွားနိုင်သလား ဆိုသည့် မေးခွန်းကို ဖြေကြားရာတွင် ထရမ့်က တိတိကျကျ ပြောသွားခြင်း မရှိဘဲ “ကျွန်တော်တို့ လုပ်သွားနိုင်တဲ့ နည်းလမ်းတွေကတော့ အများကြီး ရှိပါတယ်၊ တစ်ခုကတော့ တရုတ်နဲ့ အလုံးစုံ ဆက်ဆံရေးကို ဖြတ်တောက်သွားနိုင်တာမျိုး ဖြစ်ပါတယ်” ဟု ပြောဆိုသွားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု၏ စစ်မှန်သည့် အတိုင်းအတာကို တရုတ်တို့ ဖုံးကွယ်ထားခဲ့သည် ဆိုပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်း သမ္မတ ထရမ့်က စွပ်စွဲထားခဲ့သေးသည်။

အဆိုပါ ဗိုင်းရပ်စ်သည် ယခုအခါ ကမ္ဘာတဝန်း ပျံ့နှံ့ကူးစက်နေပြီဖြစ်ပြီး လက်ရှိအချိန်အထိလူပေါင်း သုံးသိန်းကျော် အသက်ဆုံးရှုံးထားခဲ့ပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly