ပါရာဂွေးနိုင်ငံမှာ ထိန်းသိမ်းခံရတာ ရက်ပေါင်း ၇၀ ကြာသွားပြီဖြစ်တဲ့ ရော်နယ်လ်ဒင်ဟို

ပါရာဂွေးနိုင်ငံမှာ ထိန်းသိမ်းခံရတာ ရက်ပေါင်း ၇၀ ကြာသွားပြီဖြစ်တဲ့ ရော်နယ်လ်ဒင်ဟို
Photos: EPA

ရော်နယ်လ်ဒင်ဟိုရဲ့ ရှေ့နေတွေက ကမ္ဘာ့အကောင်းဆုံးကစားသမားဟောင်းဟာ ပတ်စ်ပို့စ်အတုကိုင်ဆောင်မှုနဲ့ ပါရာဂွေးနိုင်ငံမှာ နှစ်လကျော် ထိန်းသိမ်ခံရပြီးနောက် ဘရာဇီးလ်သားကို အိမ်ပြန်ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ရှေ့နေအဖွဲ့က "ရော်နယ်လ်ဒင်ဟိုနဲ့ သူ့အစ်ကိုကို ဘရာဇီးလ်ပြန်ခွင့်ပြုဖို့ တောင်းဆိုထားပြီး စုံစမ်းစစ်ဆေးရေးဘက်က ဒီအဆိုပြုချက်ကို ခွင့်ပြုပေးမယ်လို့ ကျနော်တို့ မျှော်လင့်နေပါတယ်။ ကျနော်တို့ လုပ်နိုင်တာကတော့ ဘာမှမရှိပါဘူး။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှုအဆုံးသတ်သွားဖို့အတွက် စောင့်ရုံပါပဲ။"လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောခဲ့ပါတယ်။

ဘာစီလိုနာ၊ အေစီမီလန်နဲ့ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်း ရော်နယ်လ်ဒင်ဟိုနဲ့ အစ်ကိုဖြစ်သူ ရောဘတ်ဒီ အက်စ်ဆီ မိုရီရာတို့ဟာ အပြစ်ရှိပါက ထောင်ဒဏ် ငါးနှစ်အထိ ကျခံရနိုင်ပါတယ်။

ညီအစ်ကိုနှစ်ယောက်ဟာ ပါရာဂွေးနိုင်ငံထဲ ဝင်ရောက်ရာမှာ ပတ်စ်ပို့စ်အတု လက်ဝယ်ကိုင်ဆောင်ထားတယ်လို့ စွပ်စွဲခံရပြီးနောက် တစ်လကျော် ထောင်ထဲမှာ နေခဲ့ရပါတယ်။

၂၀၀၅ ဘလွန်းဒီအောဆုရှင်နဲ့ သူ့အစ်ကိုဟာ ဒေါ်လာ ၁.၆ သန်းနဲ့ အာမခံ ရရှိခဲ့ပြီး ဧပြီ ၈ ရက်နေ့ကစပြီး ပါရာဂွေးမြို့တော် အဆန်စီယွန်က Palmaroga မှာ နေအိမ်အကျယ်ချုပ်ကျခံနေရပါတယ်။

အစိုးရရှေ့နေက အမှုကို စုံစမ်းစစ်ဆေးဖို့ ခြောက်လရှိပြီး ၎င်းတို့နဲ့ စပ်နွယ်တဲ့ ၁၈ ယောက်ကို ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပါတယ်။

"သူ (ရော်နယ်လ်ဒင်ဟို) အပြစ်ရှိတယ်လို့ ထင်ရှားတဲ့ သက်သေအထောက်အထားတစ်ခုမှ မရှိသေးပါဘူး။"လို့ ပါရာဂွေးဘောလုံးသမားများ အစည်းအရုံးဥက္ကဋ္ဌ ရိုဂျယ်လီယို ဒယ်လ်ဂါဒိုက အေအက်ဖ်ပီကို ပြောခဲ့ပါတယ်။

"သူက သက်တောင့်သက်သာရှိတဲ့ အကျဉ်းထောင်တစ်ခုမှာ ရှိတယ်ဆိုပေမယ့် အဲဒီလို ထိန်းသိမ်းထားကိုက တကယ့်ကို မမျှတပါဘူး။"လို့ ပါရာဂွေးလက်ရွေးစင်ဟောင်း ဒယ်လ်ဂါဒိုက ဖြည့်စွပ်ပြောဆိုခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required