ကိုရိုနာဗိုင်းရပ်စ်နှင့်ထိတွေ့ပါက မီးအချက်ပြမည့်နှာခေါင်းစည်း သိပ္ပံပညာရှင်များတီထွင်စမ်းသပ်

ကိုရိုနာဗိုင်းရပ်စ်နှင့်ထိတွေ့ပါက မီးအချက်ပြမည့်နှာခေါင်းစည်း သိပ္ပံပညာရှင်များတီထွင်စမ်းသပ်

မေ ၁၄

အမေရိကန်သုတေသီ Jim Collins သည် ကိုရိုနာဗိုင်းရပ်စ်ရောဂါမဖြစ်ပွားမီကတည်းက ကပ်ရောဂါများကို အထူးပြုလေ့လာနေသူတစ်ဦးဖြစ်သည်။ ၂၀၁၄ ခုနှစ်၌ Collins ၏ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် (MIT) မှ ဇီဝအင်ဂျင်နီယာဓာတ်ခွဲခန်းသည် စက္ကူအပိုင်းအစအပေါ်တွင် အေးခဲနည်းဖြင့် အီဘိုလာဗိုင်းရပ်စ်ကို စမ်းသပ်နိုင်သော အာရုံခံကိရိယာကို စတင်တီထွင်ခဲ့ကြသည်။ MIT နှင့် ဟားဗက်မှ သိပ္ပံပညာရှင်အဖွဲ့သည် ဇီကာဗိုင်း ရပ်စ်ကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နည်းပညာများလည်း တီထွင်ကြံဆခဲ့ကြပြီး ၎င်းတို့သုတေသနပြုချက်ကို ၂၀၁၆ ခုနှစ်၌ ပထမဆုံးထုတ်ပြန်ခဲ့ကြသည်။

Collins နှင့်အဖွဲ့သည်  ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည့်လူနာက အသက်ရှူခြင်း၊ ချောင်းဆိုးခြင်းနှင့် နှာချေလိုက်သည့်အချိန်တွင် အလင်းထုတ်လွှတ်အချက်ပြပေးနိုင်သော နှာခေါင်းစည်းကို တီထွင်လျက်ရှိသည်။ အဆိုပါနည်းပညာအောင်မြင်ခဲ့ပါက အပူချိန်စစ်ဆေးခြင်းကဲ့သို့ အခြားစစ်ဆေးသည့်နည်းလမ်းနှင့်ဆက်စပ်သော အားနည်းချက်များကို ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။

“ ကျွန်တော်တို့ရဲ့နည်းပညာနဲ့ လေဆိပ်တွေ၊ ရုံးနဲ့အိမ် အသွားအပြန်လုပ်တဲ့အခါတွေမှာ အသုံးပြုနိုင်ပါတယ်။ ဆေးရုံတွေမှာလည်း လူနာတွေ အထဲဝင်လာတဲ့အခါမျိုးနဲ့ စောင့်ဆိုင်းခန်းမှာစောင့်နေတဲ့အခါမျိုးတွေမှာ  ဒီနည်း သုံးပြီး စစ်ဆေးနိုင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က တံတွေးထဲမှာ ရှိ/ မရှိကိုလည်း အချက်ပြမီးစနစ်နဲ့သိနိုင်မှာပါ။ စမ်းသပ်မှုက အစောပိုင်းအဆင့်ပဲရှိသေးပေမယ့် ရလဒ်တွေက ကောင်းပါတယ်” ဟု Collins က Business Insider ကိုပြောသည်။ ဆရာဝန်များအနေဖြင့် ဓာတ်ခွဲနမူနာများကို ဓာတ်ခွဲခန်းပို့စရာမလိုဘဲ ပိုးရှိလူနာကို သိရှိရန် ချက်ချင်းအသုံးပြုနိုင်မည်ဖြစ်သည်။

Collins နှင့်အဖွဲ့သည် ပြီးခဲ့သည့်ရက်သတ္တပတ်များက တံတွေးနမူနာများထဲတွင် ကိုရိုနာဗိုင်းရပ်စ်ကို စမ်းသပ်နိုင်သော အာရုံခံကိရိယာ၏ စွမ်းရည်ကို စမ်းသပ်နေခဲ့ကြသည်။ သုတေသီများသည် အာရုံခံကိရိယာကို နှာခေါင်း စည်းအတွင်းမြှုပ်နှံမည်လား၊ သို့တည်းမဟုတ် ရောင်းတန်းနှာခေါင်းစည်းကိုပဲ တွဲချိတ်အသုံးပြုနိုင်မည့် ပုံစံပြုလုပ်ရမည်လား စသဖြင့် ဒီဇိုင်းအတွက် ငြင်းခုံစမ်းသပ်လျက်ရှိသည်။

Collins က တပ်ဆင်သည့်အဆင့်ရောက်သည့်အခါ တကယ်လက်တွေ့တွင် အာရုံခံနှာခေါင်းစည်းအလုပ်ဖြစ်/ မဖြစ် ဗိုင်းရပ်စ်ကူးစက်ခံထားရဖွယ်ရှိသည့် လူနာများနှင့် စမ်းသပ်သွားမည်ဟု ဆိုသည်။

၂၀၁၈ ခုနှစ်ကလည်း SARS၊ ဝက်သက်ရောဂါ၊ တုပ်ကွေးရောဂါ၊ အသည်းရောင်ရောဂါ စီ၊ အနောက်နိုင်းမြစ်ဗိုင်းရပ်စ်ပိုး (West Nile) နှင့် တခြားဗိုင်းရပ်စ်များကို စမ်းသပ်နိုင်သော အာရုံခံနည်းပညာများကို သက်သေ ပြခဲ့ပြီးဖြစ်သည်။

“ဈေးသက်သာတဲ့ စက္ကူအခြေခံစမ်းသပ်နည်းနဲ့ ကျွန်တော်တို့ အစပိုင်းမှာ လုပ်ခဲ့ကြတာပါ။ ပလတ်စတစ်၊ သလင်းနဲ့ အဝတ်စ စတဲ့ ပစ္စည်းတွေနဲ့လည်း စမ်းသပ်ပြနိုင်ပါတယ်” ဟု Collins က ဆိုသည်။

Collins ၏ အာရုံခံကိရိယာတွင် ဗိုင်းရပ်စ်နှင့်ဆက်စပ်သော DNA နှင့် RNA မျိုးဗီဇဆိုင်ရာပစ္စည်းများပါဝင်သည်။ lyophilizer ခေါ် စက်ကို အသုံးပြုပြီး မျိုးဗီဇပစ္စည်းများကို သတ်ပစ်ခြင်းမရှိဘဲ ပိတ်စပေါ်တွင် အေးခဲစေ မည်ဖြစ်သည်။ ၎င်းကို သာမန်အခန်းအပူချိန်တွင်  အရည်အသွေးမကျစေဘဲ လပေါင်းများစွာ ထားသိုနိုင်သည်။

အာရုံခံကိရိယာ သက်ဝင်နေစေရန် အရာနှစ်ခုလိုအပ်သည်။ ပထမတစ်ခုမှာ အစိုဓာတ်ဖြစ်ပြီး တံတွေး၊ သလိပ်ကဲ့သို့သော အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများမှတစ်ဆင့် ခန္ဓာကိုယ်က ထုတ်ပေးနိုင်သည်။ ဒုတိယတစ်ခုမှာ ဗိုင်းရပ်စ်၏ မျိုးဗီဇဖွဲ့စည်းပုံကို စမ်းသပ်နိုင်ရန် လိုအပ်သည်။

ဇန်နဝါရီလက ရှန်ဟိုင်းဓာတ်ခွဲခန်းမှ ကိုရိုနာဗိုင်းရပ်စ်၏ မျိုးဗီဇဖွဲ့စည်းပုံကို တွေ့ရှိခဲ့ပြီးဖြစ်သည်။ Collins က ၎င်း၏ကိရိယာများသည် ဗိုင်းရပ်စ်ကို ရှာဖွေတွေ့ရှိရန်အတွက် မျိုးဗီဇအစိတ်အပိုင်းကို အတည်ပြုနိုင်ရန်ပဲလို တော့သည်ဟု ဆိုသည်။ အတည်ပြုနိုင်ပါက တစ်နာရီမှ သုံးနာရီအတွင်း မီးအချက်ပြစနစ် အလုပ်လုပ်မည်ဖြစ်သည်။

ကိရိယာမှ ထုတ်လွှတ်လိုက်သော အချက်ပြမီးကို ပကတိမျက်စိဖြင့်မမြင်နိုင်သောကြောင့် ရောင်စဉ်တိုင်းကိရိယာ Fluorometer ကိုအသုံးပြုရမည်ဖြစ်သည်။ နှာခေါင်းစည်းကို စကန်ဖတ်ရန် တစ်ဒေါ်လာခန့်ကျသင့်သည့် လက်ကိုင် ရောင်စဉ်တိုင်းကိရိယာများကို သုံးနိုင်သည်ဟု  Collins က ပြောသည်။  

အာရုံခံကိရိယာများသည် သမားရိုးကျရောဂါရှာဖွေစမ်းသပ်မှုများထက် ဈေးသက်သာပြီး ပိုပိုမြန်ဆန်ကာ အနုစိတ်တိုင်းနိုင်သော ပုံစံဖြစ်ပေလိမ့်မည်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်စမ်းသပ်မှုများကို ၂၄ နာရီပတ်လုံး လုပ်နေကြရပြီး လူနာများမှာလည်း အဖြေသိရန် ရက်ပေါင်းများစွာစောင့်ဆိုင်းကြရသည်။ Collins တို့တီထွင်သည့် အာရုံခံကိရိယာများမှာ တိကျနိုင်စွမ်းမြင့်မားပြီး ဗိုင်းရပ်စ်အမျိုးအစားများစွာကို စမ်းသပ်နိုင်သည်။ ဇီကာဗိုင်းရပ်စ်ဖြစ်စဉ်ကလည်း အာဖရိကနှင့်အာရှမှ ဗိုင်းရပ်စ်နှစ်မျိုးနှင့် အမေရိကန်မှ တခြားဗိုင်းရပ်စ်တစ်မျိုးတို့ကို စမ်းသပ်ပေးနိုင်ခဲ့သည်။

အပူချိန်တာစစ်ဆေးမှုများသည် ရောဂါလက္ခဏာမပြသူ ၊ ပြသူနှင့် အဖျားမရှိဘဲ ရောဂါကူးစက်ခံနေရသူ အပါအဝင် ဗိုင်းရပ်စ်ကူးစက်ခံရမှုကို စစ်ဆေးရာတွင် လွဲချော်မှုများရှိနိုင်သည်။ အာရုံခံကိရိယာများက ရောဂါလက္ခဏာ ထက် ဗိုင်းရပ်စ်ကို အတည်ပြုစစ်ဆေးပေးနိုင်သည် ဟု Collins က မှတ်ယူထားသည်။

Collins က “ ကျွန်တော်တို့ဓာတ်ခွဲခန်းရဲ့ရည်ရွယ်ချက်က ပြည်သူတွေကို ဝေငှနိုင်ဖို့ နွေရာသီအကုန်လောက်မှာ နှာခေါင်းစည်းတွေကို စတင်ထုတ်လုပ်သွားမှာပါ။ သုတေသီအဖွဲ့က လူနည်းတော့ အခုအချိန်မှာ အချိန်နဲ့လုပ်နိုင် စွမ်းက အကန့်အသတ်ဖြစ်နေတာပါ။ အခက်အခဲ၊ အကန့်အသတ်တွေရှိနေတဲ့ကြားက တစ်ဖွဲ့လုံး တတ်နိုင်သလောက် ကြိုးကြိုးစားစား အလုပ်လုပ်ကြပါတယ်” ဟု ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly