ထိုင်းနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် မတွေ့

ထိုင်းနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအသစ် မတွေ့

မေ ၁၃

ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတောအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ်အသစ် မတွေ့ရှိခဲ့ကြောင်း အစိုးရ၏ ကိုဗစ်-၁၉ အခြေအနေ စီမံခန့်ခွဲရေးစင်တာမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ တာဝီးဆင် ဗီစာနူယိုသင်းက မေလ ၁၃ ရက်တွင် ထုတ်ပြန်ပြောကြားသွားခဲ့သည်။

ယင်းသည် နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စတင်ဖြစ်ပွားပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်စဉ်သစ် ကင်းစင်ခဲ့ခြင်းလည်း ဖြစ်သည်။

“ဒါက ကျွန်တော်တို့ နေ့စဉ် ကိုဗစ်-၁၉ သတင်းတွေ စတင်ထုတ်ပြန်ခဲ့ရပြီးနောက်ပိုင်း ဒါ ပထမဆုံးအကြိမ် ဗိုင်းရပ်စ်ကူးစက်သူအသစ် မတွေ့ရှိဘူးဆိုတာကို ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါက်တာ တာဝီးဆင်က ပြောသည်။

“ဒါက အကောင်းဆုံး ရလဒ်တစ်ခုပါ၊ ပြည်သူတွေရဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုကလည်း အဓိက ကျပါတယ်၊ ဒါပေမယ့် ဒီအပေါ်မှာ ကျေနပ်နေလို့ မရသေးပါဘူး၊ ကျွန်တော်တို့ ဆက်ပြီး နိုးနိုးကြားကြား ရှိဖို့ လိုပါတယ်” ဟု ၎င်းက သတိပေးသွားခဲ့သည်။

မေလ ၁၃ ရက်အထိ ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းသည် ၃,၀၁၇ ဦး ဖြစ်ပြီး သေဆုံးသူဦးရေသည် ၅၆ ဦးဖြစ်ကြောင်း သိရသည်။

ကမ္ဘာတဝန်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်းသည် ၄ ဒသမ ၃ သန်းကျော် ရှိနေပြီး သေဆုံးသူ ၂၉၂,၀၀၀ ခန့် ရှိနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly