ဆယ်စုနှစ်လေးခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယ၌ ကာဗွန်ထုတ်လွှတ်မှု ကျဆင်း

ဆယ်စုနှစ်လေးခုအတွင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယ၌ ကာဗွန်ထုတ်လွှတ်မှု ကျဆင်း

မေ ၁၃

နှစ်ပေါင်း ၄၀ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယနိုင်ငံတွင် ကာဗွန်ထုတ်လွှတ်မှုများ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါ ကျဆင်းမှုသည် ယင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားခြင်းကြောင့် လော့ခ်ဒေါင်းချမှတ်ခဲ့ရမှုနှင့် အဓိက သက်ဆိုင်နေသည်။ ထို့ပြင် ယခုနှစ် ၂၀၂၀ သည် ကမ္ဘာတစ်ဝန်း ကာဗွန်ထုတ်လွှတ်မှု အများဆုံး ကျဆင်းမည့် နှစ်တစ်နှစ် ဖြစ်လာရန် ရှိနေသည့် အလားအလာကို ယခု ဒေတာအချက်အလက်များက ထင်ဟပ်ပြသနေသည်။

စွမ်းအင်နှင့် လေကောင်းလေသန့် ဆိုင်ရာ သုတေသနစင်တာ (CREA) မှ သုတေသီများ မေလ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည့် အကဲဖြတ်လေ့လာချက်တစ်ရပ်အရ လျှပ်စစ်အသုံးပြုမှုပိုင်း လျော့ကျသွားမှုနှင့် လေစွမ်းအင်၊ နေစွမ်းအင် ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အရင်းအမြစ်များဆီက ယှဉ်ပြိုင်လာနိုင်မှုတို့က ယမန်နှစ်အတွင်း ရုပ်ကြွင်းလောင်စာ လိုအပ်ချက်ကို လျော့နည်းသွားစေခဲ့သည်ဟု ဖော်ပြထားသည်။

သို့သော် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ယင်းနိုင်ငံတွင် မမျှော်လင့်ဘဲ လော့ခ်ဒေါင်းချမှတ်ခဲ့ရမှုကြောင့် အိန္ဒိယနိုင်ငံ၏ ၃၇ နှစ်ကြာ ကာဗွန်ထုတ်လွှတ်မှုပိုင်း တိုးတက်နေခဲ့သည့် အလားအလာကို ပြောင်းပြန် ဖြစ်သွားစေခဲ့သည်။

၂၀၁၉ ခုနှစ် နှစ်စပိုင်းနောက်ပိုင်း အိန္ဒိယတွင် အပူစွမ်းအင်ထုတ်လုပ်မှုအတွက် (demand) လိုအပ်ချက် လျော့ကျသွားခြင်းကို မြင်တွေ့ထားခဲ့ရကြောင်း သုတေသီများက ပြောသည်။ သို့သော် ပြီးခဲ့သည့် မတ်လက လော့ခ်ဒေါင်းများ စတင်ချမှတ်ခဲ့ပြီးနောက် ကာဗွန်ထုတ်လွှတ်မှု တိုးတက်မှုသည် ဇီးရိုးအောက်သို့ ကျဆင်းသွားပြီး အဆိုပါ မတ်လတွင် ၁၅ ရာခိုင်နှုန်း ကျဆင်းကာ ဧပြီလတွင် ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ဖွယ် ရှိသည်။

ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာခဲ့သော စီးပွားရေး နှေးကွေးကျဆင်းမှုကြောင့်လည်း အိန္ဒိယ၏ လျှပ်စစ်အသုံးပြုမှုကို လျော့ကျစေခဲ့ပြီး ကျောက်မီးသွေး လိုအပ်ချက်ကိုပါ လျော့ကျစေခဲ့ကြောင်း သုတေသီများက ပြောသည်။ ကျောက်မီးသွေးသုံး ဓာတ်အားထုတ်လုပ်မှုသည် မတ်လက ၁၅ ရာခိုင်နှုန်း ကျဆင်းပြီး ဧပြီလ ပထမသုံးပတ်အတွင်း ၃၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရသည်။ အလားတူ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ထုတ်လုပ်မှုက မတ်လတွင် ၆ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ဧပြီလတွင် ၁ ဒသမ ၄ ရာခိုင်နှုန်းခန့်ဖြင့် အနည်းငယ် ကျဆင်းသွားခဲ့သည်။

ရေနံ သုံးစွဲမှုသည်လည်း ယမန်နှစ်နှင့်ယှဉ်ပါက မတ်လတွင် ၁၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ ဘဏ္ဍာနှစ်ကာလအတွင်း သုံးစွဲမှုက ၂ ရာခိုင်နှုန်းမျှသာ တိုးတက်ခဲ့သည့်အတွက် ယင်းက နှစ်ပေါင်း ၂၂ နှစ်တာအတွင်း အနှေးကွေးဆုံးတိုးတက်မှုဖြစ်သည်။ အဓိကအားဖြင့် လော့ခ်ဒေါင်းအစီအမံများကြောင့် သက်ဆိုင်နေသည်ဟု သုတေသီများက ပြောသည်။

ကျောက်မီးသွေး၊ ရေနံ နှင့် ဓာတ်ငွေ့ သုံးစွဲမှုဆိုင်ရာ ဒေတာအချက်အလက်များအပေါ် မူတည်ပြီး သုတေသီများ၏ ခန့်မှန်းတွက်ချက်မှုအရ ယင်းနိုင်ငံတွင် CO2 ထုတ်လွှတ်မှုများသည် မက်ထရစ် တန်ချိန် ၃၀ အထိ ကျဆင်းသွားသည်ဟု သိရသည်။ အိန္ဒိယနိုင်ငံ၌ ပြီးခဲ့သည့် ၁၉၇၀ ၊ ၁၉၇၄ ၊ ၁၉၈၀ နှင့် ၁၉၈၄ ခုနှစ်တို့တွင်လည်း အလားတူ ကျဆင်းမှုများကို မြင်တွေ့ထားခဲ့ရသော်ငြား အဆိုပါ ကျဆင်းမှုများက ယခုနှစ် ကျဆင်းမှုနှင့် ယှဉ်ပါက နည်းပါးနေသည်ဟု သိရသည်။

အိန္ဒိယအနေဖြင့် လော့ခ်ဒေါင်း ရုပ်သိမ်းပြီး ပြန်လည်ဖွင့်လှစ်မှုများ လုပ်ဆောင်ပြီးနောက်ပိုင်းကာလရောက်ချိန်တွင် ယခုကဲ့သို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တိုးတက်မှုများကို ဆက်လက် ထိန်းသိမ်းထားနိုင်မည်လား ဆိုသည်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

“အကျပ်အတည်းအပေါ် အစိုးရရဲ့ ကိုင်တွယ်တုန့်ပြန်ဆောင်ရွက်မှုေတွကပဲ အိန္ဒိယရဲ့ ကာဗွန်ထုတ်လွှတ်မှုတွေရဲ့ ရေရှည်အလားအလာနဲ့ပတ်သက်လို့ အတိုင်းအတာတစ်ခုအထိ ပုံဖော်ပေးသွားပါလိမ့်မယ်” ဟု သုတေသီများက ပြောသွားခဲ့သည်။

လော့ခ်ဒေါင်းချမှတ်ပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံရှိ နေရာဒေသအများအပြားတွင် သန့်ရှင်းပြီး ကြည်လင်သော အပြာရောင် ကောင်းကင်များကို တွေ့ကြုံခံစားရရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required