စစ်ရေယာဉ်ပေါ် ညှဉ်းပန်းနှိပ်စက်သည့် တပ်မတော်သားများကို အရေးယူမည်

စစ်ရေယာဉ်ပေါ် ညှဉ်းပန်းနှိပ်စက်သည့် တပ်မတော်သားများကို အရေးယူမည်

နေပြည်တော် ၊ မေ ၁၂

လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့နေသော လူငါးဦးကို ရိုက်နှက်စစ်ဆေးနေသည့် ဗီဒီယိုဖိုင်ပါ တပ်မတော်သားများကို စစ်စည်းကမ်းဥပဒေနှင့် အညီ အရေးယူသွားမည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မဇ္ဈိမကို ပြောသည်။

" ပုဏ္ဏကျွန်း ကျောက်ဆိပ်ကျေးရွာမှာ အေအေနဲ့ပါတ်သက်တဲ့ လူငါးဦးဖမ်းဆီးခဲ့တယ်။သူတို့ကို စစ်ဆေးမေးမြန်းခဲ့တယ်။စစ်ဆေးမေးမြန်းပြီးတော့ ဒီလူတွေကို တရားစွဲတင်နိုင်ရေးအတွက် စစ်တွေ ရဲစခန်းကို ပို့ဖို့ဆောင်ရွက်တယ်။ စစ်တွေကို ပို့တဲ့အခါမှာ စစ်ရေယာဉ်နဲ့ပို့ခဲ့တယ်။အဲ့ဗီဒီယိုဖိုင်မှာ တွေ့ရတာကတော့ စစ်ရေယာဉ်မှာ အစောင့်လိုက်ပါသွားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့ကို တရားဥပဒေနဲ့မညီတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ တရားဥပဒေနဲ့မညီတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စစ်စည်းကမ်းအရ အရေးယူသွားမှာ ဖြစ်ပါတယ်။ အရေးယူနိုင်ဖို့ ဆောင်ရွက်ထားပြီးလည်းဖြစ်ပါတယ်။"ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

အရေးယူခံရမည့် တပ်မတော်သား အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိဘဲ ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာတွင် တပ်မတော်မှ ဧပြီလ ၂၁ ရက်နေ့တွင် AA လက်နက်ကိုင်အဖွဲ့နှင့် ဆက်နွယ်သည်ဟုဆိုကာ ဒေသခံများကို ဖမ်းဆီးပြီး စစ်တွေမြို့မ ရဲစခန်းသို့ တပ်မတော်စစ်ရေယာဉ်နှင့် ပို့ဆောင်စဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုက်နှက်စစ်မေးနေသည့် ဗီဒီယိုဖိုင်တခု မေလဆန်းတွင် လူမှုကွန်ယက်ပေါ်ရောက်ရှိလာခြင်း ဖြစ်သည်။

"ဘယ်နှစ်ဦးရှိလဲဆိုတာတော့ မပြောနိုင်သေးဘူး။ အဲ့ဒီမှာ ပါသွားတဲ့ လုံခြုံရေးတပ်မတော်သားတွေ အကုန်ကိုတော့ ထိန်းသိမ်းထားပြီးဖြစ်တယ်။အကုန်လုံးကို ထိန်းသိမ်းထားပြီး အရေးယူရမယ့် သူကို ထပ်မံစစ်ဆေးနေတယ်။ စစ်စည်းကမ်းအရ အရေးယူသွားမယ်။" ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝတို့တွင် ရခိုင်တပ် အေအေနှင့် တပ်မတော်တို့ကြား တိုက်ပွဲ ခပ်စိပ်စိပ်ဖြစ်နေပြီး နှစ်ဖက်ကျဆုံးမှုများ ရှိကာ အရပ်သားသေဆုံးမှုများလည်း ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly