ဟုမ်းစတေးနှင့် ထောင်ကျခြင်း အနုပညာ - ၄

သန့်ဇော်(သန်လျင်)

ကြောင်ကလေးများနှင့်

ကျွန်တော်တို့ရဲ့ သတ္တလောကကြီးထဲမှာ သက်ရှိတွေဟာ မလွတ်မလပ်နေရတာကို ဘယ်လိုမှ မနှစ်သက်နိုင်ဘူး ဆိုတာ ကျွန်တော်တို့ ခု ဟုမ်းစတေးနေရတာနဲ့ကိုပဲ သိနေနိုင်ပါပြီ။ ဟုမ်းစတေးကလည်း အိမ်မှာမနေလို့မဖြစ် အသက်အန္တရယ်ကြောင့် နေနေရတယ်၊ မဖြစ်မနေ အပြင်ထွက်ရရင်တောင် နှားခေါင်းစည်း မတပ်မနေရ တပ်ရတော့ အသက်ရှူကျပ် မလွတ်မလပ်ဆိုတော့ သွားစရာရှိတာ မြန်မြန်သွား၊ မြန်မြန်လုပ်၊ မြန်မြန်ပြန်ဆိုတော့ အနည်းဆုံးတော့ စိတ်မသက်မသာဖြစ်ပြီး စိတ်ပင်ပန်းရတာပေါ့။

ကျွန်တော်တို့ ဟုမ်းစတေးနေရတာတွေကို သက်သာစေဖို့ဆိုတာ ဒီဖက်ခေတ်ကတော့ ကံကောင်းလေမလား၊ ဖုန်းပွတ်တာ၊ ဂိမ်းကစားတာ၊ ရုပ်ရှင်ကြည့်တာ စတဲ့ ဖျော်ဖြေရေးတွေရှိလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဟုမ်းစတေးက ရက်ရှည်နေလေတော့ ပြည်သူလူထုကြီးကို ကိုယ်ချင်းစာလို့ရပါတယ်။ အဲဒီထဲမှာ တိရစ္ဆာန် ချစ်သူတွေလည်း ပါမှာပေါ့။

ကျွန်တော် ထောင်ထဲမှာ ရေဒီယိုကိစ္စနဲ့ တိုက်ပိတ်ခံရလို့ ကြောင်လေးတွေ မွေးထားတဲ့အကြောင်း ကျန်ခဲ့တဲ့အပတ်က ရေးလိုက်တာ မှတ်မိကြဦးမယ်လို့ ထင်ပါတယ်။ ကျွန်တော့အခန်း လာနေတဲ့ကြောင်မကြီးက ကြောင်လေး ၄ ကောင် မွေးတယ်။ ရက်စွဲတော့မမှတ်မိတော့ပေမယ့် ကြာသပတေးနေ့ မွေးတာတော့ မှတ်မိတယ်။ ဘာလို့လည်းဆို ကျွန်တော်က ကြောင်တွေကို နာမည်ပေးတော့ သူတို့ရဲ့နေ့နံဖြစ်တဲ့ ကြာသပတေးနေ့ကို အစွဲပြုပြီး ပန်ပန်၊ ပီပီ၊ ပူပူနဲ့ ပေါ်ပေါ် ဆိုပြီး နံမည်ပေးလိုက်တာဆိုတော့ ။

ပြဿနာက ညဖက်ရောက်တော့ ထင်ထားတဲ့အတိုင်းပါပဲ ကြောင်မကြီးက တစ်နေ့လုံးအေးဆေးနေလာပြီး ညဖက်မှောင်တော့မှ သူ့ကလေးတစ်ကောင်ကို ကုတ်(ဂုတ်)ကနေ ကိုက်ချီပြီး နေရာပြောင်းဖို့ အခန်းထဲက ထွက်မယ် အလုပ်၊ ကျွန်တော်ကလည်း မပြောင်းစေချင်လို့ မအိပ်ဘဲ စောင့်နေ၊ အခန်းဝမှာ ပိတ်ပြီး သမီးနေရာပြန်သွားပေါ့၊ အခန်းထဲမှာပဲ နေပါပေါ့၊ မပြောင်းပါနဲ့ပေါ့၊ ဒီမှာပဲနေပါပေါ့၊ ဒီမှာက လုံခြုံတယ်ပေါ့၊ အမဲသားလည်းကျွေးမယ်ပေါ့ဆိုပြီး ကြောင်မကြီးကို ပြောရတာပေါ့။ ခဏခဏပြောရတာပေါ့။ အကြိမ်ရေ များများပြောရတာပေါ့။   ကြောင်ကလည်း စိတ်ညစ်မှာပဲ၊ ကျွန်တော့ကို အော်အော်ပြီးတော့ ဘာတွေပြောလဲတော့ မသိဘူး၊ ကျွန်တော်ကတော့ တစ်ညလုံး မအိပ်ဘဲနဲ့ သူက ပြောင်းမလို့ ကြောင်လေးတွေကို ကိုက်ချီလိုက်၊ ကျွန်တော်က မပြောင်းပါနဲ့ သမီးရယ်လို့ပြောပြီး မအိပ်ဘဲစောင့်နေတော့ ကြောင်မကြီးလည်း အဲဒီညက ဘယ်မှ ပြောင်းလို့မရဘဲဖြစ်သွားတာပေါ့။

အဲဒီလိုမျိုး သူက ပြောင်းမလို့ လုပ်လိုက် ၊ ကျွန်တော်က အခန်းဝကနေပိတ်ပြီး မပြောင်းပါနဲ့ ပြောလိုက် ၊ ကြာတော့ ကြောင်လည်း စိတ်ညစ်သွားပုံပဲရလား၊ ကျွန်တော့ စကားကို နားလည်ပဲသွားလားတော့မသိဘူး။ အဲဒီလိုနဲ့ ကျွန်တော်ကလည်း အခြားအလုပ်လည်းမရှိတော့ ၃ - ၄  ရက်လောက်ကို ကြောင်တွေကိုပဲ အာရုံစိုက် လိုက်တာ မွေးကာစ ကြောင်လေးတွေလည်းမျက်စိပွင့်တော့ ကြောင်မကြီးလည်း နေရာမပြောင်းတော့ဘူး။ ကျွန်တော့အခန်းထဲမှာလည်း ကြောင်ကလေးတွေနဲ့ ပွဲစည်တော့တာပေါ့၊ ထောင်ထဲမှာ အကျဉ်းကျပ်ခံ နေ နေရတာလည်း မေ့တေ့တေ့ပေါ့။

ကြောင်လေးတွေမွေးပြီး ၂ ပတ်အကြာ ထောင်ပိုင်တန်းစီတော့ ကျွန်တော်လည်းတိုက်ပိတ်ခံနေရတာ ၃ လ ကျော်ပြီဆိုတော့ ကျွန်တော်က ရှေ့က တံခါးတွေ ဖွင့်ပေးဖို့ ထောင်ဆေးရုံဝန်း(ဝင်း) ထဲမှာ အခြား အကျဉ်းသားတွေကို ထားသလိုထားဖို့ ထောင်ပိုင်ကိုပြောတာပေါ့၊ အဲဒီအခါ ထောင်ပိုင်က ကျွန်တော့ကို မျက်နှာကြောတင်းတင်းနဲ့ ကြည့်သွားပြီး ဘာမှလည်း ပြန်မပြောပါဘူး။ ထောင်ပိုင်တန်းစီပြီး ထမင်းကျွေးတဲ့ အချိန် ကျွန်တော့ဆီ အထက်မြန်မာပြည်က တခြားပုဒ်မနဲ့ ထောင်ချထားတဲ့ NLD အဖွဲ့ဝင် တစ်ယောက်က ဟိုလိုလို ဒီလိုလိုနဲ့ အနားလာပြီး ခင်ဗျားကို တိုက်ထဲပြန်ပို့လိမ့်မယ်၊ ပြင်ဆင်ထား ဆိုပြီး တိုးတိုးလေး လာပြောသွားတယ်။ သူကလည်း ကိုယ့်လူဆိုတော့ ပြောင်းဖို့ မသိမသာလေးပြင်ဆင်ရတော့တာပေါ့။

ကြောင်တွေကို ဘယ်လိုလုပ်မလဲ . . ၊ ကျွန်တော်က ထောင်ထဲမှာ နေလာတာလည်း ကြာပြီ၊ တိုက်ခန်းထဲ တစ်ယောက်တည်းနေရတာ ပျင်းစရာကြီးဆိုတော့ ကြောင်လေးတွေပါ ခေါ်သွားမယ်ပေါ့။ ပလပ်စတစ်ပုံးထဲ ကြောင်လေးတွေထည့်ပြီး ကြောင်မကြီးကို လက်နဲ့ပွေ့ပြီးခေါ်သွားမယ်ပေါ့၊ အကွာအဝေးက မီတာ ၃၀၀ လောက်ပဲ ဝေးတော့ ရနိုင်တယ်ဆိုပြီး၊ ပထမဆုံးသီအိုရီကို ထုတ်သုံးရတော့တာပေါ့ . . အဲဒါက ကြောင်မကြီးကို မကြာခဏစကားပြောပေးရတာပေါ့၊ သမီးရေ  မကြာခင် ဒီကနေ သူတော်ကောင်းတွေ နေတဲ့နေရာကိုပြောင်းမယ်၊ လမ်းမှာ ထွက်မပြေးနဲ့နော် ဟိုမှာ အစားအသောက်လည်းပေါတယ်၊ သမီးတို့ကို ဝိုင်းချစ်ကြမှာ ဆိုပြီး မပြောင်းခင် အကြိမ် ၂၀ လောက်ပြောရတယ်။ တိုက်တွေထဲမှာက နိုင်ငံရေးအကျဉ်းသားတွေချည်းဆိုတော့ သူတော်ကောင်း တွေလို့ ပြောတာပါ။ ကျန်တဲ့နေရာ အများစုကတော့ သူတို့ကို အခွင့်ရရင် ချက်စားကြမယ့် သူတွေကများတယ် လေ။

ကျနော့အစီအစဉ် အောင်မြင်တာပေါ့ဗျာ။ ကြောင်လေးတွေကို ပုံးထဲထည့်၊ ကြောင်မကြီးကို ချီပိုးသွား၊ လမ်းမှာလည်း သူ့ကို ချော့ရတာပေါ့၊ အေးဆေးပဲ။

နောက်အပတ်မှ ကြောင်လေးတွေကို ဘယ်လိုလေ့ကျင့် သင်ကြားပေးလည်းဆိုတာ ဟုမ်းစတေး အပျင်းပြေ ဆက်ရေးမယ်နော်။  ။

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly