လှိုင်သာယာမြို့နယ်ရှိလူဦးရေ၁၀သိန်းကျော်ကို COVID-19 ရောဂါလက္ခဏာရှိ၊မရှိ လိုက်လံစစ်ဆေးပေးမည်

လှိုင်သာယာမြို့နယ်ရှိလူဦးရေ၁၀သိန်းကျော်ကို COVID-19 ရောဂါလက္ခဏာရှိ၊မရှိ လိုက်လံစစ်ဆေးပေးမည်
ဓာတ်ပုံ - ထွန်းထွန်းဝင်း ( မဇ္ဈိမ )

ရန်ကုန်၊ မေ ၁၁

လှိုင်သာယာမြို့နယ်၌ နေထိုင်သူများနှင့် စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ကိုင်နေသူများအပါအဝင်လူဦးရေ ၁၀သိန်းကျော်ကို မေလ ၁၆ရက်နေ့တွင် တိုင်းကျန်းမာရေးအဖွဲ့နှင့်ပူးပေါင်းကာ  COVID-19ရောဂါလက္ခဏာ ရှိ၊ မရှိ လိုက်လံစစ်ဆေးပေးသွားမယ်လို့ လှိုင်သာယာမြို့နယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

အဆိုပါမြို့နယ်ရှိCOVID-19 ရောဂါပိုးတွေရှိခဲ့သည့် ချန်းရီဖိနပ်ချုပ်စက်ရုံ၊ အမှတ် ၁၀ရပ်ကွက်နှင့် ၆ရပ်ကွက်တို့ကို ပထမဆုံးဦးစားပေးအနေဖြင့် စစ်ဆေးသွားမည်ဟု၎င်းကဆိုသည်။

‘ စက်ရုံတွေပါစစ်ရမယ်ဆိုတော့ လူဦးရေကဆယ်သိန်းကျော် အဲ့ဒါကို ကျွန်တော်တို့ကဘယ်လောက် စစ်ရမယ်ဆိုတာရှိတာပေါ့ အဲ့ဒီထဲကမှအဓိကထိတွေ့ခဲ့တဲ့နေရာတွေကို ဦးစားပေးစစ်ရမှာပေါ့” ဟု ဦးမြတ်မင်းသူက ပြောသည်။

ထိုသို့စစ်ဆေးရာတွင် ဖျားနာခြင်း၊ကိုယ်အပူချိန်မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း နှင့် ဝမ်းပျက်ဝမ်းလျောဖြစ်မဖြစ် စသည့်အချက်အလက်ရှစ်ချက်ဖြင့် တစ်ဦးချင်းစီတိုက်ဆိုင် စစ်ဆေးသွားမည်ဟု သိရသည်။

လှိုင်သာယာတစ်မြို့နယ်လုံးကို မေလ ၁၆ရက်နေ့တွင် စတင်စစ်ဆေးနိုင်ရန် တိုင်းကျန်းမာရေးဘက်မှ အသေးစိတ်အစီအမံများ ရေးဆွဲနေပြီးလာရောက် လုပ်အားပေးမည့်သူများ၊ကျန်းမာရေးဝန်ထမ်းများနှင့် စစ်ဆေးနိုင်မည့် လူဦးရေလောက်ငှမှုရှိစေရန် စီစဉ်နေသည်ဟုဆိုသည်။

“အခုကတော့ အကြမ်းဖျင်းပဲပေါ့ သုံးနေရာရွေးထားတယ် ဒါပေမယ့်ဝန်ကြီးချုပ်ရဲ့ သဘောထားက တစ်မြို့လုံးကိုလုပ်ချင်တယ်ဆိုတော့ တိုင်းကျန်းမာရေးဘက်ကအစီအစဉ်ပြန်ဆွဲရတာပေါ့ အဲ့ဒီနေ့လူဦးရေ ဘယ်လောက်စစ်နိုင်မယ်ဆိုတာကရှိသေးတာကို လုပ်အားပေးတွေ၊ကျန်းမာရေးဝန်ထမ်းတွေ ဘယ်လောက်နဲ့စစ်မယ် အိမ်ထောင်စုဘယ်နှစုကို စစ်မယ်ဆိုတာအသေးစိတ်လုပ်နေပါတယ်”ဟု ဦးမြတ်မင်းသူက ပြောသည်။

လှိုင်သာယာမြို့နယ်တွင်ရပ်ကွက်၂၉ခုရှိပြီး ထိုရပ်ကွက်များတွင်နေထိုင်သူ ခုနှစ်သိန်းကျော်နှင့်စက်ရုံ၊ အလုပ်ရုံများတွင် လာရောက်လုပ်ကိုင်သူသုံးသိန်းကျော်ရှိရာ စုစုပေါင်းလူဦးရေ ၁၀သိန်းဝန်းကျင်စစ်ဆေးနိုင်ရန် လျာထားသည်။

မေလ ၆ရက်နေ့ကလည်း အင်းစိန်မြို့နယ်ရှိ ရောဂါပိုးတွေ့ရှိရာရပ်ကွက်လေးခုတွင်COVID-19 ရောဂါလက္ခဏာရှိ၊ မရှိကို လိုက်လံစစ်ဆေးပြီး ထူးခြားလက္ခဏာတွေ့ရှိရသူများကို Quarantine စင်တာများသို့ ပို့ဆောင်ပေးခဲ့သည်။

လှိုင်သာယာမြို့နယ်မှ COVID-19အတည်ပြုလူနာငါးဦးရှိခဲ့ပြီး ထိုငါးဦးစလုံးမှာလည်း ကျန်းမာရေးအခြေအနေ ပြန်လည်ကောင်းမွန်လာပြီဟု ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

လှိုင်သာယာမြို့နယ်သည်စက်ရုံလုပ်သားများပြားပြီးလူနေသိပ်သည်းသည့်အတွက် ရောဂါပိုကူးစက်မှုမရှိအောင်နဲ့ထိန်းချုပ်နိုင်အောင်ကြိုတင်ပြင်ဆင်မှုများစနစ်တကျပြုလုပ်ထားသင့်ကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly