ကိုရိုနာဗိုင်းရပ်စ်အတွက် ထိုင်ဝမ် ကူးစက်ရောဂါပညာရှင် ဒု-သမ္မတ Mr. Chen Chien-jen

ကိုရိုနာဗိုင်းရပ်စ်အတွက် ထိုင်ဝမ် ကူးစက်ရောဂါပညာရှင် ဒု-သမ္မတ Mr. Chen Chien-jen

မေ ၁၁

သိပ္ပံပညာရှင်များသည် ကိုရိုနာဗိုင်းရပ်စ်ကုသရေးနှင့်စပ်လျဉ်း၍ ထိုင်ဝမ် ဒုတိယသမ္မတဖြစ်သူ Chen Chien-jen ထံမှ အကြံဉာဏ်များ တောင်းယူကြရသည်။ ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများသည် ရေတပ်သင်္ဘော ပေါ်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဖြစ်ပွားကြောင်း သိရှိရချိန်တွင်လည်း Chen ဆီက လမ်းညွှန်ချက်များ တောင်းဆိုခဲ့ကြသည်။

Mr. Chen သည် တခြားကမ္ဘာ့ခေါင်းဆောင်များကဲ့သို့ပင် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်နေရပြီးကပ်ရောဂါအသွားအလာကို ခန့်မှန်းနေရသည်။ Chen သည် ဗိုင်ရပ်စ်ကူးစက်မှုနောက်ခြေရာခံလိုက်ခြင်း၊ ကာကွယ်ဆေးနှင့်ရောဂါစမ်းသပ်ပစ်စည်းများအတွက် တိုက်တွန်းနှိုးဆော်မှုများပြုလုပ်ခြင်းနှင့် ပြည်သူများကို လက်ဆေးရန် ညွှန်ကြားခြင်းများ လုပ်ဆောင်လျက်ရှိသည်။ Chen သည် ဂျွန်ဟော့ပ်ကင်းစ်တက္ကသိုလ်တွင် ကူးစက်ရောဂါပညာရပ်အကြောင်းလေ့လာခဲ့သူဖြစ်ပြီး ဗိုင်းရပ်စ်ဆိုင်ရာကျွမ်းကျင်ပညာရှင်တစ်ဦးလည်းဖြစ်သည်။

Chen သည် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုဆိုင်ရာ လမ်းကြောင်းကို စိစစ်လေ့လာရင်း ဗိုင်းရပ်စ်ကို ဖုံးကွယ်ရန်ကြိုးစားခဲ့သည့် တရုတ်ကိုလည်း ဝေဖန်ကာ ဒု-သမ္မတတာဝန်များကိုလည်း ပူးတွဲတာဝန်ထမ်းဆောင်နေသူဖြစ်သည်။

ကမ္ဘာတစ်လွှားတွင် ကျန်းမာရေးဆိုင်ရာကျွမ်းကျင်သူများနှင့် နိုင်ငံရေးခေါင်းဆောင်များသည် ဗိုင်းရပ်ပျံ့နှံ့မှုနှင့် လော့ဒေါင်း၏ ဆိုးကျိုးကောင်းကျိုးများကို အငြင်းပွားနေကြချိန်တွင် Chen သည် ဒု-သမ္မတတစ်ယောက် အနေဖြင့် အချက်အလက်အမှန်များဖြင့်သာ ၎င်း၏မူဝါဒများကို သတင်းပေးလျက်ရှိသည်။

“နိုင်ငံရေးကစားတာထက် သက်သေသာဓကတွေက ပိုအရေးပါပါတယ်” ဟု Chen က တိုင်ပေတွင်ပြုလုပ်သည့်တွေ့ဆုံမေးမြန်းခန်းတွင်ဖြေကြားခဲ့သည်။ Chen သည် ၎င်း၏ ဒု-သမ္မတသက်တမ်းကုန်ဆုံးဖို့ရာ နောက်ဆုံး ရက်သတ္တပတ်များထဲတွင် ရောက်ရှိနေပြီဖြစ်သည်။

မီးခိုးရောင်ဆံပင်ထူထူနှင့်သွားပေါ်အောင်ပြုံးတတ်သော အသက် ၆၈ နှစ်ရှိပြီဖြစ်သည့် Chen ကို ထိုင်ဝမ်က အစ်ကိုကြီးတစ်ယောက်သဖွယ်ချစ်ခင်ကြသည်။ ကမ္ဘာ့အနှံ့အပြားတွင် ကူးစက်ပျံ့နှံ့ခဲ့ချိန်တွင် ထိုင်ဝမ်အနေဖြင့် ကြီးကြီးမားမားကူးစက်ခံရခြင်းမရှိခဲ့ဘဲ သေဆုံးမှုလည်းနည်းပါးခဲ့ကာ ကိုရိုနာဗိုင်းရပ်စ်ရန်မှ ကာကွယ်ပေးနိုင်ခဲ့သည့်အတွက်  ပြည်သူအများက Chen ကို ချီးကျူးလျက်ရှိသည်။ ၂၀၀၃ ခုနှစ်ကဖြစ်ပွားခဲ့သည့် SARS ရောဂါတိုက်ဖျက်ချိန်တွင်လည်း Chen သည် ကျန်းမာရေးတာဝန်ရှိသူတစ်ယောက်အနေဖြင့် ထိုင်ဝမ်အား နောက်တစ်ဖန်ရောဂါမဖြစ်ပွားအောင် သီးသန့်ခွဲနေဆောင်များနှင့် ဗိုင်းရပ်စ်သုတေသနဓာတ်ခွဲခန်းများအပါအဝင် ကြိုတင်ပြင်ဆင်မှုများစွာ အင်တိုက်အားတိုက်လုပ်ခဲ့သည်။

ထိုင်ဝမ်သည် ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားစဉ်ကပင် အစောပိုင်းကြိုတင်ပြင်ဆင်မှုများစွာလုပ်ခဲ့ပြီး ယနေ့အချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၀၀ ခန့်နှင့် ၆ ဦးသာ သေဆုံးထားပြီး တခြားနိုင်ငံများထက် ရောဂါဒဏ်ခံရမှုနည်း ပါးသည်။

စင်ကာပူအမျိုးသားတက်ကသိုလ်မှ နိုင်ငံရေးသိပ်ပံတွဲဖက်ပါမောက်ခ  Chong Ja Ian က Mr. Chen သည် နိုင်ငံရေးအာဏာရှိသူနှင့် နည်းပညာကျွမ်းကျင်သူ တစ်ဦးဖြစ်ကြောင်း၊ ထိုင်ဝမ်အတွက် အကျိုးရှိကြောင်းနှင့် Chen ၏ ဆေးပညာဆိုင်ရာကျွမ်းကျင်မှုများအတွက် ယုံကြည်လေးစားကြကြောင်း ပြောခဲ့သည်။

ကမ္ဘာကြီးကို ကပ်ရောဂါမှ နာလန်ပြန်ထူရန်နှင့် စီးပွားရေးဖွံ့ဖြိုးမှုပြန်စတင်ရာတွင်ကူညီနိုင်ရန် ယခုအခါ Chen  သည် အရေးပါသည့်ကဏ္ဍမှပါဝင်ဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။ Chen သည် ကိုရိုနာဗိုင်းရပ်စ်ကာ ကွယ်ဆေးထုတ်လုပ်ရန်နှင့် စမ်းသပ်ကိရိယာပစ္စည်းများထုတ်လုပ်ရန် ကြီးကြပ်နေရသည်။ “တခြားနိုင်ငံတွေ ဒုက္ခရောက်နေတာ ထိုင်ဝမ်က လက်ပိုက်ကြည့်မနေနိုင်ဘူး” ဟု Chen က ပြောသည်။ Chen သည် သမ္မတဆိုင်အင်ဝမ် ဦးဆောင်သော လက်ရှိအာဏာရပါတီ တွင်တာဝန်ထမ်းဆောင်ရန်ပင် ငြင်းဆိုခဲ့ပြီး နိုင်ငံရေးတိုက်ခိုက်မှုများ၏ပြင်ပသို့ ထွက်ခွါခဲ့သည်။

“Chen က ပညာရှင်တစ်ယောက်ပါ။ သူက အာဏာကစားပွဲတွေကို သိပ်အလေးထားတာမဟုတ်ဘူး။ သူက ဘက်မလိုက်တဲ့အတွက် လူကြိုက်များတယ်” ဟု Chen ၏အတန်းတွင် ၁၉၉၀ ကျော်ခုနှစ်များက ကူးစက်ရောဂါ ဗေဒကျောင်းသားအဖြစ် တက်ရောက်လေ့လာခဲ့သူ ဒု-ဝန်ကြီးချုပ် Chen Chi-mai ကပြောသည်။ သမ္မတက ထိုင်ဝမ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွင် ပါဝင်နိုင်ရေးအပါအဝင် ကမ္ဘာ့အဆင့်အသိအမှတ်ပြုရေးအတွက်  မဲဆွယ် ရေးဆောင်ရွက်ရာတွင် Chen အား ဦးဆောင်ဦးရွက်ပြုခိုင်းထားသည်။

ထိုင်ဝမ်က ကိုရိုနာဗိုင်းရပ်စ်သည် လူအချင်းချင်းကူးစက်ကြောင်း ဒီဇင်ဘာလနှောင်းပိုင်းက WHO ကို သတိပေးရန်ကြိုးစားခဲ့သော်လည်း လျစ်လျူရှုခံခဲ့ရပြီး WHO က သတိပေးချက်တစ်စုံတစ်ရာ မထုတ်ပြန်ခဲ့ပေ။

Chen က WHO တွင် ထိုင်ဝမ်ပါဝင်ခွင့်မရအောင်တရုတ်၏ကြိုးပမ်းအားထုတ်မှုများကို ရှုတ်ချခဲ့ပြီး ထိုင်ဝမ်၏ရောဂါထိန်းချုပ်ပုံကို အတူယူကြရန် ကမ္ဘာ့နိုင်ငံများကို တိုက်တွန်းခဲ့သည်။ ထိုင်ဝမ်သည် တရုတ်လက်အောက် မှလွတ်မြောက်နိုင်ရန် ကပ်ရောဂါကို အသုံးချနေသည်ဟု တရုတ်ပြည်မကြီးက စွပ်စွဲပြောဆိုခဲ့ကြကာ  Chen ကို မကြာခဏပြစ်မှတ်ထား တိုက်ခိုက်ဝေဖန်ခဲ့ကြသည်။

ဆင်ဟွာသင်းဌာနဆောင်းပါးတစ်ခုတွင် Chen သည် ပညာရှင်ဆန်ဆန် ဝတ်စားနေသော်လည်း သိပ္ပံဆိုင်ရာတိကျချက်များနှင့်ပတ်သက်၍ လမ်းလွဲနေကြောင်း၊ အဓိပ္ပါယ်မဲ့ပြောဆိုကြောင်းနှင့် ကောလာဟလများ လုပ်ကြံ ပြောဆိုနေကြောင်း၊ ထိုအချက်သည် ကြောက်စရာကောင်းကြောင်း ရေးသားခဲ့သည်။ ထိုသို့ဝေဖန်မှုနှင့်ပတ်သက်ပြီး Chen က တရုတ်အား နိုင်ငံရေးထက် COVID-19 အရေးကိုသာ ပိုမိုအာရုံစိုက်ရန် ပြောဆိုခဲ့သည်။

Chen သည် အာဏာရနိုင်ငံ့ခေါင်းဆောင်တစ်ဦး၏သားဖြစ်ပြီး ငယ်စဉ်ကတည်းက နိုင်ငံရေးနှင့်စိမ်းသူမဟုတ်ပေ။ “နိုင်ငံရေးဆိုတာ သေတဲ့အထိ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်သွားဖို့ မဟုတ်ဘူးဆိုတာ ကျွန်တော့် အဖေဆီကနေ လေ့လာသင်ယူခဲ့ရတယ်။ ရန်စောင်အငြင်းပွားတဲ့အခြေအနေမှာပဲ သောင်တင်နေမယ်ဆိုရင် အချင်းချင်း အမြဲတမ်း အပြစ်ရှာနေကြတော့မှာ” ဟု Chen က ထိုင်ဝမ်သတင်းဌာန Central News Agency နှင့် ၂၀၁၆ခုနှစ်က တွေ့ဆုံမေးမြန်းခန်းတွင် ပြောခဲ့သည်။

Chen သည် ၁၉၈၂ ခုနှစ်တွင် Johns Hopkins University မှ ကူးစက်ရောဂါပြန့်ပွားခြင်း၊ ကာကွယ်ခြင်း နှင့်လူသားမျိုးရိုးဗီဇဆိုင်ရာပညာရပ်တွင် ပါရဂူဘွဲ့ရရှိခဲ့သည်။ အသဲရောင်ရောဂါ B နှင့် အဆိပ်ဆိုင်ရာရောဂါ များတွင် လုပ်ပိုင်ခွင့်အာဏာရလာခဲ့သည်။

၂၀၀၃ ခုနှစ် SARS ရောဂါဖြစ်ပွားစဉ်က ထိုင်ဝမ်တွင် လူ ၆၇၁ ဦးကူးစက်ခံရပြီး ၈၄ ဦးသေဆုံးခဲ့သည်။ ထိုစဉ်က Chen သည် ကျန်းမာရေးဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုင်ဝမ်အစိုးရသည် ဘေးအန္တရာယ်စီမံ ရေးစင်တာများ၊ ကာကွယ်ရေးပစ္စည်းများတိုးမြှင့်ထုတ်လုပ်ခြင်းနှင့် ကူးစက်ရောဂါဆိုင်ရာဥပဒေများပြင်ဆင်ရေးဆွဲခြင်း အစရှိသည့်စီမံချက်များလုပ်ဆောင်ခဲ့ပြီး Chen က နောက်ထပ်ကူးစက်ရောဂါဖြစ်ပွားမှုကို ကြိုတင် ကာကွယ်နိုင်ရန် ဦးဆောင်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် ဆိုင်အင်ဝမ်သမ္မတအဖြစ်ရွေးကောက်ပွဲဝင်ချိန်တွင် Chen က ဒု-သမ္မတလောင်းအဖြစ် အားဖြည့်ကူညီခဲ့သည်။ Chen သည်  ဒု-သမ္မတအဖြစ်တာဝန်ထမ်းဆောင်စဉ် စိန်ခေါ်မှုများစွာ ရင်ဆိုင်ခဲ့ရသည်။ ပင်စင်ဥပဒေပြုပြင်ရေးကို ကိုင်တွယ်ဆောင်ရွက်ခဲ့ပြီး ဆန္ဒပြမှုများနှင့် ကြုံတွေ့ခဲ့ရသည်။ Chen သည် ကက်သလစ်ဘာသာဝင်တစ်ဦးဖြစ်ပြီး ဒု-သမ္မတအနေဖြင့် ဗာတီကန်သို့ သုံးကြိမ်သွားရောက်ခဲ့မှုကို တရုတ်က မကျေမနပ်ဖြစ်ခဲ့ပြီး ထိုင်ဝမ်နှင့်သံတမန်ဆက်ဆံရေးဖြတ်ရန် ဗာတီကန်ကို တိုက်တွန်းခဲ့သည်။ Chen သည် လိင်တူထိမ်းမြားရေးကို ထောက်ခံသူဖြစ်ပြီး မနှစ်က အဆိုပါဥပဒေသည် ထိုင်ဝမ်တွင် တရားဝင်ဖြစ်ခဲ့သည်။

တိုင်ပေနှင့် မိုင် ၆၀၀ ခန့်ဝေးသော ဝူဟန်တွင် ဗိုင်းရပ်စ်ရောဂါစတင်ဖြစ်ပွားကတည်းက ကပ်ရောဂါအတွက်စိုးရိမ်ပြီး ရုတ်ချည်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့သည်။  Chen က ရောဂါစမ်းသပ်မှုများ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးများထုတ်လုပ်နိုင်ရန်  ကြိုးပမ်းသွားမည်ဟု ပြောသည်။ တရုတ်ပြည်မကြီးမှပြန်လာသူများကို ကျန်းမာရေးစစ်ဆေးရန်နှင့် ရောဂါလက္ခဏာရှိသူများကို သီးခြားထားရန် အမိန့်ထုတ်ခဲ့သည်။ ဇန်နဝါရီ ၂၁ ရက်တွင် ထိုင်ဝမ်၌ ကူးစက်ရောဂါဖြစ်ပွားမှု ပထမဆုံး တွေ့ရှိပြီးနောက် အစိုးရက နှာခေါင်းစည်းများကို ခွဲတမ်းဖြင့် ဝေငှခဲ့သည်။

Chen သည် မေလ ၂၀ ရက်တွင် ဒု-သမ္မတတာဝန်ပြီးဆုံးတော့မည်ဖြစ်သည်။ Chen သည် ဆေးပညာဘက်ပြန်ဦးလှည့်ရန် စီစဉ်ထားပြီး ကိုရိုနာဗိုင်းရပ်စ်ကို အဓိကထား သုတေသနပြုသွားမည်ဟု ဆိုသည်။ ထိုင်ဝမ်တွင် ဘုရားကျောင်းများ၌ လူစုလူဝေးဖြင့် ဝတ်ပြုခြင်းတားမြစ်ထားသည်။ Chen သည် မနက်တိုင်း ၇ နာရီဝန်းကျင်တွင် ဘုရားကျောင်းသို့သွားလေ့ရှိသည်။

  “ပြောင်းလဲနိုင်တဲ့အရာတွေကို ပြောင်းလဲဖို့အစွမ်းသတ္တိပေးသနားဖို့ ကျွန်တော်ဆုတောင်းပါတယ်။ မပြောင်းလဲနိုင်တဲ့အရာတွေကိုတော့ လက်ခံကြရမှာပေါ့” ဟု Chen ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly