အမေရိကန်၌ COVID-19 ကူးစက်ခံရသူ ၁ ၃၀၀ ၀၀၀ ကျော်နှင့် သေဆုံးသူ ၈၀ ၀၀၀ နီးပါးရှိလာ

အမေရိကန်၌ COVID-19 ကူးစက်ခံရသူ ၁ ၃၀၀ ၀၀၀ ကျော်နှင့် သေဆုံးသူ ၈၀ ၀၀၀ နီးပါးရှိလာ

မေ ၁၁

အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးဗဟိုဌာန (CDC) ၏ တနင်္ဂနွေနေ့ထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုတွင် ကိုရိုနာဗိုင်းရပ်စ်ထပ်မံကူးစက်ခံရသူ ၂၆ ၆၆၀ ဦးနှင့် သေဆုံးသူ ၁၇၃၇ ဦး ရှိခဲ့သောကြောင့်  စုစုပေါင်း ကူးစက်ခံရသူဦးရေ ၁ ၃၀၀ ၆၉၆ ဦး နှင့် သေဆုံးသူ ၇၈ ၇၇၁ ဦး ရှိသွားပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စုပြည်နယ်အချို့မှာ ကန့်သတ်ပိတ်ဆို့မှုများဖြေလျှော့ရန် ဆန္ဒပြတောင်းဆိုမှုများရှိနေသောကြောင့် သေဆုံးသူအရေအတွက် ထပ်မံများပြားလာဖွယ်ရှိသည်ဟုဆိုသည်။

University of Washington Health Metrics and Evaluation က ဩဂုတ်လ၌ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၁၃၇ ၀၀၀ ရှိမည်ဟု မေလ ၄ ရက်က ခန့်မှန်းထားခဲ့ပြီး ယခုအခါ ထိုခန့်မှန်းချက်ထက် အရေအတွက် ၃၀၀၀ အထက်ပိုနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။  

ထိုတက္ကသိုလ်မှ ဒါရိုက်တာ Christopher Murry က “ အကြောင်းရင်းကတော့ ရှင်းပါတယ်။ လူတွေက သွားလာနေကြတော့ ရောဂါကူးစက်ပျံ့နှံ့မှုတွေ ပိုဖြစ်လာတာပါ။ တချို့ပြည်နယ်တွေမှာဆို သွားလာမှုတွေ ၂၀ ရာခိုင်နှုန်းလောက် မြင့်တက်လာတယ်။ ဒါကြောင့် လူတွေထိတွေ့မှုများပြီး ပိုပိုကူးစက်လာတာပါ။ နယူးယောက်နဲ့ နယူးဂျာစီပြည်နယ်တို့မှာဆိုရင် သေဆုံးသူအရေအတွက်က မှန်းထားတာထက် ပိုနည်းလာတာ ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် အီလီနွိုက်၊ အရီဇိုးနား၊ ဖလော်ရီဒါနဲ့ ကယ်လီဖိုးနီးယားပြည်နယ်တို့မှာဆိုရင်တော့ ကူးစက်သူနဲ့ သေဆုံးသူ ပိုများလာတာတွေ့ရပါတယ်။  ပြည်နယ်အများအပြားမှာ သွားလာမှုတွေမြင့်တက်နေဦးမယ်ဆိုရင်တော့ ၁၀ ရက်အတွင်း သေဆုံးမှုတွေ ရောဂါကူးစက်ခံရမှုတွေ ပိုမိုများပြားလာဦးမှာပါ” ဟု ပြောသည်။

မွန်တားနား၊ မြောက်ဒါကိုတာ၊ တောင်ဒါကိုတာ၊ မီနီဆိုးတားနှင့် ဂျော်ဂျီယာပြည်နယ်များမှာလည်း ကန့်သတ်ပိတ်ဆို့မှုများ ဖြေလျှော့ပြီးကတည်းက သွားလာလှုပ်ရှားမှုများ များပြားလာသောကြောင့် ရောဂါကူးစက်ခံရမှုအရေအတွက် ပိုမိုမြင့်တက်လာဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required