အင်းစိန်ရှိ ရပ်ကွက်လေးခုမှ ထူးခြားလက္ခဏာရှိသူ၁၄ဦး ဓာတ်ခွဲစစ်ချက် Negative အဖြေထွက်

အင်းစိန်ရှိ ရပ်ကွက်လေးခုမှ ထူးခြားလက္ခဏာရှိသူ၁၄ဦး ဓာတ်ခွဲစစ်ချက် Negative အဖြေထွက်

ရန်ကုန်၊ မေ ၁၀

COVID-19 ရောဂါပိုးတွေ့ရှိသူ အများဆုံးဖြစ်သည့် အင်းစိန်မြို့နယ်ရှိ ရပ်ကွက်လေးခုမှ ထူခြားလက္ခဏာရှိသူ ၁၄ဦးကို ဓာတ်ခွဲစစ်ဆေးရာ ရောဂါပိုး မတွေ့ရှိရကြောင်း အဖြေထွက်ခဲ့တယ်လို့ အင်းစိန်မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ပြောသည်။

အင်းစိန်မြို့နယ်သည်ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါဖြစ်ပွားသူ ၄၃ ဦးအထိရှိသည့် ဖြစ်ပွားသူအမြင့်ဆုံးမြို့နယ်ဖြစ်သည်။

ထို့ကြောင့်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အုပ်ချုပ်ရေးတာဝန်ရှိသူများသည် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့်ဆောင်ရွက်နေကြမှုများ ထဲတွင်ယခုလိုရပ်ကွက်အလိုက် ကျန်းမာရေးစစ်ဆေးမှုများလည်းပါဝင်သည်။

ဦးဝေဖြိုးဟန်က“ရပ်ကွက်ထဲမှာ ချောင်းဆိုးလား၊ ဖျားလား၊ ကိုယ်ပူသလား၊ လည်ချောင်းနာလား ဒါမျိုးတွေ Checklistနဲ့ လိုက်ပြီး စစ်ဆေးပေးတာပေါ့ အပူချိန်လိုက်တိုင်းပေးတယ် အဲ့မှာ စစ်တဲ့အခါ ထူးခြားလက္ခဏာရှိသူ တချို့ကို ကွာလတင်းစင်တာပို့တယ်  ကုသမှုလိုအပ်တဲ့သူကို အင်းစိန်ဆေးရုံပို့တယ် အဲ့လိုပို့ထားတဲ့လူတွေကို Swabယူပြီး စစ်လိုက်တာ Negative ထွက်တာပေါ့”ဟုဆိုသည်။

 စစ်ဆေးသည့်အချက်များ(Checklist)တွင်အချက်ရှစ်ချက်ပါဝင်ပြီးထူးခြားလက္ခဏာအဖြစ်ကိုယ်အပူချိန်မြင့်မားခြင်း၊ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်းနှင့်ဝမ်းပျက်ဝမ်းလျောဖြစ်မဖြစ်တို့ကိုအဓိကထားစစ်ဆေးခဲ့ကြသည်။

ကြို့ကုန်း အရှေ့ရပ်ကွက်၊ အနောက်ရပ်ကွက်၊ တောင်သူကုန်း ရပ်ကွက်၊ ရွာမ အရှေ့ရပ်ကွက်ရှိ အိမ်ခြေ တစ်သောင်းကျော် နေထိုင်သူ လေးသောင်းကျော်ကို ကျန်းမာရေးဝန်ထမ်းများက မေလ ၆ရက်နေ့တွင်လိုက်လံစစ်ဆေး ကြရာကိုယ်အပူချိန်မြင့်မားသူ၊ ထူးခြားလက္ခဏာတွေ့ရှိသူ ၁၄ဦးအနက် ၁၁ဦးကို စောင့်ကြည့်ရေးစင်တာ သို့ပို့ကာ သုံးဦးကိုအင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

 အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့သူ သုံးဦးအနက် နှစ်ဦးမှာ သာမန်ဖျားနာခြင်း ဖြစ်သောကြောင့် ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ကျန်တစ်ဦးမှာလည်း ပိုးမတွေရှိရကြောင်း ဦးဝေဖြိုးဟန်က ဆိုသည်။

 အင်းစိန်မြို့နယ်ရှိ ရောဂါပိုးတွေ့ရှိသူ ၄၃ဦး၊အနက်ပြန်လည်ကောင်းမွန်လာသူ ၁၀ဦး ရှိကြောင်း မေလ ၉ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

အင်းစိန်မြို့နယ်အတွင်း ရောဂါ ဖြစ်ပွားမှု အများစုသည် ရှစ်မိုင်တွင်ပြုလုပ်ခဲ့သောဘာသာရေးပွဲတက်ရောက်သူမှတဆင့်ကူးစက်သူ နှင့်ပြည်ပမှပြန်လာသူများမှတဆင့်၎င်းတို့မိသားစုတွေကိုကူးစက်ခဲ့ကြခြင်းဖြစ်သည်။

 အင်းစိန်မြို့နယ်တွင် ရပ်ကွက်စုစုပေါင်း ၁၂ခုရှိရာ ထိုရပ်ကွက်များအနက် ရောဂါပိုး ကူးစက်ခံထားရသော ရပ်ကွက်မှာ ကိုးခုရှိပြီး ထိုရပ်ကွက်များကို အသွားအလာကန့်သတ်မှုများ ပြုလုပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly