အခြေခံပညာကျောင်းများ ဇွန်လတွင် ဖွင့်လှစ်နိုင်ခြေ နည်းပါးဟုဆို

အခြေခံပညာကျောင်းများ ဇွန်လတွင် ဖွင့်လှစ်နိုင်ခြေ နည်းပါးဟုဆို
ပုံ- ကျောင်းသူ/သား ကလေးငယ်များကိုတွေ့ရစဉ်(ပုံ-သူရ မဇ္ဈိမ)

ရန်ကုန်၊မေ ၉

လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွား ပျံ့နှံ့နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်အတွက် အခြေခံ ပညာကျောင်းများ ဇွန်လတွင် ပြန်လည် ဖွင့်လှစ်နိုင်ရန် အလားအလာနည်းပါသည်ဟု အခြေခံပညာဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

ကိုဗစ်-၁၉ ဖြစ်ပွားနေခြင်းကြောင့် မြန်မာနိုင်ငံတွင် လူစုလူဝေးများ ရှောင်မပြုလုပ်ကြရန်နှင့် လူစုလူဝေးများ ဖြစ်စေသည့် သင်တန်းများ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ၊ စာသင်ကျောင်းများ စသည်တို့ကို မေလ ၁၅ ရက်ထိ ပိတ်ထားရန် အစိုးရက ညွန်ကြားစာများ ထုတ်ပြန်ထားသည်။

ထို့ကြောင့် အခြေခံပညာကျောင်းများ ဇွန်လတွင် ဖွင့်လှစ်ရန်မှာ အလားအလာနည်းပါကြောင်း၊ ရောဂါ ထိန်းချုပ်ရေး အခြေ အနေမှာလည်း အားနည်းနေသေးသည့်အတွက် ကျောင်းများ ဖွင့်လှစ်ရန် မဖြစ်နိုင်သေးကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

 “COVID-19 အခြေအနေပေါ်မှာ မူတည်ပြီးတော့ နိုင်ငံတော်ဗဟိုအဆင့် အမျိုးသားကာကွယ်ထိန်းချုပ်ရေးဦးစီး ကော်မတီ ကနေ ညွှန်ကြားချက် ရပြီဆိုမှ ဝန်ကြီးဌာနကနေ ပြန်ပြီး ညွှန်ကြားစာ ထုတ်မယ်။ အဲဒီအခါကျမှ ကျောင်းတွေ ဖွင့်လို့ရပါပြီ ဆိုမှ ဖွင့်ရမယ့် သဘောရှိတယ်။ ဇွန်လမှာ ဖွင့်နိုင်ဖို့ဆိုတာကတော့ အလားအလာတော့ နည်းပါတယ်။ ဒီရောဂါ ထိန်းချုပ် နိုင်ခြင်းလည်း မရှိသေးဘူး။ ရောဂါထိန်းချုပ်နိုင်လို့ ဖွင့်လို့ရပါပြီ ဆိုရင်တောင် မဖွင့်ခင်မှာ ကြိုတင်လုပ် ရမယ့်အလုပ်တွေ အများကြီးရှိတယ်”ဟု ၎င်းက ပြောသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်သူများ ထားသည့် စာသင်ကျောင်းများ ပိုးသတ်ဆေးဖြန်းခြင်း၊ သန့်ရှင်းရေး လုပ်ခြင်း၊ ကလေးငယ်များ ကျောင်းအပ် လက်ခံခြင်း၊ အတန်းကူးပြောင်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရှိနေခြင်း၊ အောင်စာရင်းများ ထုတ်ပေးရန် ကျန်ရှိနေခြင်း၊ အောင်စာရင်း ထုတ်နိုင်ရေး စာစစ်လုပ်ငန်းများ ဆောင်ရွက်ရန် ရှိနေခြင်း စသည့် အခြေအနေများကြောင့်လည်း ကိုဗစ်-၁၉ ထိန်းချုပ်နိုင်ပါကလည်း ဇွန်လတွင် ကျောင်းဖွင့်ရန် အလားအလာ နည်း ပါးသည်ဟု ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

ပုံ -    ကျောင်းသူ/သားများနှင့် ဆရာမများကိုတွေ့ရစဉ်(ပုံ-သူရ မဇ္ဈိမ)

လက်ရှိတွင်လည်း လာမည့် ပညာသင်နှစ်တွင် သင်ရိုးသစ်ဖြင့် သင်ကြားရန် ရှိနေပြီး သင်ရိုးသစ်ဖြင့် သင်ကြားရမည့် စတုတ္ထတန်း၊ သတ္တမတန်း၊ ဒသမတန်းတို့အတွက် သင်ကြားပေးမည့် ဆရာ/ဆရာမများအား သင်တန်းများပေးရန် စီစဉ် ထားခြင်းကိုလည်း ရပ်ဆိုင်းထားရကြောင်း၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ၏ အဖြေလွှာစစ်ဆေးခြင်း များ လည်း ရပ်ဆိုင်းထားရကြောင်း ပညာရေးဝန်ထမ်းများက ပြောသည်။

မူလတန်းပြ ဆရာမ တစ်ဦးက “ ကျောင်းတွေဖွင့်ဖို့ကတော့ မဖြစ်နိုင် လောက်သေးပါဘူး၊ ရောဂါကင်းစင်ပြီး သေချာမှ ဖွင့်မှရမှာပါ။ ဒါမှ ကျောင်းသား ကျောင်းသူတွေရဲ့ ကျန်းမာရေးက အာမခံချက် ရမှာဖြစ်ပါတယ်။ ကူးစက်မှု မထိန်းချုပ် နိုင်သေးသရွေ့ မဖွင့်တာက ပိုကောင်းမယ် ထင်ပါတယ်”ဟု ပြောသည်။

လတ်တလောတွင် တက္ကသိုလ်ကျောင်းများကိုလည်း ယာယီ ပိတ်ထားရပြီး တက္ကသိုလ်တချို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများနှင့် ဆက်စပ်သူများကို စောင့်ကြည့် စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ခြေ နည်းပါးနေသော်လည်း အိမ်မှာနေထိုင်နေကြရသော ကလေးငယ်များ၏ ပညာ သင်ကြားရေးကို အွန်လိုင်းကနေ ဆောင်ရွက်သည့် နည်းစနစ်များကို တချို့က ဖော်ဆောင်နေကြောင်း တွေ့ရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မေလ ၈ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၇၇ ဦးရှိပြီး သေဆုံးသူ ခြောက်ဦးနှင့် ပြန် လည် သက်သာလာသူ ၆၇ ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပြန်လည်သက်သာသူ ၆၇ ဦးအနက် ၄၃ ဦးကို ဆေးရုံကနေ ဆင်းခွင့်ပြုထားပြီ ဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly