ခင်ပွန်းဖြစ်သူက ရည်းစားထည်လဲတွဲသည့် ဇနီးကို နှစ် ၂၀ ကြာ သည်းခံခဲ့ပြီး မခံနိုင်သည့်အဆုံး သတ်ဖြတ်

ခင်ပွန်းဖြစ်သူက ရည်းစားထည်လဲတွဲသည့် ဇနီးကို နှစ် ၂၀ ကြာ သည်းခံခဲ့ပြီး မခံနိုင်သည့်အဆုံး သတ်ဖြတ်

မေ ၉

ထိုင်းနိုင်ငံတွင် ဇနီးဖြစ်သူကို ထုနှက်သတ်ဖြတ်ပြီး မိလ္လာကန်ထဲ အလောင်းကို မြုပ်နှံခဲ့မှုဖြင့် ခင်ပွန်းဖြစ်သူအား ရဲက ဖမ်းဆီးတရားစွဲဆိုထားသည်။

အသက် ၅၃ နှစ်အရွယ် ပန်းရန်ဆရာတစ်ဦးဖြစ်သည့် ဖိချန်ဒါပရာဒစ်က သူ့ ဇနီးသည် ခုနစ်ယောက်မြောက် ရည်းစား ထားလာသည့်အချိန်တွင်တော့ သူ့၌ သည်းခံစိတ် ပျောက်သွားခဲ့ရပြီး သတ်ဖြတ်မိသည်ဟု ရဲထံ ထွက်ဆိုသည်။

ဖွန်ချန်းခရိုင် နာဆောရွာက ဖိသည် အသက် ၄၉ နှစ်အရွယ် ဇနီး ဘွန်လတ်ကို ကွန်ဂရစ်တုံးဖြင့် ထုနှက်သတ်ဖြတ်ပြီး အဝတ်မဲ့ ရုပ်အလောင်းအား အိမ်နောက်ရှိ မိလ္လာကန်ထဲ စွန့်ပစ်ကာ ကွန်ဂရစ်ဖျော် လောင်းထည့်ပြီး အလောင်းဖျောက်ဖျက်ခဲ့သည်ဟု စွဲဆိုခံထားရခြင်း ဖြစ်သည်။

၁၉၈၅ ခုနှစ်၌ ၎င်းတို့ နှစ်ဦး လက်ထပ် ပေါင်းသင်းခဲ့ကြခြင်းဖြစ်ကာ ပန်းရန်ဆရာ ဖိက မလေးရှားနှင့် ဘရူနိုင်းနိုင်ငံများသို့ သွားရောက်ကာ အလုပ်လုပ်ကိုင်ပြီး မိသားစုထံ ငွေ ပြန်ပို့ပေးခဲ့သည်။ ဇနီးသည် ဘွန်လတ်က ဖိ ပို့သည့် ငွေဖြင့် သောက်စားပျော်ပါးကာ အခြားအမျိုးသားတစ်ဦးနှင့် အတူ နေထိုင် အိပ်စက်ခဲ့သည်။

ထိုင်းနိုင်ငံသို့ ဖိ ပြန်ရောက်သည့်အခါတွင်လည်း ဘန်ကောက်နှင့် အခြားပြည်နယ်များသို့ လှည့်လည် အလုပ်လုပ်ကိုင်ပြီး မိသားစုအား ထောက်ပံ့နေခဲ့ခြင်းဖြစ်သည်။ ဘွန်လတ်ကမူ ဖိရှာသော ပိုက်ဆံကို သုံးဖြုန်းမြဲ သုံးဖြုန်းကာ အခြား ယောက်ကျားများနှင့် အိပ်စက်နေခဲ့သည်။

ထိုအကြောင်းများကို ဖိက သိပြီး ပြုပြင်ရန် နားချသော်လည်း ဘွန်လတ်က နားမထောင်ဘဲ ဖိအား ရန်တွေ့ခြင်းများပါ ရှိလာခဲ့သည်။ ထိုသို့ လင်မယား ရန်ဖြစ်ကြအပြီးမှာပင် ဘွန်လတ်က သူ့ ရည်းစားဖြစ်သူနှင့် သွားအိပ်စက်တဲ့အထိ ဖြစ်ခဲ့သည်။

နှစ် ၂၀ ခန့်အထိ သည်းခံခဲ့သည်ဟု ဖိက ရဲစခန်း၌ ထွက်ဆိုသည်။ သို့သော် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် ဖိ၏ ဒေါသများ ပေါက်ကွဲသွားခဲ့သည်။ ညပိုင်းက ရန်ဖြစ်ကြပြီး ဘွန်လတ်က ညီမဖြစ်သူ အိမ်တွင် သွားအိပ်ရာမှ ဗုဒ္ဓဟူးနေ့ နံနက် ၄ နာရီခန့်၌ ပြန်ရောက်လာပြီး ဆိုင်ကယ်သော့ တောင်းလာသည်ဟု ဖိက ထွက်ချက်ပေးသည်။

အိမ်မှ ထွက်သွားပြီး အခြား အမျိုးသားနှင့်သွားနေမည်ဆိုကာ တောင်းခြင်းဖြစ်သည် ပြော၍ ဒေါသထွက်ပြီး အိမ်က ထွက်သွားလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်မိခဲ့သည်ဟု ဖိက ပြောသည်။ ဇနီးဖြစ်သူ ဘွန်လတ်က သူ ခြိမ်းခြောက်သည်ကို ပြက်ရယ်ပြုပြီး ပြန်လည်ငေါက်ငမ်းတာကြောင့် ကွန်ဂရစ်တုံးနှင့် ထုမိသော်လည်း မပြင်းထန်ကြောင်း ဖိက ရဲစခန်း၌ ထွက်ဆိုသည်။

ထိုအခါ ဘွန်လတ်သည် ယောက်ကျားတစ်ယောက် ခေါ်လာပြီး ဒီ အိမ်မှာပဲ နေပြမည်ဟု ပြောသည့်အခါ ဖိက ကွန်ဂရစ်တုံးဖြင့် ခေါင်းကို အကြိမ်ကြိမ် ထုနှက်ရာမှ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ယင်းနေ့ နံနက်ပိုင်း၌ ၎င်းတို့ လင်မယား၏ အသက် ၂၉ အရွယ် သမီးဖြစ်သူက သူ့ အမေ ဘွန်လတ်နှင့် တွေ့ရန် ၎င်းတို့ အိမ်တို့ ရောက်ရှိလာခဲ့သည်။ အမေဖြစ်သူအား မတွေ့သည့်အခါ အိမ်ပတ်လည် ပတ်ရှာရာမှ မိလ္လာကန်တွင် လတ်လတ်ဆတ်ဆတ် ကွန်ဂရစ်လောင်းထားသည်ကို တွေ့ပြီး အိမ်နီးနားချင်းများ အကူအညီဖြင့် ထုခွဲဖော်ထုတ်ရာမှ အမေဖြစ်သူ ဘွန်လတ်၏ ရုပ်အလောင်းကို တွေ့ရှိခြင်းပဲ ဖြစ်သည်။

ယင်းနောက်၌ ရဲထံ အကြောင်းကြားရာ ရဲက ဖိအား လာရောက်ဖမ်းဆီးပြီး လူသတ်မှုဖြင့် စွဲဆိုထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required