မျက်လုံးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရာ အရေးပါသောလမ်းကြောင်းအဖြစ် သုတေသီများတွေ့ရှိ

မျက်လုံးသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရာ အရေးပါသောလမ်းကြောင်းအဖြစ် သုတေသီများတွေ့ရှိ

မေ ၈

ဟောင်ကောင်တက္ကသိုလ်မှ သုတေသီများ၏တွေ့ရှိချက်အရ မျက်လုံးသည် လူ့ခန္ဓာကိုယ်ထဲသို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဝင်ရောက်ရာ အရေးပါသောလမ်းကြောင်းဖြစ်ပြီး ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် ကြက်ငှက်တုပ် ကွေးရောဂါတွင်တွေ့ရှိရသော ဝင်ပေါက်များမှတစ်ဆင့် ကူးစက်မှုထက် အဆ ၁၀၀ ခန့် ပိုဆိုးကြောင်း သိရသည်။

COVID-19 ရောဂါကိုဖြစ်စေသော SARS-Cov-2 ဗိုင်းရပ်စ်၏ပမာဏသည် SARS ရောဂါဖြစ်ပွားမှုတွင် အထက်ပိုင်းအသက်ရှူလမ်းကြောင်းနှင့်မျက်လုံးမျက်နှာပြင်ဆဲလ်တွင် တွေ့ရှိရသော ဗိုင်းရပ်စ်ပမာဏထက် ပိုမိုများ ပြားကြောင်း ဓာတ်ခွဲစမ်းသပ်မှုများအရ သိရသည်။

ဟောင်ကောင်ပြည်သူ့ကျန်းမာရေးတက်ကသိုလ်မှ Dr. Michael Chan Chi-wai ဦးဆောင်သော အဖွဲ့က ကိုရိုနာဗိုင်းရပ်စ်သည် ဝင်ပေါက်နှစ်ခုမှတစ်ဆင့် လူ့ခန္ဓာကိုယ်ထဲသို့ကူးစက်နိုင်ကြောင်း ပထမဆုံးသက်သေပြခဲ့သူများ အနက် တစ်ဖွဲ့ဖြစ်ပြီး ၎င်းတို့တွေ့ရှိချက်များကို ဆေးပညာစာအုပ် The Lancet respiratory Medicine တွင် ရေးသားခဲ့သည်။

“SARS-Cov-2 ဗိုင်းရပ်စ်ကို SARS နဲ့ H5N1 ရောဂါတွေနဲ့နှိုင်းယှဉ်ပြီး လေ့လာဖို့ လူရဲ့အသက်ရှူလမ်းကြောင်းနဲ့မျက်လုံးကရတဲ့ တို့ဖတ်နမူနာတွေကို ဓာတ်ခွဲခန်းမှာမွေးမြူပြီး အသုံးပြုခဲ့ကြပါတယ်။

မျက်လုံးနဲ့အသက်ရှူလမ်းကြောင်းမှာတွေ့ရတဲ့ SARS-Cov-2 ဗိုင်းရပ်စ်ရဲ့ပမာဏက SARS ရောဂါတွေမှာတွေ့ရတဲ့ ဗိုင်းရပ်စ်ပမာဏထက် အဆ ၈၀ ကနေ ၁၀၀ လောက်ပိုများတယ်။ ဒါဟာ COVID-19 က SARS ရောဂါထက် ကူးစက်နှုန်းပိုမြင့်မားတယ်ဆိုတာ ပြတာပါ။ နောက်ပြီး မျက်လုံးက SARS-Cov-2 ပိုးကူးစက်ဖို့အတွက် အရေးပါတဲ့လမ်းကြောင်းလည်းဖြစ်နိုင်တယ်” ဟု Dr.Chan က ပြောသည်။ ကိုရိုနာဗိုင်းရပ်စ်သည် စတီးမျက်နှာပြင်နှင့် ပလတ်စတစ်ပေါ်တွင် ခုနစ်ရက်အထိ အသက်ရှင်နေနိုင်ကြောင်း သုတေသီများက တွေ့ရှိပြီးနောက် လက်ကိုမကြာခဏဆေးရန်နှင့် မျက်လုံးများကို မထိမိစေရန် အကြံပြုပြောကြားခဲ့ကြသည်။

Dr.Chan က COVID-19 ကပ်ရောဂါသည် ဟောင်ကောင်တွင် ပိုပြီးတည်ငြိမ်သော လက္ခဏာများပြနေသော်လည်း ကမ္ဘာ့အချို့နေရာများတွင် အခြေအနေဆိုးရွားနေဆဲဖြစ်ကြောင်း၊ ရုရှားနှင့်ဥရောပတွင် နေ့စဉ် ကူးစက်မှုများ များပြားနေဆဲဖြစ်ကြောင်းနှင့် ပေါ့ပေါ့ဆဆမနေသင့်ကြောင်း သတိပေးခဲ့သည်။

ကျန်းမာရေးဝန်ထမ်းများသည် N95 Mask နှင့် ကာကွယ်ရေးဝတ်စုံသာလိုပြီး မျက်မှန်အကာအကွယ်မလိုဟူသော အစောပိုင်းကာလက လက်ခံထားခဲ့သောယူဆချက်များကို  Dr.Chan ၏ ယခုတွေ့ရှိချက်များက စိန်ခေါ် လျက်ရှိသည်။

ဇန်နဝါရီနှောင်းပိုင်းက Peking University First Hospital မှ အသက်ရှူလမ်းကြောင်းရောဂါဆိုင်ရာ အထူးကျွမ်းကျင်သူ Wang Guangfa သည် ဝူဟန်မှဘေဂျင်းသို့ပြန်လာပြီးနောက် မျက်လုံးများရောင်လာပြီး သုံးနာရီခန့်အကြာတွင် နှာစေးချောင်းဆိုးကာ ဖျားနာခဲ့သည်။ Wang သည် နောက်ပိုင်းတွင် COVID-19 ရောဂါရှိကြောင်း အတည်ပြုခံခဲ့ရပြီး မျက်လုံးက ဗိုင်းရပ်စ်ကူးစက်ရာလမ်းကြောင်း ဖြစ်နိုင်ကြောင်း သံသယရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မှ စတင်ဖြစ်ပွားခဲ့သော COVID-19 ရောဂါသည် ကပ်ရောဂါအသွင်ပြောင်းလဲခဲ့ပြီး ကမ္ဘာတစ်ဝှမ်းရှိ လူဦးရေ ၃.၇၇ သန်းကျော်ကို ဗိုင်းရပ်စ်ကူးစက်ခဲ့ကာ ၂၆၀ ၀၀၀ ထက်မ နည်းသေဆုံးခဲ့ကြောင်း Johns Hopkins တက္ကသိုလ်က ကြာသပတေးနေ့ညတွင် ထုတ်ပြန်ခဲ့သည်။

ဟောင်ကောင်၌ ဇန်နဝါရီ ၂၃ ရက်က ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု တွေ့ရှိခဲ့ပြီး ယနေ့အချိန်ထိ ၁၀၄၄ ဦးကူးစက်ခံထားရကာ လေးဦး သေဆုံးထားသည်။
ဟောင်ကောင်တွင်လည်း သောကြာနေ့မှစပြီး လူစုလူဝေးနှင့် လုပ်ငန်းများအပေါ် ကန့်သတ်ပိတ်ဆို့ထားမှုအား ဖြေလျှော့ပေးခဲ့သည်။

၂၀၀၃ ခုနှစ်က ဖြစ်ပွားခဲ့သော ပြင်းထန်အဆုတ်ရောင်ရောဂါ SARS ကြောင့် ဟောင်ကောင်တွင် လူပေါင်း ၂၉၉ ဦးသေဆုံးခဲ့ပြီး ၁၇၅၅ ဦးရောဂါကူးစက်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly