ငတ်မွတ်ခေါင်းပါးမှုနှင့်အတူ ကပ်ရောဂါနှစ်မျိုး ကမ္ဘာကြီး ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂသတိပေး

ငတ်မွတ်ခေါင်းပါးမှုနှင့်အတူ ကပ်ရောဂါနှစ်မျိုး ကမ္ဘာကြီး ရင်ဆိုင်ရနိုင်ကြောင်း ကုလသမဂ္ဂသတိပေး

မေ ၈

အစားအသောက်ရှားပါးမှုနှင့်ရင်ဆိုင်ကြုံတွေ့နေရသည့် အချို့တဲ့ဆုံးနိုင်ငံများအတွက် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရန် ငွေကြေးအလုံအလောက် မထောက်ပံ့ပေးနိုင်ပါက ကမ္ဘာကြီးအနေဖြင့် ငတ်မွတ်ခေါင်းပါးမှုကပ်ဘေးကြီး နှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးပြောကြားလိုက်သည်။

“ ကျွန်တော်တို့ အခု ရင်ဆိုင်နေရတာက ကပ်ရောဂါနှစ်ခုပါ။ စားနပ်ရိက္ခာအဖွဲ့က နေ့စဉ်နဲ့အမျှ လူပေါင်း သန်း ၁၀၀ နီးပါးကို ကူညီနေတာပါ။ ဒီအတိုင်းသာ ဆက်မလုပ်ဘူးဆိုရင် ကျန်းမာရေးကပ်ဘေးရဲ့နောက်မှာ အငတ်ဘေးပါ ပါလာမှာဖြစ်ပါတယ်။ မေးနေစရာကိုမလိုပါဘူး။ ကျွန်တော်တို့ အငတ်ဘေးရဲ့ နှုတ်ခမ်းဝရောက်ဖို့ နည်းနည်းလေးပဲလိုပါတော့တယ်။  ကပ်ရောဂါမဆိုက်ခင်ကတည်းက လူဦးရေ ၁၃၅ သန်းလောက်က အငတ်ဘေးနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့အပြင် ရေရှည် အငတ်ဘေးနဲ့ကြုံနေရတဲ့လူ ၈၁၂ သန်းလောက် ရှိနေပါတယ်” ဟု WFP ၏ အမှုဆောင် ဒါရိုက်တာ David Beasley  က ပြောသည်။

တစ်ချိန်တည်းမှာပင် နွမ်းပါးသောနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တားဆီးနိုင်ရန်နှင့် လူ့အသက်သန်းပေါင်းများစွာကို ကာကွယ်ရန် အမေရိကန်ဒေါ်လာ ၄.၇ ဘီလီယံ တောင်းဆိုသည့် မေတ္တာရပ်ခံချက်ကို ကြာသ ပတေးနေ့တွင် ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ကုလသမဂ္ဂသည် မတ်လ ၂၅ ရက်က ကမ္ဘာလုံးဆိုင်ရာလူသားချင်းစာနာထောက်ထားမှုတုံ့ပြန်ရေး အစီအစဉ်အဖြစ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံတောင်းဆိုခဲ့ပြီး ယနေ့အချိန်တွင် အဆိုပါကယ်ဆယ်ရေးရန် ပုံငွေထက်ဝက်ခန့်ကို ရထားပြီးဖြစ်သည်။

COVID-19 ကူးစက်ရောဂါသည် နောက် သုံးလမှ ခြောက်လအတွင်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများတွင် အမြင့်ဆုံး ရောက်ရှိသွားနိုင်သည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ အကူအညီပေးရန်လိုအပ်သော ဖွံ့ဖြိုးဆဲနိုင်ငံ အများစုတွင် ကူးစက်ရောဂါဖြစ်ပွားမှုနည်းနေသေးသည်ဟု ထင်ရသော်လည်း အဆိုပါနိုင်ငံများတွင် စောင့်ကြည့်မှု၊ ဓာတ်ခွဲစမ်းသပ်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်များ၏စွမ်းရည်သည် အားနည်းနေကြောင်းနှင့် ရောဂါစစ်ဆေးမှုမပြုလုပ်ရသေးသည့်သူများတွင် ကူးစက်မှုများ ဖြစ်ပွားနေနိုင်ကြောင်း WHO အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် Dr Tedros Adhanom Ghebreyesus က ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ၏ အကြီးအကျယ်ပျက်စီးမှုနှင့်မတည်ငြိမ်မှု၏ အကျိုးဆက်များကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံများ ခံစားရနိုင်သည်ဟု ကုလသမဂ္ဂ၏လူသားချင်းစာနာမှုရေးရာအကြီးအကဲ Mark Lowcock က ထုတ်ပြန်ချက်တွင် ပြောဆိုထားသည်။

“ကျွန်တော်တို့ အခုချက်ချင်းအကောင်အထည်မဖော်ဘူးဆိုရင် ပဋိပက္ခတွေ ငတ်မွတ်မှုတွေနဲ့ ဆင်းရဲမွဲတေမှုတွေ သိသိသာသာ မြင့်တက်လာမယ့်အရေးအတွက် ကြိုတင်ပြင်ဆင်သင့်တယ်။ ငတ်မွတ်ခေါင်းပါးမှုတွေ အများကြီးဖြစ်မယ့် အရိပ်လက္ခဏာခြောက်လှန့်မှုတွေ ဖြစ်ပေါ်လာပြီ” ဟု Mark က ဆိုသည်။

ဒုက္ခသည်များ၊ စစ်ဘေးရှောင်များ၊ နိုင်ငံမဲ့များနှင့် ၎င်းတို့ကိုလက်ခံသည့် အိမ်ရှင်နိုင်ငံများ၏ လိုအပ်ချက်များမှာ ကြီးမားလျက်ရှိသော်လည်း မကျော်လွှားနိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ခြိမ်းခြောက်မှုကို တားဆီးရန် စုပေါင်းလုပ်ဆောင်ခြင်းကသာလျှင် အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည်ဖြစ်ကြောင်းနှင့် ကပ်ရောဂါသည် ဘဝတစ်လျှောက်တွေ့ကြုံခဲ့ရသည့်အရာများနှင့် မတူကြောင်း  ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အကြီးအကဲ Filippo Grandi က ပြောသည်။

“ထူးခြားတဲ့စီမံချက်တွေလိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီဗိုင်းရပ်စ်ကို အတူတကွတိုက်ဖျက်ရင်းနဲ့ အလှူရှင်တွေကိုလည်း စည်းစည်းလုံးလုံးနဲ့ စိတ်ပါဝင်စားစွာ လုပ်ဆောင်ဖို့ တိုက်တွန်းပြီး ရင်ဆိုင်နေရတဲ့ ပြဿနာနဲ့ညီမျှတဲ့ တုံ့ပြန်မှုတွေလုပ်ဆောင်ရပါမယ်” ဟု Filippo က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required