တရုတ်ငါးဖမ်းသင်္ဘောပေါ်မှ သင်္ဘောသားအလောင်းများ ပင်လယ်ထဲပစ်ချခဲ့မှု အင်ဒိုနီးရှား ဖြေရှင်းချက်တောင်း

တရုတ်ငါးဖမ်းသင်္ဘောပေါ်မှ သင်္ဘောသားအလောင်းများ ပင်လယ်ထဲပစ်ချခဲ့မှု အင်ဒိုနီးရှား ဖြေရှင်းချက်တောင်း

မေ ၈

တရုတ်ငါးဖမ်းသင်္ဘောများပေါ်မှ အင်ဒိုနီးရှားသင်္ဘောအမှုထမ်းများ၏ အလောင်းများကို ပင်လယ်ပြင်ထဲ ပစ်ချခဲ့သည့်လုပ်ရပ်အတွက် တရုတ်အစိုးရဘက်မှ ဖြေရှင်းချက်ပေးရန် အင်ဒိုနီးရှားအစိုးရက မေလ ၇ ရက်တွင် တောင်းဆိုထားသည်ဟု သိရသည်။

အဆိုပါ တရုတ်ငါးဖမ်းသင်္ဘောများ ပစိဖိတ်သမုဒ္ဒရာထဲတွင် ရှိနေခဲ့စဉ် အင်ဒိုနီးရှား သင်္ဘောသား သုံးဦးအထိ သေဆုံးခဲ့ကြောင်း၊ နှစ်ဦးသည် ဒီဇင်ဘာလထဲတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး ကျန်တစ်ဦးသည် မတ်လတွင် သေဆုံး ခဲ့ကြောင်း၊ ၎င်းတို့၏ ရုပ်အလောင်းများကို ရေထဲသို့ ပစ်ချခဲ့ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဂျကာတာ၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်ပြောဆိုရန် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီက တရုတ်သံအမတ်ကြီးကို ဆင့်ခေါ်ခဲ့သည်။

သင်္ဘောသားများကို ပင်လယ်ထဲ၌သာ ပစ်ချမြှုပ်နှံရမည်ဖြစ်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့သည် ကူးစက်ရောဂါတစ်ခုကြောင့် သေဆုံးခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်သည် နိုင်ငံတကာ ပင်လယ်ရေကြောင်း စည်းမျဉ်းများအတိုင်း လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တရုတ်ရေယာဉ်စု၏ ကပ္ပတိန်က ပြောသည်။

ပင်လယ်ပြင်တွင် ပင်ပန်းဆင်းရဲသည့် အခြေအနေများအောက်တွင် အခိုင်းခံနေကြရသည်ဟု တရုတ်ငါးဖမ်းရေယာဉ်များပေါ်မှ အင်ဒိုနီးရှား အမှုထမ်းများက ပြောဆိုခဲ့ကြသည် ဆိုပြီး တောင်ကိုရီးယားမီဒီယာက သတင်းဖော်ပြခဲ့ပြီးနောက် ယခုဖြစ်စဉ် ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ငါးဖမ်းရေယာဉ်နှစ်စင်းတွင် ကနဦးက အင်ဒိုနီးရှား အမှုထမ်း ၄၀ ကျော် ရှိနေခဲ့ကြောင်း ၊ ယင်းနောက် ဧပြီလကုန်က ယင်းသင်္ဘောများ တောင်ကိုရီးယားနိုင်ငံ ဘူဆန်ဆိပ်ကမ်းတွင် ဆိုက်ကပ်စဉ် တချို့ ရေယာဉ်ပေါ်မှ ဆင်းသွားခဲ့သည်ဟု သိရသည်။ ယင်းရေယာဉ်ပေါ်မှ သင်္ဘောသားတစ်ဦးသည်လည်း ဧပြီ ၂၇ ရက်က ဘူဆန်ဆေးရုံတစ်ခုတွင် နမိုးနီးယားဖြင့် ကွယ်လွန်ခဲ့သည်ဟု သိရသည်။

ယင်းနောက် အဆိုပါ ရေယာဉ်များသည် အင်ဒိုနီးရှား အမှုထမ်း ၂၀ ခန့်ဖြင့် ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း၊ ကျန်ရှိနေခဲ့သည့် သင်္ဘောသားများကို နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly