တရုတ်၌ နှာခေါင်းစည်း တပ်ပြီး အားကစားလုပ်ရာမှ ကျောင်းသားကလေးနှစ်ဦး လဲကျသေဆုံး

တရုတ်၌ နှာခေါင်းစည်း တပ်ပြီး အားကစားလုပ်ရာမှ ကျောင်းသားကလေးနှစ်ဦး လဲကျသေဆုံး

မေ ၇

တရုတ်နိုင်ငံတွင် အားကစားအချိန်အတွင်း နှာခေါင်းစည်းတပ်ပြီး အားကစားလုပ်ရာမှ တစ်ပတ်အတွင်း ကျောင်းသားနှစ်ဦး သေဆုံးကြောင်း သတင်းတစ်ရပ်အရ သိရသည်။

အသက် ၁၄ နှစ်စီ ရှိကြသည့် အဆိုပါ ကျောင်းသားနှစ်ဦးစလုံးသည် ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေးရာ တာပတ်ပြေးကြရာမှ ပြေးလမ်းပေါ်မှာပင် ရုတ်ခြည်း လဲကျကြခြင်းဖြစ်သည်ဟု ဩစတြေးလျ 7News သတင်းက ဖော်ပြသည်။

ဟန်နန်ပြည်နယ်က Dancheng Caiyuan အလယ်တန်းကျောင်းတွင် ပထမ ကျောင်းသားကလေးငယ်သည်  ဧပြီ ၂၄ ရက်က အားကစားအချိန်အတွင်း ပြေးရာ မိနစ်ပိုင်းအတွင်းမှာပင် နောက်ပြန်လဲကျခြင်းဖြစ်သည်ဟု ယင်းသတင်းက ဆိုသည်။

“ပြေးလမ်းပေါ် ပြေးချိန်မှာ သားဟာ နှာခေါင်းစည်း တပ်ထားတယ်။ ရုတ်ခြည်းပဲ နောက်ပြန်လဲကျပြီး မြေပြင်နဲ့ ခေါင်းနဲ့ ရိုက်မိတာ ဖြစ်တယ်။”ဟု ၎င်း၏ ဖခင်ဖြစ်သူက သတင်းဌာနသို့ ပြောသည်။

ဆရာ၊ ဆရာမများနှင့် ကျောင်းသားများက သားကို ကူညီရန် ကြိုးစားကြသော်လည်း အချည်းနှီးဖြစ်ခဲ့ကြောင်း ၎င်းက ပြေသည်။

ထို ကျောင်းသားငယ်သည် နှလုံးဖောက်ပြီး သေဆုံးရခြင်းဖြစ်သည်ဟု မှတ်တမ်းသွင်းထားသော်လည်း ရင်ခွဲစစ်ဆေးမှုတော့ မလုပ်ဆောင်ရသေးဟု သတင်းဌာနက ဖော်ပြသည်။

ဖခင်ဖြစ်သူကမူ နှာခေါင်းစည်းတပ်ပြီး အားကစားလုပ်ခြင်းကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု ယုံကြည်လျက် ရှိနေသည်။

ထို ကျောင်းသားငယ် သေဆုံးပြီး ခြောက်ရက်မြောက်တွင် ဟူနန်ပြည်နယ်က အခြား ကျောင်းတစ်ကျောင်းတွင် ဒုတိယ ကျောင်းသား သေဆုံးမှု ဖြစ်ကြောင်း သတင်းက ဆိုသည်။

အဆိုပါ ကျောင်းသားသည် မီတာ ၁၀၀၀ အပြေးပြိုင်ပွဲ၌ နှာခေါင်းစည်း ဝတ်ထားပြီး ပြေးရာမှ လဲကျသေဆုံးခြင်းပဲ ဖြစ်သည်။ ၎င်း ကျောင်းသားကို ရင်ခွဲစစ်ဆေးရန် ညွှန်ကြားချက် ထုတ်ထားသလားဆိုသည်ကို မသိရသေးကြောင်း သတင်း၌ ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly