ဂျပန်တွင် remdesivir ဆေးကို COVID-19 ကုသဆေးအဖြစ် အတည်ပြုရန် စီစဉ်

ဂျပန်တွင် remdesivir ဆေးကို COVID-19 ကုသဆေးအဖြစ် အတည်ပြုရန် စီစဉ်

မေ ၇

COVID-19 လူနာများကို ကုသရာတွင် ဗိုင်းရပ်စ်တိုက်ဖျက်ဆေးတစ်မျိုးဖြစ်သည့် remdesivir ဆေး အသုံးပြုခွင့်အတွက် တရားဝင်အတည်ပြုချက်ထုတ်ပေးရန် စီစဉ်နေပြီဖြစ်ကြောင်း ဂျပန်အစိုးရက မေလ ၇ ရက်တွင်  ပြောကြားခဲ့သည်။

ယင်းအတိုင်းသာဆိုလျင် ဂျပန်နိုင်ငံသည် ကမ္ဘာပေါ်တွင် အမေရိကန်ပြီးလျင် remdesivir ကို COVID-19 ကုဆေးအဖြစ် အတည်ပြုပေးသည့် ဒုတိယမြောက်နိုင်ငံ ဖြစ်လာမည်ဖြစ်သည်။

အမေရိကန် အာဏာပိုင်တို့သည် COVID-19 ရောဂါအပြင်းအထန် ခံစားနေရသူများကို ကုသရာတွင် remdesivir ဆေးကို အရေးပေါ်သုံးရန် ပြီးခဲ့သည့်အပတ်က တရားဝင်ခွင့်ပြုချက်ထုတ်ပေးထားခဲ့ပြီး ဖြစ်သည်။

“ ပြဿနာတစုံတရာ မရှိဘူးဆိုရင် ဒီနေ့မှာပဲ ဒီဆေးကို မြန်မြန်ဆန်ဆန် အတည်ပြုပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ယိုရှီဟိုက် ဆူဂါက သတင်းထောက်များကို ပြောသည်။

အလားတူ ဂျပန်အစိုးရအနေဖြင့် အမေရိကန်ကုမ္ပဏီ Gilead Sciences က ထုတ်လုပ်သည့် စမ်းသပ်ဆေးကို အသုံးပြုခွင့်အတွက် မီးစိမ်းပြရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြီးခဲ့သည့် အပတ်တွင် ပြောခဲ့သေးသည်။

အဓိကကျသည့် လက်တွေ့စမ်းသပ်ချက်တစ်ခု၏ ရလဒ်များအရ remdesivir ဆေးသည် COVID-19 လူနာတချို့တွင် ရောဂါလက္ခဏာခံစားရသည့် ကြာမြင့်ချိန်ကို သိသိသာသာ လျော့ကျစေသည်ကို တွေ့ရှိထားခဲ့ပြီးနောက် အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA) က ယင်းဆေးကို အရေးပေါ်အသုံးပြုရန် ခွင့်ပြုပေးထားခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly