ကိုရိုနာဗိုင်းရပ်စ် လော့ခ်ဒေါင်းချမှုများ အလောတကြီး အဆုံးသတ်နေခြင်းအပေါ် WHO သတိပေး

ကိုရိုနာဗိုင်းရပ်စ် လော့ခ်ဒေါင်းချမှုများ အလောတကြီး အဆုံးသတ်နေခြင်းအပေါ် WHO သတိပေး

မေ ၇

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု တားဆီးရန် ရည်ရွယ်သည့် ပိတ်ပင်ကန့်သတ်ချက်များကနေ ပေါ်ထွက်လာနေသည့် နိုင်ငံများအနေဖြင့် အလွန်သတိကြီးကြီးထားပြီး ရှေ့ဆက်သွားကြရမည်ဖြစ်ကြောင်း၊ ယင်းသို့မဟုတ်ဘဲ ပေါ့ပေါ့တန်တန် လုပ်မိပါက ကူးစက်မှုသစ်များ ရုတ်ခြည်းမြင့်တက်မှုနှင့် ကြုံတွေ့ရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၆ ရက်တွင် သတိပေးသွားခဲ့သည်။

နိုင်ငံများအနေဖြင့် ဗိုင်းရပ်စ် ထောက်လှမ်းစောင့်ကြည့်မှုစနစ်များနှင့် သီးခြားခွဲ စောင့်ကြည့်မှု အစီအမံများကဲ့သို့ COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှု ထိန်းချုပ်နိုင်မည့် လုံလောက်သည့် အစီအမံများ စနစ်တကျ ရှိနေရန် လိုအပ်ကြောင်း WHO ၏ ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ် အက်ဒ်ဟာနွန် ဂီဘရီယီဆက်က ပြောသည်။

“နိုင်ငံတွေအနေနဲ့ ဒီ အကူးအပြောင်းကို တစ်ဆင့်ချင်း ချဉ်းကပ်မှု ပုံစံနဲ့ သေချာ ဂရုတစိုက် မစီမံနိုင်ဘူးဆိုရင် လော့ခ်ဒေါင်းဆီ ပြန်သွားရနိုင်တဲ့ အလားအလာက တကယ်ပဲ ဆက်ရှိနေဆဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသွား ခဲ့သည်။

တချိန်တည်းမှာပင် WHO ၏ ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် မာရီယာ ဗန် ကာ့ခ်ဟို့ဗ်ကလည်း COVID-19 ရောဂါနှင့်ပတ်သက်၍ ၎င်း၏ စိုးရိမ်ပူပန်မှုကို ထုတ်ဖော်သွားခဲ့သည်။

ယခုအခါ ကမ္ဘာတ၀န်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူဦးရေသည် ၃ ဒသမ ၇၁ သန်း ရှိနေပြီး ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ ၂၅၈,၀၀၀ ကျော် ရှိနေပြီ ဖြစ်သည်။

“လော့ခ်ဒေါင်း အစီအမံတွေကို အရမ်း အလျင်စလို ရုပ်သိမ်းလိုက်မယ်ဆိုရင် ဗိုင်းရပ်စ် ကူးစက်မှုနှုန်းက ရုတ်တရက် ခုန်တက်သွားနိုင်ပါတယ်” ဟု ဗန် ကာ့ခ်ဟို့ဗ်က ပြောသွားခဲ့သည်။

နိုင်ငံများအနေဖြင့် အလုပ်လက်မဲ့မှုနှုန်း မြင့်တက်မှု၊ စီးပွားရေး လုပ်ငန်းကိုင်ငန်းများ ရပ်ဆိုင်းမှု တို့၏ သက်ရောက်မှုတို့နှင့် ရင်ဆိုင်ခံစားနေကြရခြင်းနှင့်အတူ အစိုးရ အမိန့်ဖြင့် ချမှတ်သော လော့ခ်ဒေါင်းများသည် ယခုအခါ အများပြည်သူ မနှစ်သက်သည့် အစီအမံများ ဖြစ်လာနေလျက်ရှိသည်။

ကပ်ရောဂါဖြစ်ပွားမှုကြောင့် ယူရိုဇုန် စီးပွားရေးသည် ယခုနှစ်တွင် စံချိန်တင် ၇ ဒသမ ၇ ရာခိုင်နှုန်း ကျုံ့မည်ဟု သိရပြီး ပြီးခဲ့သည့်လတွင် အမေရိကန် ပုဂ္ဂလိကလုပ်ငန်းရှင်များသည်လည်း စီးပွားရေးလုပ်ငန်းများ ပိတ်ထားရ သည့်အတွက် အလုပ်သမားဦးရေ ၂၀ ဒသမ ၂ သန်းကို အလုပ်ရပ်စဲထားခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required