ကိုရိုနာဗိုင်းရပ်စ်၏ ဇစ်မြစ်ကို စုံစမ်းရန် WHO က တရုတ်သို့ မစ်ရှင်အဖွဲ့ စေလွှတ်မည်

ကိုရိုနာဗိုင်းရပ်စ်၏ ဇစ်မြစ်ကို စုံစမ်းရန် WHO က တရုတ်သို့ မစ်ရှင်အဖွဲ့ စေလွှတ်မည်

မေ ၇

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး၏ ဇစ်မြစ်ကို စုံစမ်းရန် မစ်ရှင်အဖွဲ့ စေလွှတ်ရေးအတွက် တရုတ်နိုင်ငံနှင့် ပြောဆိုဆွေးနွေးလျက် ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံ ဝူဟန်မြို့ ပင်လယ်စာဈေးမှ စတင်ပေါ်ပေါက်ခြင်း ဖြစ်ပြီး ရင်းမြစ်မှာ လင်းနို့များမှ ဖြစ်နိုင်ကာ ဗိုင်းရပ်စ် စပ်ကြားလက်ခံကောင်မှတစ်ဆင့် လူထံ ကူးစက်ခြင်း ဖြစ်သည်ဟု WHO တာဝန်ရှိသူများက ယခင်က ပြောထားသည်။

မည်သည့် တိရစ္ဆာန်မျိုးစိတ်မှ ဗိုင်းရပ်စ် ပေါ်ပေါက်ကြောင်း သိရှိရန်အတွက် အလွန်တရာအရေးကြီးကြောင်း WHO ၏ ရောဂါဖြစ်ပွားမှုနှင့် တိရစ္ဆာန်ရေးရာဌာနစိတ် အကြီးအကဲ ဒေါက်တာ မာရီယာဗန်ကက်ဟို့ဗ်က ဗုဒ္ဓဟူးနေ့တွင် ပြောသည်။

“တရုတ်နိုင်ငံဆီ နောက်ထပ် မစ်ရှင်အဖွဲ့ စေလွှတ်ဖို့အတွက် တရုတ်က အဆင့်တူ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပါတယ်။ ဒါမှ ဗိုင်းရပ်စ်ရဲ့ ဇစ်မြစ်ကို ရှာဖွေနိုင်ရေးမှာ ချည်းကပ်မှုအသစ်တွေ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။”ဟု WHO ၏ ဂျီနီဗာရုံးချုပ်က သတင်းစာရှင်းလင်းပွဲတွင် ဗန်ကက်ဟို့ဗ်က ပြောခဲ့သည်။

သိပ္ပံပညာရှင်များအနေဖြင့် တိရစ္ဆာန်အမျိုးမျိုးကို စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သော်လည်း ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုအတွက် တာဝန်ရှိသော စပ်ကြားလက်ခံကောင်ကို ယခုအထိ ဖော်ထုတ် မတွေ့ရှိသေးပေ။

ဗိုင်းရပ်စ်၏ ရင်းမြစ်နှင့် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုများအတွက် သတင်းပေးနိုင်ရန် WHO သည် ဗန်ကက်ဟို့ဗ်အပါအဝင် နိုင်ငံတကာ ပညာရှင်အဖွဲ့တစ်ရပ်အား ဖေဖော်ဝါရီလအတွင်းက တရုတ်နိုင်ငံသို့ စေလွှတ်ခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှု၏ တိရစ္ဆာန်ရင်းမြစ်ကို နောက်ထပ်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် တရုတ်နိုင်ငံအား ယင်းအဖွဲ့က မှတ်ချက်ပြုပြောကြားခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

“ဗိုင်းရပ်စ် ကူးစက်စေတဲ့ တိရစ္ဆာန်ရင်းမြစ်ကို မသိဘဲနဲ့တော့ ဗိုင်းရပ်စ် နောက်တစ်ကြိမ် မဖြစ်ပွားအောင် တားဆီးဖို့ အခက်အခဲ ရှိတာမို့ ဒါဟာ အများပြည်သူ ကျန်းမာရေးအတွက် အလွန်တရာ အရေးကြီးပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly