ပြည်ထောင်စုအစိုးရအဖွဲ့ ပထမ သက်တမ်း အထိမ်းအမှတ် ငွေဒင်္ဂါး ထုတ်မည်

ပြည်ထောင်စုအစိုးရအဖွဲ့ ပထမ သက်တမ်း အထိမ်းအမှတ် ငွေဒင်္ဂါး ထုတ်မည်

နိုဝင်ဘာ ၅ ရက် ။                   ။ မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့ ပထမသက်တမ်း အထိမ်းအမှတ် ငွေငါးထောင်ကျပ်တန် ငွေဒင်္ဂါးကို မြန်မာ့ ကျောက်မျက်ရတနာ လုပ်ငန်းအရောင်းဆိုင် များတွင် ငွေကျပ် သုံးသောင်း ၃၀,၀၀၀ ဖြင့် ဝယ်ယူနိုင်သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

'ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပထမသက်တမ်း အထိမ်းအမှတ်' ငွေဒင်္ဂါးကို အကန့်အသတ်ဖြင့် သွန်းလုပ် ထားသည်ဟုဆိုသည်။ ငွေစင် ငွေသား (၉၂ ဒသမ ၅၀) ရာခိုင်နှုန်းဖြင့် သွန်းလုပ်ထားပြီး အလေးချိန် (၂၀) ဂရမ် နှင့် အချင်း (၂၅) မီလီမီတာ ရှိကြောင်းလည်း သိရသည်။

ဒင်္ဂါး၏ ရှေ့ဘက်တွင် နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် ရိုက်နှိပ်ထားပြီး အထိမ်းအမှတ်တံဆိပ် အောက်ဘက်တွင် ၅၀၀၀ ကျပ်နှင့် ထုတ်လုပ်သည့်နှစ် ၂၀၁၅ ဟု ပါရှိသည်။ ငွေဒင်္ဂါး၏ ရှေ့ဘက် ပတ်လည် အပေါ်ဘက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ အောက်ဘက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဟု ဖော်ပြပါရှိသည်။

ကျောဘက်တွင် ဆင်ဖြူတော်ပုံ ရိုက်နှိပ်ထားပြီး အောက်တွင် 5000 Kyats နှင့် ထုတ်လုပ်သည့် ခုနှစ် 2015 ဟု ပါရှိသည်။ ငွေဒင်္ဂါးကျောဘက် ပတ်လည်အပေါ်ဘက်တွင် THE GOVERNMENT OF THE REPUBLIC OF THE UNION OF MYANMAR ဟုလည်းကောင်း၊ အောက်ဘက်တွင် CENTRAL BANK OF MYANMAR ဟု လည်းကောင်း ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required