COVID-19 နဲ့ မဇ္ဈိမ ဒိုင်ယာရီ

COVID-19 ကပ်ဘေးရဲ့ ခက်ခဲတဲ့ကာလမှာ တစ်လကျော်ကိုတော့ ကျွန်တော်တို့ ဖြတ်သန်းလာခဲ့ပြီးပါပြီ။ ဒါပေမယ့် ရှေ့မှာတွေ့ရမယ့်အခက်အခဲကလည်း အရင်ထက် လျော့မယ်မထင်ပါဘူး။ မြန်မာပြည်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စတွေ့ကတည်းက မဇ္ဈိမကို ဦးဆောင်နေသူတွေ၊ ဌာနအကြီးအကဲတွေ စုဝေးပြီး မဇ္ဈိမအနေနဲ့  တရုတ်ပြည်က ဝူဟန်ကလို လော့ဂ်ဒေါင်းလုပ်ရမယ့်အခြေအနေဆို ဘယ်လိုလုပ်ကြမလဲဆိုတာ ဆွေးနွေးဖြစ်ကြပါတယ်။ ရွေးချယ်စရာနှစ်လမ်းပဲရှိပါတယ်။ သတင်းဌာနကို ပိတ်ပြီး ကိုယ့်အိမ်ကိုယ့်ရာမှာ အများသူငါလို နေမလား၊ သတင်းဆက်လုပ်မလားဆိုတာပါပဲ။ ခက်ခဲမယ်ဆိုတာသိပေမယ့် အားလုံးအဆုံးသတ်မှာ သဘောတူတာကတော့ သတင်းဆက်လုပ်ကြမယ်ဆိုတာပါပဲ။ သက်ဆိုင်ရာဌာနအလိုက်ပြန်ဆွေးနွေးကြပေါ့။ အထူးသဖြင့် သတင်းခန်းမှာ ဒီကိစ္စက ပိုအရေးကြီးတယ်။ တကယ်တန်း လော့ဂ်ဒေါင်းချရတဲ့အဆင့်ရောက်ရင် အပြင်ထွက်သတင်းလိုက်ဖို့ဆိုတာ စွန့်စားရမှုက ကြီးမှာကိုး။ သတင်းခန်းမှာ အဲဒီအဆင့်ရောက်ရင် မိမိသဘောဆန္ဒအလျောက် သတင်းလိုက်လိုသူတွေ စာရင်းကောက်တော့ အကုန်လုံးနီးပါးပဲ လုပ်လိုတယ်ဆိုတဲ့ ဆန္ဒပြုတာကို တွေ့ရပါတယ်။ သတင်းခန်းမှာ အများစုက လူငယ်တွေဖြစ်ကြပါတယ်။ ဒီလိုမျိုးအခြေအနေမှာ ဒီလိုဆန္ဒပြုတာက မြန်မာလူငယ်အများအပြားရဲ့ စိတ်ကို ကိုယ်စားပြုတယ်လို့မြင်ပါတယ်။ တစ်ဘက်မှာလည်း ရုံးကို ဘယ်လိုလည်ပတ်မှာလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ COVID-19 ဘေးကင်းရေးအတွက် လိုအပ်တဲ့ နှာခေါင်းစီးတွေ၊ Hand gel တွေ၊ PPE တွေ ဝယ်ယူစုဆောင်းပြီး လိုက်နာဆောင်ရွက်ရမှာတွေကို ရုံးမှာ ဆော်သြကြရတယ်။ အကယ်၍များ အပြင်ထွက်သတင်းလိုက်ပြီး ဗိုင်းရပ်စ်ပိုးကူးစက်ခံရရင် ရုံးပါ လော့ဂ်ဒေါင်းချခံရမယ်၊ ရုံးပိတ်ရမယ်။ အဲဒီလိုအခြေအနေဖြစ်ရင် ရည်မှန်းထားခဲ့ကြတဲ့ ရုံးဆက်လက်လည်ပတ် သတင်းထုတ်နိုင်ရေးဆိုတာက ပျက်ပြားသွားတော့မယ်။ အဲဒီတော့ ရုံးကို Isolation လုပ်ဖို့ ဆုံးဖြတ်ရတယ်။ ရုံးမှာ သတင်းလည်ပတ်ရေး မရှိမဖြစ်ဝန်ထမ်းတွေပဲ နည်းနိုင်သမျှနည်းပြီး ရုံးနဲ့ ရုံးဝင်းအတွင်းက အဆောင်တွေမှာနေစေကာ အပြင်လူအဝင်မခံတဲ့စနစ်နဲ့ လည်ပတ်ရပါတယ်။ Home Stay မဟုတ်ဘဲ ရုံးနေ Office Stay ပေါ့။ အဖွဲ့ကို သုံးဖွဲ့ခွဲထုတ်ရပါတယ်။ ရုပ်သံသတင်းဆိုတာ အချိန်နဲ့လုပ်ရတဲ့အလုပ်ဆိုတော့ လူနည်းတဲ့ကြားထဲကပဲ ပိုလုပ်ကြရပြန်တယ်။ ရုပ်သံလုပ်ငန်းဆိုတာ လူမြင်သာတဲ့ သတင်းခန်းတင်မကဘဲ နောက်ကွယ်ကနေ လုပ်ရတဲ့အပိုင်း၊ မရှိမဖြစ်လုပ်ရတဲ့ကဏ္ဍတွေအများကြီးပါပဲ။

ကံကောင်းထောက်မစွာပဲ မြန်မာပြည်မှာ COVID-19 ကူးစက်မှုက တစ်ခြားနိုင်ငံတွေနဲ့နှိုင်းစာရင် နည်းတယ်လို့ပြောလို့ရပါတယ်။ စိုးရိမ်နေခဲ့ရတဲ့ ရန်ကုန်တစ်မြို့လုံး လော့ဂ်ဒေါင်းမဖြစ်လာဘဲ Partial lock-down အနည်းအကျဉ်းနဲ့ Home Stay ကိုပဲ ကြုံခဲ့ရတယ်။ ဒါပေမယ့်လည်း ရုံးဝန်ထမ်းတွေ ဘေးကင်းလုံခြုံရေး၊ သတင်းဆက်လက်ထုတ်လုပ်နိုင်ရေးတို့အတွက် အစောကတည်းက စဉ်းစားထားခဲ့ကြသလို တစ်ဖွဲ့က တိုက်ရိုက်ထုတ်လွှင့်မှုတွေလုပ်တဲ့အဖွဲ့၊ တစ်ဖွဲ့က ရုံးနေအဖွဲ့၊ တစ်ဖွဲ့က Work From Home လုပ်တဲ့အဖွဲ့ ဆိုပြီး ခွဲကြပါတယ်။ နေပြည်တော်၊ မန္တလေးတို့က ရန်ကုန်ထက်စာရင် အပြင်ထွက်သာတဲ့ အနေအထားဆိုတော့ အဲဒီမြို့တွေက သတင်းပေးပို့ချက်တွေကိုလည်း အားကိုးရတယ်။ COVID-19 နဲ့ပတ်သက်တဲ့ စကားဝိုင်းဆွေးနွေးမှုတွေလည်း လုပ်ရတယ်။ ပထမတော့ ရန်ကုန်မှာ လူလှည့်တာကို ပထမအသုတ်က တစ်ပတ်လုပ်၊ နောက်တစ်ပတ် လူချိန်းလို့ စီစဉ်ထားပေမယ့် အစိုးရက Home Stay ကို ဧပြီ ၂၀ ရက်နေ့အထိ သတ်မှတ်လိုက်တော့ အဲဒီနေ့အထိ ပထမဆုံးအသုတ်က လုပ်ဖို့ ပြောင်းလိုက်ရတယ်။ တစ်ပြိုင်တည်းမှာ ကြုံရတာက သင်္ကြန်ရုံးပိတ်ရက်တွေ။ အဲဒီတော့ ပုံမှန်ဟောလီးဒေးနားတဲ့သူတွေလည်း ရှိလာပြန်တယ်။

သတင်းအလုပ်ဆိုတာ ပုံမှန်အချိန်မှာတောင် ဖိအားများတဲ့အလုပ်ဆိုတော့ အခုလိုအနေအထားမှာ ဖိအားတွေပိုလာတာအမှန်ပဲ။ ရုံးမှာနေတဲ့သူကလည်း တောက်လျှောက်လုပ်ရ၊ အိမ်ကနေလုပ်တဲ့သူတွေလည်း သတင်းပေးပို့နိုင်ဖို့ ကြိုးစားကြရ၊ တိုက်ရိုက်ထုတ်လွှင့်တဲ့သူတွေလည်း တိုက်ရိုက်ထုတ်လွှင့်ရတဲ့ အခက်အခဲကိုယ်စီနဲ့ပေါ့။ ဒီကြားထဲ တိုက်ရိုက်ထုတ်လွှင့်တဲ့သူတွေ ဘေးကင်းအောင် PPE ဝတ်စုံတွေဝတ်ပြန်တော့ တစ်ချို့နေရာတွေမှာ လူတွေကြောက်မှာစိုးလို့ဆိုပြီး PPE ဝတ်မလာနဲ့လို့ ပြောတာလည်း ကြုံရပြန်တယ်။ ပိတ်လှောင်ထားမှုနဲ့ အလုပ်ဖိအားများလာတာနဲ့အမျှ စိတ်တွေက ထိခိုက်လွယ်လာတာကိုလည်း ထိန်းကြရတယ်။ အဲဒီလိုနဲ့ နောက်တစ်သုတ်ပြောင်းပေါ့။ ဘာတွေဖြစ်မလဲဆိုတဲ့ ရင်တထိတ်ထိတ်နဲ့ပဲကျော်ဖြတ်ခဲ့ကြတာ အခုဆိုရင် တစ်လကျော်သွားပြီ။ ရန်ကုန်ရဲ့လမ်းတွေပေါ်လည်း ကားတွေတော်တော်များများ ပြန်တွေ့လာသလို နှာခေါင်းစီးတပ်တာလည်း လျော့သွားတယ်။ လူတွေရဲ့ စိုးရိမ်မှုက အစောပိုင်းရက်ကလို မဟုတ်တော့ဘူး။ Home Stay နေခိုင်းတဲ့အစောပိုင်းကာလ ပိုးတွေ့မှုတွေ သုညအမှတ်ကနေ တိုးကာစက ညဘက်ဆို ကျန်းမာရေးဝန်ကြီးဌာနရဲ့ သန်းခေါင်သန်းလွှဲထုတ်ပြန်ချက်ကို စောင့်ဖတ်ရင်း သတင်းတွေပြောကြတာကနေ အခုတော့ ဘယ်အချိန်ထုတ်သွားမှန်းတောင် မသိတာတွေဖြစ်လာကြပြီ။ သတင်းတွေလည်း အစောပိုင်းက လူနာကိုခြေရာကောက်ရတာ အမောကနေ အခုတော့ လူနာနံပါတ်တွေလည်း မသိကြတော့ဘူး။ COVID-19 လူနာထပ်တွေ့တဲ့ သတင်းတွေလည်း စာဖတ်သူတွေက စိတ်ဝင်စားတာ အရင်လိုမများတော့ဘူး။

ဒီမှာခက်တာက ပြန်ဖွင့်တာတွေ စိတ်ချလက်ချလည်း လုပ်လို့ရသေးတဲ့ကာလလည်းမရောက်သေးတော့ လုပ်ငန်းတွေ လည်ပတ်ဖို့ဆိုတာ လိုသေးတယ်။ နိုင်ငံတစ်ချို့မှာ လော့ဂ်ဒေါင်းဖြည်လိုက်တဲ့အခါ COVID-19 လူနာတွေ ပြန်တက်လာတာတွေရှိတယ်။ ဒီရောဂါပိုးက ဒီလိုပဲ ရှိနေဦးမှာ။ သူ့အတွက် အခွင့်သာရင် ပြန်ခေါင်းထောင်လာဦးမှာလို့ သိပ္ပံပညာရှင်တွေက ပြောထားတာရှိတယ်။ အိမ်ထဲမှာချည်း နေတာကြာတာနဲ့အမျှ စားရေးအတွက် စိန်ခေါ်မှုကလည်း ကြီးလာတယ်။ လူတွေ အပြင်ထွက်ချင်စိတ်တွေ များတတ်လာကြတယ်။ အဲဒီအချိန်ကျ Second Wave ဆိုတာဖြစ်မှာလားဆိုတာလည်း စိုးရိမ်နေရသေးတယ်။ ဒါကြောင့် လူအုပ်စု စုဝေးတာတွေ မလုပ်ဖြစ်အောင် စိတ်ရှည်သည်းခံကြဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့သတင်းသမားတွေလည်း သတိ ဝီရိယနဲ့ သတင်းတွေဆက်ထုတ် လျှောက်လှမ်းကြရပါဦးမယ်။  ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly