Onepay သည် မြန်မာနိုင်ငံ၏ ပထမဆုံး ဘဏ်အချင်းချင်း ငွေလွှဲသည့် ဝန်ဆောင်မှုကို ပြုလုပ်နိုင်သည့် လူနေမှုဘက်စုံသုံး mobile app တစ်ခုဖြစ်လာ

Onepay သည် မြန်မာနိုင်ငံ၏ ပထမဆုံး ဘဏ်အချင်းချင်း ငွေလွှဲသည့် ဝန်ဆောင်မှုကို ပြုလုပ်နိုင်သည့် လူနေမှုဘက်စုံသုံး mobile app တစ်ခုဖြစ်လာ

Onepay မှ သုံးစွဲသူများအတွက် ပြည်တွင်းဘဏ် ၇ ဘဏ် အချင်းချင်းကြား မိုဘိုင်းမှတဆင့် လွယ်ကူစွာ ငွေလွှဲနိုင်မည့် ဝန်ဆောင်မှုကို စတင်မိတ်ဆက်

ရန်ကုန်၊ မြန်မာ - မေ ၄ ရက်၊ ၂၀၂၀ ခုနှစ်။          ။ Onepay သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုဘိုင်းမှတဆင့် ဘဏ်အချင်းချင်း ငွေလွှဲသည့်ဝန်ဆောင်မှု (mobile interbank service) ကို တရားဝင်မိတ်ဖက်ဘဏ်ဖြစ်သည့် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD ဘဏ်) ၏ နည်းပညာပိုင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုဖြင့် ယနေ့တွင် စတင်မိတ်ဆက်ခဲ့သည်။ ဤမိုဘိုင်းမှတဆင့် ဘဏ်အချင်းချင်း ငွေလွှဲသည့်ဝန်ဆောင်မှုကို အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး ဘဏ် (AGD ဘဏ်)၊ ဧရာဝတီဘဏ် (AYA ဘဏ်)၊ သမဝါယမဘဏ် (CB ဘဏ်)၊ ကမ္ဘောဇဘဏ် (KBZ ဘဏ်)၊  မြန်မာရှေ့ဆောင်ဘဏ် (MAB ဘဏ်)၊ ယူနိုက်တက်အမရဘဏ် (UAB ဘဏ်) နှင့် ရိုးမဘဏ်တို့တွင် အသုံးပြုနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုဘိုင်းမှတဆင့် ဘဏ်အချင်းချင်း ငွေလွှဲသည့် ဝန်ဆောင်မှုသည် သုံးစွဲသူများကို နီးစပ်ရာ ဘဏ်ခွဲများသို့ သွားရောက်ရန်မလိုပဲ ဘဏ်တစ်ခုနှင့် တစ်ခုကြား ငွေလွှဲခြင်းကို လွယ်ကူစွာ ပြုလုပ်နိုင်မည်ဖြစ်သည်။ ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားနေသည့်ကာလတွင် ဤဝန်ဆောင်မှုသည် လူတစ်ဦးနှင့်တစ်ဦး ထိတွေ့မှုကို လျှော့ချပေး နိုင်ရုံသာမက ဘဏ်တစ်ခုမှ အခြားဘဏ်တစ်ခုသို့ ငွေလွှဲရန်ကိစ္စအတွက် ဘဏ်ခွဲများသို့ ကူးချည်သန်းချည်သွားရသည့် အခြေအနေမှလည်း လွတ်ကင်းနိုင်မည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် ဘဏ်အချင်းချင်းကြား ငွေလွှဲလိုပါက မိမိ၏Onepay ပိုက်ဆံအိတ်ထဲသို့ ငွေဖြည့်ပြီး လွယ်ကူစွာ ငွေလွှဲနိုင်မည်ဖြစ်သည်။  ငွေဖြည့်ခြင်းကို AGD ဘဏ်ငွေစာရင်းကို အသုံးပြု၍သော်လည်းကောင်း၊ e-commerce မှတ်ပုံတင်ထားသော မည်သည့်ဘဏ်၏ MPU ကတ်ကိုမဆို အသုံးပြု၍ သော်လည်းကောင်း၊ Visa သို့မဟုတ် MasterCard များကို အသုံးပြု၍ သော်လည်းကောင်း ပြုလုပ်နိုင်ပါသည်။ ထို့အပြင် ဘဏ်စာရင်းနှင့် ကတ်များမရှိပဲနှင့် လည်း နီးစပ်ရာ 123 ဝန်ဆောင်မှု ရသည့် ဆိုင်များနှင့် နိုင်ငံတစ်ဝှမ်းရှိ Onepay ၏ တရားဝင်ကိုယ်စားလှယ် ဆိုင်များတွင် ငွေဖြည့်နိုင်ပါသည်။  ငွေဖြည့်ပြီး သည့်နောက်တွင် မိမိ၏ Onepay ပိုက်ဆံအိတ်ထဲမှ အထက်ဖော်ပြပါဘဏ်များထဲမှ မိမိ ငွေလွှဲလိုသည့်ဘဏ်သို့ ငွေလွှဲခြင်း ကို အလွယ်တကူပြုလုပ်နိုင်မည်ဖြစ်သည်။

One Pay Company Limited ၏ ဒုတိယမန်နေဂျင်းဒါရိုက်တာ ဦးအောင်ဇေယျမျိုးက “ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုနေတဲ့ သုံးစွဲသူတွေအတွက် ရိုးရှင်းလွယ်ကူပြီး လုံခြုံတဲ့ဝန်ဆောင်မှုမျိုးပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။  ဒီနေ့မှာ ကျွန်တော်တို့ရဲ့ မိတ်ဖက်ဘဏ်ဖြစ်တဲ့ AGD ဘဏ်ရဲ့ နည်းပညာအထောက်အပံ့နဲ့ မိုဘိုင်းမှတဆင့် ဘဏ်အချင်းချင်း ငွေလွှဲတဲ့ဝန်ဆောင်မှုကို စတင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။  ဒါဟာကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် ပန်းတိုင်ကို အရောက်သွားဖို့ ခြေလှမ်းနောက်တစ်လှမ်းပဲဖြစ်ပါတယ်။  ဒီဘဏ်အချင်းချင်းငွေလွှဲတဲ့ ဝန်ဆောင်မှုကို အသုံးပြုတဲ့အခါမှာ သုံးစွဲသူတွေက ဝန်ဆောင်ခအပိုကုန်ကျစရိတ်တွေ ထပ်ပေးဖို့မလိုပါဘူး။ ငွေလွှဲတဲ့အခါမှာ သက်ဆိုင်ရာ ဘဏ်တွေက သတ်မှတ်ထားတဲ့ ငွေလွှဲခအတိုင်းပဲ ကျသင့်မှာဖြစ်ပြီး တော့ Onepay app က သုံးစွဲသူတွေကို ငွေလွှဲမှုကို အတည်မပြုခင်အဆင့်မှာ ကျသင့်မယ့် ငွေလွှဲခပမာဏကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။  Onepay app ကနေငွေလွှဲလိုက်ပြီး တစ်ဖက်က လက်ခံသူရဲ့ ဘဏ် account ထဲကို ငွေရောက်ဖို့ ရုံးဖွင့်ရက် ၂ ရက် အချိန်ယူမှာဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

AGD Bank ၏ Chief Business Officer ဦးပြည်စိုးထင်က “Onepay ရဲ့ တရားဝင်မိတ်ဖက်ဘဏ် အနေနဲ့ ADG ဘဏ်က Onepay သုံးစွဲသူတွေလုပ်ဆောင်မယ့် ဘဏ်အချင်းချင်းကြားငွေလွှဲတဲ့ဝန်ဆောင်မှုနဲ့ သက်ဆိုင်တဲ့ ငွေပေးငွေယူ လုပ်ငန်းစဉ်တွေကို စီမံခန့်ခွဲသွားမှာပါ။  မြန်မာနိုင်ငံရဲ့ ပထမဆုံး မိုဘိုင်းမှတဆင့် ဘဏ်အချင်းချင်းငွေလွှဲတဲ့ဝန်ဆောင်မှု အတွက် ဘဏ်လုပ်ငန်းနည်းပညာ ဝန်ဆောင်မှုကို ထောက်ပံ့ပေးရလို့ အလွန်ဂုဏ်ယူပါတယ်။ Onepay နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာ ငွေသားမဲ့ ငွေကြေးစနစ်ကို ပေါ်ပေါက်လာဖို့ လုပ်ဆောင်သွားမှာပါ။” ဟု ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ကပ်ရောဂါ COVID-19၊ တိုးတက်လာသည့် နည်းပညာ၊ မြင့်တက်လာသော မိုဘိုင်းအသုံးပြုမှုနှင့် ပြည်တွင်းတွင် အင်တာနက်အသုံးပြုနိုင်သည့်ဧရိယာကျယ်ပြန့်လာမှုတို့သည်  မြန်မာလူထုကို သမားရိုးကျငွေပေးချေမှုစနစ်မှ ငွေသားမဲ့ မိုဘိုင်းငွေပေးချေမှုစနစ်သို့ ကူးပြောင်းရန် တွန်းအားပေးလျက်ရှိ ပါသည်။

Onepay app သည် သုံးစွဲသူနှင့် စီးပွားရေးလုပ်ငန်းများကို မိုဘိုင်းဘဏ်လုပ်ငန်းနှင့် ငွေပေးငွေယူ လုပ်ငန်းများ ပေါင်းစပ်ထားသော ပလက်ဖောင်းတစ်ခုတည်းပေါ်တွင် ဆက်သွယ်ချိတ်ဆက် ပေးသော app ဖြစ်ပါသည်။ Onepay သည် ငွေကြေးဆိုင်ရာလုပ်ငန်းများနှင့် အရေးပါသော လူနေမှု လုပ်ငန်းဆောင်တာများအတွက်လိုအပ်သော ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများဝယ်ယူရတွင် ပိုမိုလွယ်ကူမြန်ဆန်သော ငွေပေးချေနိုင်သည့်ဝန်ဆောင်မှုပေးအပ်ခြင်းဖြင့် သုံးစွဲသူများ အတွက် ရိုးရှင်းလွယ်ကူသော လူနေမှုပုံစံ ဖန်တီးပေးရန် ရည်ရွယ်ပါသည်။

Onepay app ကို android နှင့်ဖြစ်စေ၊ iOS နှင့်ဖြစ်စေ အသုံးပြုနိုင်မည်ဖြစ်ပြီး app ကို playstore နှင့် apple app store အသီးသီးမှ download ရယူနိုင်ပါသည်။ Onepay အကြောင်းကိုပိုမိုပြည့်စုံစွာသိရှိနိုင်ရန်နှင့် app ကို download လုပ်ရန် Onepay ၏ တရားဝင်စာမျက်နှာ www.onepay.com.mm ကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly