မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ပိုလန် Cloud Operator တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံမြှုပ်နှံ

မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ပိုလန် Cloud Operator တွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံမြှုပ်နှံ

ဝါဆော၊ မေ ၆

မိုက်ခရိုဆော့ဖ်ကုမ္ပဏီသည် ဒေသတွင်း cloud-computing ဒေတာအချက်အသစ်တစ်ခုဖန်တီးခြင်းအပါအဝင် ၎င်းတို့၏လုပ်ငန်းများကို တိုးချဲ့ရန်အတွက် ပိုလန်နိုင်ငံတွင် အမေရိကန်ဒေါ်လာ တစ်ဘီလီယံရင်းနှီးမြှုပ်နှံသွားမည်ဟု အင်္ဂါနေ့ကထုတ်ပြန်ကြေညာခဲ့သည်။

မိုက်ခရိုဆော့ဖ်အမေရိကန်နည်းပညာကုမ္ပဏီကြီးသည် ပိုလန်နိုင်ငံရှိ ကုမ္ပဏီလုပ်ငန်းအားလုံးအတွက် cloud ဖြေရှင်းချက်များ အထောက်အပံ့ပေးရန် ပိုလန်အစိုးရကျောထောက်နောက်ခံပြု National Cloud Operator နှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ၎င်းတို့ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။

“နည်းပညာကုမ္ပဏီကြီးက ကျွန်တော်တို့ ဥရောပဒေသမှာ တစ်ဘီလီယံတန်ဖိုးရှိတဲ့ အကြီးမားဆုံးရင်းနှီးမြှုပ်နှံမှုကြီးလုပ်ဖို့ ပိုလန်နိုင်ငံကို ရွေးချယ်ခဲ့ပါတယ်” ဟု ပိုလန်ဝန်ကြီးချုပ် Matusz Morawiecki က ၎င်း၏ Facebook စာမျက်နှာတွင် အင်္ဂါနေ့က ပြောခဲ့သည်။

မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ယခုရင်းနှီးမြှုပ်နှံမှုသည် ပိုလန်နိုင်ငံ စီးပွားရေးတစ်ခုလုံး၏ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်လုပ်ဆောင်ရန်နှင့် အချက်အလက်များကို ဒစ်ဂျစ်တယ်စနစ်အသွင်ပြောင်းရေးအတွက် နောက်ထပ်အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်းနှင့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းသည် ခုနစ်နှစ်ကြာမည်ဟု မျှော်မှန်းထားကြောင်း ပြောသည်။

မိုက်ခရိုဆော့ဖ်သည် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော လုပ်ငန်းဖြစ်သည့် cloud ဝန်ဆောင်မှုပေးသော လုပ်ငန်းကြီးများအနက် တစ်ခုဖြစ်သည်။

ဝန်ဆောင်မှုအတွက် အဖိုးအခကောက်ခံမှုအပါအဝင် cloud operator များသည် cache ဒေတာများကို စုဆောင်းနိုင်ပြီး အခြားဝင်ငွေရလမ်းကြောင်းများစွာ လုပ်ဆောင်နိုင်သည်။

ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအရှိန်မြှင့်ရန်အတွက် နိုင်ငံပိုင် PKO ဘဏ်နှင့် ပိုလန်အမျိုးသားဖွံ့ဖြိုးမှုရန်ပုံငွေအဖွဲ့တို့သည် လွန်ခဲ့သော နှစ် နှစ်က National Cloud Operator ကို တည်ထောင်ခဲ့ကြသည်။

အစိုးရ၏ ခန့်မှန်းခြေအရ တစ်ချိန်က ဥရောပသမဂ္ဂတွင် စီးပွားရေးအတိုးတက်ဆုံးနိုင်ငံများတွင် အပါအဝင်ဖြစ်သော ပိုလန်၏စီးပွားရေးတိုးတက်မှုသည် ကပ်ရောဂါမဖြစ်မီက GDP တိုးတက်မှုနှုန်း ၃.၇ ရာခိုင်နှုန်း ခန့်မှန်းထားရာမှ ယခုနှစ်တွင် ၃.၄ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly