ကန့်သတ်ချက်များ ရုပ်သိမ်း၍ ပြန်လည်အသက်ဝင်လာသည့် ဥရောပ လေးနိုင်ငံ

ကန့်သတ်ချက်များ ရုပ်သိမ်း၍ ပြန်လည်အသက်ဝင်လာသည့် ဥရောပ လေးနိုင်ငံ

မေ ၅

ဥရောပ၌ အကြာမြင့်ဆုံး လော့ဒေါင်းချထားသည်ကို အီတလီနိုင်ငံက ရုပ်သိမ်းလိုက်ပြီဖြစ်၍ မေ ၄ ရက်တွင် နိုင်ငံသူ နိုင်ငံသားများ လမ်းများပေါ် ဥဒဟို သွားလာနေကြပြီ ဖြစ်သည်။

ဥရောပ၏ ဗိုင်းရပ်စ်ကပ်ဘေး အစောဆုံး လက္ခဏာဖြစ်ခဲ့သော လမ်းများနှင့် ဓာတ်ရထားလမ်းများ လူသူကင်းမဲ့ခဲ့သည့် ဗင်းနစ်မြို့က စိန့်မတ်ရင်ပြင်မှာ လူများဖြင့် ပြည့်ကာ တစ်ကျော့ပြန် အသက်ဝင်လာသည်။ ယင်းမြို့လယ်ရင်ပြင်တွင် ကုန်သည်အရောင်းအဝယ်သမားများလည်း ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

မီလန်၌ လူလေးသန်းကျော် စက်ရုံများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ ပြန်လည်ဝင်ရောက်ဟန် ရှိခြင်းနှင့်အတူ ရထားများနှင့် ပလက်ဖောင်းများလည်း ပြန်လည်စည်စည်ကားကား ဖြစ်လာသည်။

ဥယျာဉ်ပန်းခြံများတွင်လည်း လေ့ကျင့်ခန်းလုပ်ကြသူများကို မြင်တွေ့ကြရသကဲ့သို့ သီတင်းပတ်များစွာအတွင်း ပထမဆုံးအဖြစ် ဆွေမျိုးသားချင်းများဆီ သွားကြလာကြသူများလည်း ရှိလာခဲသည်။

ဒေသဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အများပြည်သူ သယ်ယူပို့ဆောင်ရေးများတွင် လူခွာနေခြင်း social distancing ကို သေချာလိုက်နာစေရန် တာဝန်ယူရမည်ဟု အီတလီအစိုးရက ပြောထားသော်လည်း တစ်ချို့သော ဓာတ်ပုံများအရ social distancing ကြပ်ကြပ်မတ်မတ် မကျင့်သုံးကြောင်းကိုပြသနေသည်။

ဥရောပ တစ်နိုင်ငံဖြစ်သည့် ဂျာမနီနိုင်ငံတွင်လည်း နွေရာသီ စာမေးပွဲများအတွက် စောင့်ကြိုနေသည့် ကလေးငယ် ထောင်ပေါင်းများစွာက ကျောင်းပြန်တက်နိုင်ကြပြီ ဖြစ်သည်။

တစ်ချိန်တည်းတွင် ပေါ်တူဂီနိုင်ငံမှာလည်း အရေးပေါ်အခြေအနေကို ရုပ်သိမ်းလိုက်ပြီဖြစ်ကာ ဈေးဆိုင်ငယ်များကို ပြန်လလည်ဖွင့်လှစ်ခွင့်ပေးလာသည်။ သို့သော် နှာခေါင်းစည်း မတပ်သူ မည်သူကိုမဆို ယူရိုငွေ ၃၅၀ ဒဏ်ရိုက်မည်တော့ ဖြစ်သည်။

စပိန်နိုင်ငံသည်လည်း ဆံသဆိုင်များကဲ့သို့ ဆိုင်များဆီ ဖောက်သည်များ သွားလာခွင့်ကို ခွင့်ပြုလိုက်ပြီဖြစ်သည်။  သို့သော် ကြိုတင်ဘွတ်ကင် ယူပြီးမှသာ သွားလာခွင့်ပြုထားခြင်း ဖြစ်သည်။

ယခုနိုင်ငံများနည်းတူ ကိုရိုနာဗိုင်းရပ်စ် ဒဏ်သင့် ကမ္ဘာနိုင်ငံ တော်တော်များများတွင်လည်း ကူးစက်မှုနှင့် သေဆုံးနှုန်း ကျဆင်းလာခြင်းတို့ကြား ကန့်သတ်စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့မှုများ စတင်လုပ်ဆောင်လျက် ရှိနေပြီ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required