တောင်ဥက္ကလာမြို့နယ်၊ သစ္စာလမ်းတွင် Food Panda မှ Delivery သမားတစ်ဦး လုယက်ခံရ

တောင်ဥက္ကလာမြို့နယ်၊ သစ္စာလမ်းတွင် Food Panda မှ Delivery သမားတစ်ဦး လုယက်ခံရ

ရန်ကုန်၊ မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာမြို့နယ်၊ သစ္စာလမ်းပေါ်တွင် ယနေ့(မေ ၅ရက်) မနက် ၁၀နာရီဝန်းကျင်က အစားအသောက် ပို့ဆောင်ပေးသည့် Food Panda Delivery မှ ပို့ဆောင်သူတစ်ဦးသည် အစားအသောက်များ ပို့ဆောင်ရန် စောင့်ဆိုင်းနေစဉ် ၎င်းပါလာသည့် ပစ္စည်းများကို လုယက်ခံခဲ့ရကြောင်း အဆိုပါ အနီးပတ်ဝန်းကျင်မှ ဒေသခံများက ဆိုသည်။
 

ဖြစ်စဉ်မှာ လုယက်သူသည် Toyota Vitz အမျိုးအစား၊ ကားအမှတ် (BB -**** )ဖြင့် ကားပေါ်မှ ၎င်း၏ ဖုန်းနှင့် ပိုက်ဆံအိတ်ကို လှမ်းဆွဲလုရာ ဖုန်းပါသွားခဲ့ပြီး လုယက်ခံရသူမှာမူ ကားနှင့် စက်ဘီး ချိတ်ပါသွားကာ ဒူးခေါင်း၊ လက်ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သည်။

အဆိုပါ လုယက်သူကို မြင်လိုက်ရသည့် တက္ကစီသမားတစ်ဦးက ဝိုင်းဝန်းဖမ်းဆီးရာ တောင်ဥက္ကလာပမြို့နယ်၊ ၁၀ရပ်ကွက်တွင် ဖမ်းဆီးမိခဲ့ပြီး တောင်ဥက္ကလာ မြို့နယ်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ၁၀ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးကြည်က ပြောသည်။

“ပို့တဲ့ကလေးက လာပို့ရမယ့်အိမ်ကို ဖုန်းနံပါတ်ရှာနေတာပေါ့ အဲ့အချိန်မှာ ကားထဲကလူက လှမ်းဆွဲလုတယ် ဖုန်းပဲ ပါသွားတယ် အဲ့အချိန်မှာ ကားနဲ့ တန်းလန်းပါသွားတယ်၊ နောက် အရှိန်များတော့ ကျန်ခဲ့ပြီး ၇ရပ်ကွက်က ထွက်လာတဲ့ တက္ကစီသမားက လိုက်ဖမ်းပေးပြီး ဒီဘက်မှာ လာမိတာပါ”ဟု ၎င်းကပြောသည်။

အဆိုပါ လုယက်မှုမှာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ဘဲ နောက်ထပ် လုယက်သည့် အဖွဲ့များ ရှိနေနိုင်သောကြောင့် အဆိုပါလုယက်သူကို တောင်ဥက္ကလာပ မြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းလျှက်ရှိကြောင်း သိရသည်။

ယခုကာလအတွင်း Delivery ပို့ဆောင်သူများသည် မကြာခဏလုယက်ခံနေရသောကြောင့် သတိထားလုပ်ကိုင်နေကြရကြောင့် ထိုလုပ်ငန်းလုပ်ကိုင်သူအချို့၏ပြောပြချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required