ဟုမ်စတေးနဲ့ ထောင်ကျခြင်းအနုပညာ (၃)

သန့်ဇော်(သန်လျင်)

ကြောင်ကလေးတွေနဲ့ . . . . .

ကျွန်တော်တို့ အားလုံး အခုလို ဟုမ်းစတေးနေလာခဲ့တာ တစ်လလောက်ရှိတော့မှာဖြစ်ပါတယ်။ ဝန်ထမ်းတွေလည်း အိမ်ကနေပဲ အလုပ်လုပ်နေကြရတာလည်း တစ်လကျော်ပါပြီ။ ပြည်သူတွေလည်း ပင်ပန်းနေကြပေမယ့် အသက်အန္တရယ်နဲ့ ပတ်သက်နေတဲ့ကိစ္စဆိုတော့လည်း အိမ်မှာ အမြဲလိုလို ပိတ်လှောင်ပြီး မနေချင်သော်လည်း အောင့်အည်းသည်းခံနေရတော့တာပဲ မဟုတ်ပါလား။ အဲဒီလို အိမ်မှာ နေရတဲ့အချိန် အိမ်မှာ ခွေးလေးတွေ၊ ကြောင်လေးတွေ၊ ငါးကလေးတွေ စတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့သူတွေကတော့ တခြားသူတွေနဲ့စာရင် အပျင်းလေးတွေ ပြေမှာပေါ့။

ကျွန်တော် ထောင်ထဲမှာ ရေဒီယိုကိစ္စကြောင့် ထောင်အာဏာပိုင်တွေက သံခြေချင်းခတ်၊ စစ်ဆေးမေးမြန်း၊ ရိုက်နှက်ကန်ကျောက်၊ ညှဉ်းပန်းနှိပ်စက်ပြီး တိုက်ခန်းကျဉ်းကျဉ်းလေးထည့်ပြီး သံတံခါးကို သော့ခတ်၊ တံခါးရှေ့ကနေ ဘီရိုကြီးကိုပိတ်လိုက်ပါတော့တယ်။ အဲဒီလို အကျဉ်းအကျပ် ပြစ်ဒဏ်ဖြစ်နေတဲ့အချိန် ကျွန်တော့ကို တိုက်ပိတ်ထားတဲ့အခါ အဆိုးထဲက အကောင်းလို့ခေါ်မလား၊ ကျွန်တော့ တိုက်ခန်းထဲကို ကြောင်တစ်ကောင် အစာရှာရင်း ရောက်လာပါလေရော။ ကျွန်တော်ကလည်း ကြောင်တွေကို ချစ်တတ်သူဆိုတော့ ကြောင်ကို ခေါ်တာပေါ့။ ကြောင်က ကျွန်တော်နဲ့ မရင်းနှီးတော့ ခေါ်တာကို ဘယ်လာပါ့မလဲ။

ကျွန်တော်ကလည်း ဇွဲမလျှော့ပါဘူး။ တိုက်ခန်းထဲမှာလည်း ဘာအလုပ်မှမရှိတော့ ကျွန်တော် ကြောင်ကို ခေါ်နေရတာကိုက ကျွန်တော့ရဲ့ အချိန်ပို ပျင်းရိမှုတွေကို သက်သာစေတာပဲ မဟုတ်ပါလား။ တစ်ရက်၊ နှစ်ရက်၊ လေး - ငါးရက်လောက် ကျွန်တော် အစာလေးပြပြီး နောက် အစာလေးကျွေးပြီး ခေါ်တော့ ကျွန်တော့ဆီ လာပါလေရော။ ဘယ်ရမလဲ ကြောင်က အမဲသားကြိုက်တယ်လေ၊ ထောင်က တစ်ပတ်တစ်ခါ သူတို့အပြောတော့ ငါးကျပ်သား တကယ်ရတာက ၃ ကျပ်သားလောက်ရှိတဲ့ အရွတ်ခပ်များများပါတဲ့ အမဲသားတုံးကို ပြပြီးခေါ်တော့ လာတာပေါ့ဗျာ။ အရေးကြီးတာက အသံကို နူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့နဲ့ သူတို့ကိုခေါ်ရင် လူနဲ့နီးတဲ့ တိရစ္ဆာန်တွေက အဆင်ပြေတာများတယ်ဆိုတာလည်း သိထားတာပေါ့။

ပြောရဦးမယ်၊ ကြောင်နဲ့ အနီးကပ်အစာကျွေးလို့ရ သူ့ကိုပွတ်သပ်ခွင့်ရတော့မှ ကြောင်က ကိုယ်ဝန်ကြီးနဲ့ဆိုတာ သိလိုက်ရတော့တယ်။ ကြောင်လေးတွေမွေးရင် ကိုယ့်အခန်းမှာမွေးရင် မပျင်းရတော့ဘူးပေါ့။ ဒီလိုနဲ့ ကြောင်မကြီးဟာ အစာလာစားလိုက် နောက်ပိုင်း တစ်ရေးတစ်မောတောင် အိပ်သွားသေးတယ်။ ကြောင်မကြီးကလည်း ကျွန်တော်က သူ့ကိုရန်မမူတာရယ် ချော့မြူတာရယ် သူကြိုက်တဲ့ အစားတွေကို ဂရုတစိုက် ကျွေးတာတွေရယ်ကြောင့် ကျွန်တော့ကို ပိုပြီး ခင်တွယ်လာတော့တာပေါ့။

ထောင်ထဲမှာ ထပ်ပြီးတိုက်ပိတ်ထားခံရတာ တစ်လကြာတော့ ကျွန်တော့ခြေတောက်မှာ ခတ်ထားတဲ့ သံခြေချင်းလည်း ဖြုတ်ပေးတယ်၊ တံခါးတစ်ချပ်လည်းဖွင့်ပေးတယ်။ ထောင်ထဲက အပြင်လေကို ရှူရတာပေါ့၊ ဒါပေမယ့် သံဇကာတစ်ထပ်ရှိသေးတယ်၊ ပြည်သူတွေရှိတဲ့ အပြင်ရောက်ဖို့ဆို နောက်ထပ် အုတ်တံတိုင်း တစ်ခု ၊ တစ်ခါ နောက်ထပ် အုတ်တံတိုင်း နှစ်ခုတောင်ကျန်သေးတာ။ ပိတ်လှောင်ထားတဲ့ တိုက်ခန်းလေးထဲက အပြင်ကို တစ်ဆင့်ထွက်ခွင့်ရတယ်ဆိုရင်ပဲ နည်းနည်းလေးလွတ်လပ်သွားတာကိုက တန်ဖိုးကကြီးလိုက်တာလို့ ပြောရမှာပဲ။

တစ်နေ့ အပြင်ကိုထွက်ထိုင်ရင်း ကျွန်တော်နေတဲ့နေရာနဲ့ အုတ်တံတိုင်းကြား တခြားအကျဉ်းသားတွေ တောင်ယာလုပ်နေတာ၊ ရေထမ်းနေတာ၊ သန့်ရှင်းရေးလုပ်နေတာတွေကို ထိုင်ငေးရင်း နံနက် ၁၁ နာရီလောက်မှာ ကျွန်တော်ထပြီး အခန်းထဲပြန်ဝင်တဲ့အခါ ကျွန်တော့စောင်အထူကြီးအောက်မှာ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ဘာလဲဆိုတာ သွားကြည့်တဲ့အခါမှာတော့ ကြောင်မကြီး ကလေးမွေးနေပါလေရော။

အဲဒါနဲ့ စောင်တစ်ထည်ကို အခန်းထောင့်မှာအသိုက်ကလေးလိုလုပ်ပေးပြီး သူတို့သားအမိကို ရွှေ့၊ ကြောင်မကြီးကိုလည်း ၊ ကဲ ဒီမှာပဲနေနော် သမီးရဲ့ ကလေးတွေကို ဘယ်မှာခေါ်မသွားနဲ့၊ ဒီမှာ အန္တရာယ်မရှိဘူး လို့ သူ့ကို အစာကျွေးရင်း ပြောရတာပေါ့။ သူကလည်း ညောင်ညောင်ညောင် နဲ့ပေါ့။

ညဖက်လည်းရောက်ရော . . . .။   ။

(ဆက်လက်ဖော်ပြပါမည်)

သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly