အမေရိကန်၌ ကပ်ရောဂါကြောင့် အသားပြတ်လပ်မှုကြုံနေရချိန် အမဲလိုက်သူများပြား

By ‌Fox News
04 May 2020
အမေရိကန်၌ ကပ်ရောဂါကြောင့် အသားပြတ်လပ်မှုကြုံနေရချိန် အမဲလိုက်သူများပြား

မေ ၄

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း အသားရှားပါးပြတ်လပ်မှုများကြုံနေရချိန်၌ အမေရိကန်အချို့သည် ပထမဆုံးအကြိမ်အဖြစ် အမဲလိုက်မှုများ ပြုလုပ်လာကြောင်း သိရသည်။

နယူးမက္ကဆီကိုတွင်နေထိုင်သော David Elliot ဆိုသူသည် ယခင်က ရိုင်ဖယ်သေနတ်ပိုင်ဆိုင်ခဲ့ဖူးခြင်းမရှိသလို တိရစ္ဆာန်အကောင်ကြီးများကိုလည်း အမဲလိုက်ခဲ့ခြင်းမရှိဘဲ အမေရိကန်၌ ကိုရိုနာဗိုင်းရပ်စ်စတင်တွေ့ရှိလာသည့်အခါ မိသားစုနှင့်မိတ်ဆွေများကို ကူညီရန်အတွက် ဇန်နဝါရီလ၌ သမင်ကြီးများကို အမဲလိုက်ရန် ပထမဆုံးအကြိမ်အဖြစ် စဉ်းစားခဲ့သည်ဟုဆိုသည်။

“ညှင်းပန်းရာမရောက်တဲ့ပုံစံနဲ့ အတတ်နိုင်ဆုံး သေသေချာချာ ပစ်ချင်ပါတယ်။ အသားတွေလည်း အများကြီး ရနိုင်တယ်လေ” ဟု Elliot က ရိုက်တာသတင်းဌာနကိုပြောသည်။

သားကောင်နှင့်ငါးလုပ်ငန်းအေဂျင်စီများ၏အဆိုအရ အမေရိကန်တစ်ဝန်း ဗိုင်းရပ်စ်ဆက်လက်ပျံ့နှံ့နေစဉ်မှာ ပြည်နယ်အများအပြား၌ ယခုနှစ်နွေဦးတွင် အမဲလိုက်လိုင်စင်နှင့်ခွင့်ပြုချက်လျှောက်ထားမှုများ တိုးပွားလာကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်လအတွင်း ပထမဆုံးအကြိမ်အဖြစ် အသားပြတ်လပ်မှုများကြုံခဲ့ရပြီး ကုန်စုံဆိုင်များ၌ အသားရောင်းချမှုများ ပြန်လည်မြင်တွေ့ရမည်ဟု မျှော်လင့်ကြောင်း Quality Deer Management Association မှ Hank Forester  ကပြောသည်။

“လူတွေက ကိုယ့်ကိုယ်ကို အားကိုးလာပြီး သူတို့အစားအစာက ဘယ်ကရတယ်ဆိုတာ စပြီး စဉ်းစားလာကြပြီ။ ကျွန်တော်တို့တွေအားလုံး မုဆိုးတွေအဖြစ်မွေးဖွားလာကြတာပါ” ဟု Forester က ဆိုသည်။

ဂျော်ဂျီယာက  ဆောက်လုပ်ရေးကွန်ထရက်တာတစ်ဦးဖြစ်သူ အသက် ၄၂ အရွယ်ရှိ Nina Stafford က ဇန်နဝါရီလတွင် သမင်ကို ပထမဆုံးအကြိမ်အဖြစ် ပစ်သတ်ခဲ့ပြီး နောက်တစ်ကြိမ် အစားအစာပြတ်လပ်မှုကြုံပါက သူမအနေဖြင့် ထပ်မံအမဲလိုက်ရန် ယုံကြည်ချက်ရှိလာသည်ဟု ပြောသည်။

“ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမဲလိုက်ဖြစ်ခဲ့ပြီး စားဖို့ ဘယ်ကနေရမလဲဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုတွေမရှိတော့အောင် ကပ်ရောဂါက ကျွန်မတို့ကို လုပ်ဆောင်ပေးခဲ့ပါတယ်” ဟု Stafford က ရိုက်တာသတင်းဌာနကို ပြောသည်။

အမေရိကန်နိုင်ငံသားများအတွက် စိုးရိမ်ပူပန်နေကြရချိန်မှာ တချို့က ခေါင်းရှင်းလိုသည့်အနေဖြင့် အမဲလိုက်ကြခြင်းဖြစ်သည်။

“ဒီလိုမျိုး စိတ်ကိုရှင်းရှင်းထားပြီး ပစ္စုပ္ပန်ကို ရှုရတဲ့အလုပ်က ကျွန်တော့်အတွက် အရမ်းအရေးကြီးပါတယ်။ လူက လက်ရှိအချိန်ကို အာရုံစိုက်ထားရမယ်။ တိတ်တိတ်လေးနေပြီး နားစွင့်နေရုံပဲ” ဟု အသက် ၃၈ နှစ်ရှိ ကျောင်းဆရာတစ်ဦးဖြစ်သူ Nathaniel Evans က ပြောသည်။ Nathaniel သည် ပြီးခဲ့သည့်လက နယူးမက္ကဆီကိုတွင် ၁၇ ပေါင် အလေးချိန်ရှိ ကြက်ဆင်တစ်ကောင်ကို ပစ်သတ်ခဲ့သည်။

အမေရိကန်ပြည်နယ်အချို့တွင် အမဲလိုက်လိုင်စင်လျှောက်ထားမှု များပြားလာသော်လည်း ကယ်လီဖိုးနီးယားနှင့်ဖလော်ရီဒါပြည်နယ်များတွင်မူ လိုင်စင်လျှောက်မှု ကျဆင်းလာသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required