ကယားပြည်နယ်က အချက် ၁၀ ချက်ပါ ဒေသန္တရ အမိန့်

မေလ ၄

ကယားပြည်နယ် လွိုင်ကော် မြို့နယ် ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက မေလ ၃ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် အချက် ၁၀ ချက်ပါ အမိန့်က လူအများအတွက် ပြောစရာဖြစ်နေခဲ့သည်။

လွိုင်ကော်မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု အတွင်း ပြည်သူများလိုက်နာရန် စည်းကမ်းချက်များဟု ဆိုရာတွင် “ ပြည်သူလူထုအား ထင်ရောင်ထင်မှားဖြစ်စေမည့် စကားလုံးအသုံးအနှုံးများဖြင့် လှုံ့ဆော်ခြင်း၊ စည်းရုံးခြင်း၊ ထုတ်ဖော်ပြောဆိုခြင်း မပြုလုပ်ရ” ဟု အချက်တစ်ချက်အနေဖြင့် ပါရှိသည်။  

ထို့အပြင် “ နိုင်ငံတော်နှင့် နိုင်ငံတော်အဖွဲ့ အစည်းများအား အကြည်အညို ပျက်စေမည့် ဥပဒေနှင့် မညီညွှတ်သည့် အရေးအသားများ၊ ရုပ်ပုံကားချပ်၊ ပိုစတာများ၊ ဗွီနိုင်း ၊ လက် ကမ်းစာ စောင်များ အစရှိသည့် အမှတ်အသား တခုခုကို ပုံနိုပ်၍ သော်လည်းကောင်း နည်း လမ်း မျိုးမျိုးဖြင့်သော် လည်းကောင်း မည်သည့်နေရာတွင်မျှ မပြုလုပ်ရ။

“ ဥပဒေနှင့် မညီညွတ်သော မဟုတ်မမှန်သည့် အချက်အလက်များပါဝင်သော သဘောထားများ ထုတ်ပြန်ခြင်း၊ ဖော်ပြဆောင်ရွက်ခြင်းကို မည်သည့်နေရာတွင်မျှ မပြုလုပ်ရ။

“ နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရအဖွ့ဲအစည်းများအပေါ် အကြည်ညိုပျက်စေမည့် အပြောအဆိုများအား ရပ်ကွက်/ကျေးရွာအုပ်စု၊ ကျေးရွာဧရိယာ နယ်နမိတ်အတွင်း အသံချဲ့စက်၊ ကရိယာများကို အသုံးပြု၍သော်လည်းကောင်း၊ အသုံးမပြဲသော်လည်းကောင်း လှည့်လည်ပြောဆိုခြင်းမပြုရ” ဆိုသော အချက်များပါဝင်သည်။

ကျန်အချက်များတွင်တော့ အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် အရက်သေစာသောက်ခြင်းကို တားမြစ်ခြင်း၊ ဆိုင်ကယ်နှင့် ကားများကို ပါဝါအိပ်ဇောများတပ်ဆင်မောင်းနှင်မှုကို တားမြစ်ခြင်း၊ အစိုးရမြေပေါ် ကျူးကျော်ခြင်းမပြုလုပ်ရန် သတိပေးခြင်း၊ သတင်းမှားဖြန့်ချိခြင်း၊ ဘာသာသာရေး လူမျိုးရေး အမုန်းစကားများ တားမြစ်ခြင်းတို့ပါသည်။

အမိန့်ဘာလို့ ထွက်ပေါ်လာသလဲ

မေလ ၁ ရက်နေ့က ကုန်းသာ ကျေးရွာအုပ်စုနှင့် ကယန်း သာယာကျေးရွာများက ဒေသခံ လူငယ်အချို့နှင့် MaTa အဖွဲ့တို့ ပူးပေါင်းပြီး ဓနပြည့်ဝန်း ကုမ္ပဏီက လျှောက်ထားသည့် ခဲသတ္တု တူးဖော် မည့် စီမံကိန်းကို ကန့်ကွက်ကြောင်း၊ ၎င်းတို့ဒေသတွင် မြေလွတ် ၊ မြေလပ်၊ မြေရိုင်း မရှိကြောင်း ပိုစတာများကို ကျေးရွာအဝင် အထွက် လူစည်ကားရာ နေရာများတွင် လိုက်လံကပ်ခဲ့ကြသည်။

နောက်တစ်ရက်တွင်တော့ ကပ်ထားသော ဗွီနိုင်း၊ ပိုစတာများ ဖြုတ်ချခံထားရပြီး ဗီနိုင်းများကို မဖျက်စီးသေးဘဲ ကပ်ထားသောနေရာအနီး သစ်တုံးများဖြင့် ဖိထားသည်ကို တွေ့ရသည်။

ကရင်နီ လူ့အခွင့်အရေး အဖွဲ့မှ ဒါရိုက်တာ ဦးဗညားက လူငယ်များ ပို ပိုစတာ ဗွီနိုင်းကပ်ခြင်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရက ဟန့်တားလိုခြင်းဟု ယူဆသည်။

“ကျနော်တို့  တိုင်းရင်းသား လူငယ် အင်အားစုတွေ လူမှု့အဖွဲ့အစည်းတွေကနေ တချို့ အစိုးရရဲ့ လုပ် ကိုင် ဆောင်ရွက်ပုံတွေကို လွဲချော်နေတာတွေကို ထောက်ပြဖို့ အတွက် လမ်းကြောင်းတွေကို အားလုံး လိုက်ပိတ်နေတယ်လို့ ယူဆတယ်” ဟု ပြောသည်။

ခဲသတ္တုရောရာ ထုတ်လုပ်ခွင့် အငြင်းပွားမှု

 ဧပြီလ ၂၈ ရက်နေ့က ကယား ပြည်နယ် ကုန်သာ ကျေး ရွာ အုပ်စု ကွင်းပြင် ဧရိယာ ၂၄၇ ဧကရှိသော မြေလွတ် မြေလပ် နှင့် မြေရိုင်းကို ဦးဝင်းမင်းငြိမ်း ( ကိုယ်စား ) ဓနပြည့်ဝန်း ကုမ္ပဏီ လီမီတက်မှ ခဲ့သတ္တု ရောရာ ထုတ်လုပ်နိုင်ရန် လုပ်ပိုင် ခွင့် လျှောက်ထားသဖြင့် အဆိုပါ မြေကို လုပ်ပိုင်ခွင့် အသုံးပြုခွင့် မပြုသင့်ကြောင်း၊ ကန့် ကွက် လိုပါက မေလ ၁ ရက်နေ့ နောက် ဆုံးထား ကန့်ကွက်နိုင်ကြောင်း အစိုးရက အများပြည်သူသိရန် ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အပေါ် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက တန်ပြန်ကြေညာချက်ထုတ်ရာတွင် “ ဌာနေတိုင်းရင်းသားများအတွက် လွတ်လပ်သော ကြိုတင်အသိပေး တိုင်ပင်မှုနှင့် ပြည်သူ့သဘောထားရယူမှု (လွတ်၊ တိုင်၊ ရယူခြင်း လုပ်ငန်းစဉ် FPIC ) ပါ အချက်များ အပိုဒ် (၃၂) အရ လုပ်ကိုင်ဆောင်ရွက်ထားသည်ကို မတွေ့ရဟု ဆိုကာ “ အပြင်းအထန် ကန့်ကွက်” သည်ဟု ပါရှိသည်။
 
ထို့နေ့တွင်ပင် ကရင်နီပြည် ( ကယား )  MaTa အဖွဲ့ တာဝန်ခံ ခွန်အန်ဂျလိုကလည်း ၎င်း စီမံကိန်း နှင့် ပတ်သက်၍ အစိုးရဘက်က ကန့်ကွက်ရန်ပေးထားသော အချိန်သည် တိုတောင်းလွန်းသည်ဟုဆိုကာ COVID-19 ကို အခွင့်အရေးယူကာ လုပ်ဆောင်သည်ဟု စွပ်စွဲလိုက်သည်။

 “ အမှန်ဆိုရင် သူ့မူအရဆိုရင် တစ် လ ကြိုတင် အကြောင်းကြားထားရမယ်။ အဲဒီ တစ်လ အပေါ်မှာ ဒေသခံတွေက ကန့်ကွက်ရင် ကန့်ကွက်ဖို့ အချိန်ရသွားမယ်။ အခုက … COVID-19 ကို အကြောင်းပြပြီးမှ လူတွေ ရုတ်ရုတ် မဖြစ် အောင် သူတို့က ခိုးလုပ်တာပဲလို့ ကျနော်တို့ ခံယူထားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ သတ္တုရောရာ ထုတ်လုပ်မည့် နေရာအတွင်း ရေထွက်ပေါက်ရှိပြီး ကျေးရွာ ပေါင်း ၃၀ ခန့် သုံးစွဲနေကြခြင်းဖြစ်ရာ စီမံကိန်းကြောင့် ရေအသုံးပြုရမှုကိုပါ ထိခိုက်လာနိုင်ကြောင်း ခွန်အန်ဂျလိုက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly