ကိုဗစ်-၁၉ ကာကွယ်ရေး ရှမ်းပြည်နယ်ဝန်ကြီး ဦးစိုးညွှန့်လွင်နှင့် အင်တာဗျူး

ကိုဗစ်-၁၉ ကာကွယ်ရေး ရှမ်းပြည်နယ်ဝန်ကြီး ဦးစိုးညွှန့်လွင်နှင့် အင်တာဗျူး

ရန်ကုန်၊ မေ ၃

ယခု ရက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း၊မြောက်ပိုင်း၊အရှေ့ပိုင်း)အတွင်းသို့ ထိုင်းနိုင်ငံ အပါအဝင် လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံများသို့ ရောက်ရှိကာ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ ပြန်လည် ဝင်ရောက်လာမှုများ ရှိနေ ပါသည်။

ရှမ်းပြည်နယ်အတွင်းသို့ ဝင်ရောက်လာသူများကို Facility Quarantine အဖြစ်ထားရှိသလို Facility Quarantine ဝင် ထား ပြီးသူများကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ နယ်စပ်ဒေသအထိ ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပို့ ဆောင်ပေးမှုများလည်း ရှိနေသည်။

ထို့ကြောင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွား ပျံ့နှံ့နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် မည်သို့ ဆောင်ရွက် နေသလဲဆိုခြင်းအပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိ သူ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်ကို မဇ္ဈိမမှ သတင်းထောက် မေရည်ငြိမ်းချမ်းက ဆက်သွယ် မေးမြန်းထား ပါသည်။

မေး ။ ။ ဒီရက်ပိုင်းအတွင်းမှာ နယ်စပ်ဂိတ်တွေက တဆင့် ရှမ်းပြည်နယ်ထဲကို ဝင်လာတဲ့ မြန်မာအလုပ်သမားတွေ ဘယ်လောက် ရှိလဲ။

ဖြေ ။ ။ ရှမ်းပြည်နယ်မှာ ရှမ်းအရှေ့၊ ရှမ်းတောင်၊ ရှမ်းမြောက် ဆိုပြီးတော့ အပိုင်း သုံးပိုင်းရှိပါတယ်။ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတွေနဲ့ ထိစပ်နေပြီး တရားဝင် ကုန်သွယ်မှု အပေါက်တွေရှိပြီး တရားမဝင် ကုန်သွယ်မှု အပေါက်တွေလည်း ရှိပါ တယ်။

ရှမ်းအရှေ့ဟာ ထိုင်း၊ လာအို၊ တာချီလိတ်နဲ့ ထိစပ်ပြီး နယ်စပ်ပေါက်တွေ အများကြီးရှိပါတယ်။ တာချီလိတ်၊ ထိုင်းနယ်စပ် အပေါက်တွေကနေ ဝင်လာတဲ့ ပြည်တော်ပြန် စာရင်းက နယ်စပ် ပေါက် တံခါးမပိတ်မီ ကာလ (Community Based Facility Quarantine မဖွင့်မီ ကာလ)မှာ လူဦးရေ ၂၀၀၀ ရှိပြီးတော့ တံခါးပိတ်ပြီး နောက်ပိုင်း ပြန်လာသူဦးရေက သုံးသုတ် ပေါင်း၂၆၇ ဦးရှိပါတယ်။ တာချီလိတ်မှာ FQ ဝင်ခဲ့ပြီးတော့ အခု Facility Quarantine Center မှာ တစ်ယောက်မှ မရှိ တော့ ပါဘူး။

မေး ။ ။ နောက်ထပ် ဝင်လာမယ့် အနေအထားရော ရှိနေသေးလား။

ဖြေ ။ ။ နောက်ထပ် ဝင်လာမယ့်သူ ရှိသေးလားဆိုတော့ ထိုင်းအာဏာပိုင်တွေရဲ့ ညှိနှိုင်းချက်အရ လူ ၁၀၀ လောက် ရှိ နိုင် ပါတယ်။ အများစုက ထိုင်းအစိုးရရဲ့ လမ်းကြောင်း သတ်မှတ်ပေးမှုအရ မြဝတီနယ်စပ်က ဝင်လာမယ်လို့ သိရပါတယ်။ လာအိုနယ်စပ်က ပြန်လာနိုင်သူ ၁၀၀ လောက်ရှိပြီး ပြန်လာရင် FQ ဝင်ရမှာပါ။

နောက် တရုတ်နိုင်ငံ ဆစ်ခ်ဆောင်ပနား-မိုင်းလား(အထူးဒေသ ၄)- ကျိုင်းတုံ-တောင်ကြီးလမ်းက ပြန်လာမယ့်သူက ၃၀၆၇ ဦး ရှိပါတယ်။ သူတို့က တိုင်းနဲ့ပြည်နယ် အသီးသီးက သူတွေဖြစ်ပြီး တော့ မိုင်းလားမှာ ၂၁ ရက် ကွာရန်တင်း ဝင်နေတာ တွေ ရှိပြီး တချို့ကို ကွာရန်တင်းပြီးလို့ သက်ဆိုင်ရာ ဒေသတွေကို ပို့ထားပါတယ်၊ ရှမ်းပြည်တောင်ပိုင်းမှာလည်း ပြည်တော် ပြန် ၈၆၀၁ ဦး ရှိပါတယ်။ Home Quarantine နဲ့ Facility Quarantine ဝင်ပြီး ပြန်လွှတ်လိုက်တဲ့ ဦးရေက ၆၇၈၅ ဦး ရှိပါ တယ်။

နောက်ထပ် ပြန်လာမယ့်သူတွေလည်း ရှိပါသေးတယ်။ ရှမ်းတောင်ကို ထိုင်းနယ်စပ်ကနေ ဝင်လာတာတွေက တာချီလိတ်၊ ဟိုမိန်း၊ BP 1 အပေါက်နဲ့ ကယားပြည်နယ် BP 13,BP 14 နဲ့ ကရင်ပြည်နယ် မဲဆောက်၊ မြဝတီဘက်ကနေလည်း ဝင်လာ နိုင်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာလည်း မူဆယ်၊ လောက်ကိုင်နဲ့ ချင်းရွှေဟော်ဘက်က ဝင်လာတာတွေ ရှိပါတယ်။ တရုတ်ဘက်က အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား နှစ်သောင်းခွဲနီးပါး နေရပ်ပြန်ရေးအတွက် တရုတ်အစိုးရနဲ့ ရှမ်းပြည်နယ် အစိုးရ ဆွေးနွေးနေတာ ရှိပါတယ်။

မေး ။ ။ ရှမ်းပြည်နယ်ကို ဝင်လာတဲ့ နယ်စပ်က မြန်မာအလုပ်သမားတွေအတွက် ဘယ်လို စီစဉ်ဆောင်ရွက်နေပါသလဲ။

ဖြေ ။ ။ နယ်စပ်ဘက်က ဝင်လာတဲ့သူတွေက တရုတ်ဘက်က ဆိုရင် ဆေးစစ်ချက် ထောက်ခံချက် ပါတယ်။ မူဆယ် ဘက် အပေါက်က ဝင်လာတဲ့သူတွေက တော်တော်များများ ပို့ပြီးသွားပြီ။ နောက်ထပ်က သိပ်ပြီး မကျန်တော့ဘူး။ အဲဒီ တော့ သူတို့ဘက်က ထောက်ခံချက်ပါသလို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်းဒေသကြီးမှာ မကွေးတိုင်းရောက်ရင် မကွေး တိုင်း ဒေသကြီး သူ့ကျေးရွာ၊ သူ့မြို့နယ်မှာ ဆက်ပြီး ကွာရန်တင်း ဝင်ရမယ် ၂၁ ရက်ပေါ့။
လောက်ကိုင်ဘက်က ဝင်လာတာက လောက်ကိုင်-ချင်းရွှေဟော်မှာ ၂၁ ရက် ကွာရန်တင်း ဝင်တယ်။ အဲဒါပြီးမှ လားရှိုးကို ပို့တယ်၊ ပို့ပြီးတော့မှ သက်ဆိုင်ရာ မန္တလေး သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီးကို ပို့တယ်။ နောက်တစ်ဖက်က မိုင်းလားက ဝင်လာတာ၊ မိုင်းလားက ဝင်လာတာကိုကျတော့ မိုင်းလားကနေ ကျိုင်းတုံ ရောက်မယ်၊ ကျိုင်းတုံကနေ တောင်ကြီး၊ တောင်ကြီးကနေ မန္တလေး ကိုပို့တယ်။ ရှမ်းပြည်နယ်က တိုင်းနဲ့ပြည်နယ် နယ်စပ်တွေအထိ တာဝန်ယူ ပေးရ တယ်၊ တိုင်းနဲ့ပြည်နယ် အားလုံးကလည်း အဲဒီအတိုင်း တာဝန်ယူပေးရတယ်။
အဲဒီတော့ လောက်ကိုင်-ချင်းရွှေဟော်ဘက်က ကျတော့ ကွာရန်တင်း ထွက်လာတဲ့သူတွေကို ပို့ပေးတယ်။ မိုင်းလားဘက် ကလည်း မိုင်းလားမှာ ၃၆၀၇ ဦး ကွာရန်တင်း ဝင်တယ်။ တစ်ရက်နဲ့ တစ်ရက် ကွာရန်တင်း ထွက်တဲ့ရက်တွေ မတူတော့ တစ်ရက်ကို ၃၀၀၊ ၄၀၀၊ ၅၀၀ နေ့တိုင်းတော့ လာနေတာပေါ့နော်။ အဲဒီဥစ္စာတွေကို ပြည်နယ်ကနေ မန္တလေးတိုင်း နယ်စပ် အထိကို ပို့ပေးဖို့ တာဝန်ရှိတယ်။ အဲဒီအတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် ရောက်တဲ့ အခါ ကျတော့ သူ့ဒေသက လက်မခံရင် ကွာရန်တင်း ဆက်ဝင်ပေါ့၊ ဒါဒေသန္တရ အာဏာပိုင်ရဲ့ ညွှန်ကြားချက်နဲ့ အညီ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

မေး ။ ။ အဲဒါဆိုရင် ရှမ်းပြည်နယ်မှာ ကွာရန်တင်း ဝင်ပြီးရင် ကိုယ်ရဲ့ဒေသကို ပြန်ရောက်ရင် ကွာရန်တင်း ထပ်ဝင်ရ မယ်ဆိုတဲ့ သဘောလား၊ နှစ်ခါဝင်ရမှာလား။

ဖြေ ။ ။အဲဒါက ဒေသဆိုင်ရာ အာဏာပိုင်ရဲ့ သဘောပဲလေ၊ တရုတ်ရဲ့ ထောက်ခံချက်ပါတယ်။ ဥပမာ မိုင်းလားမှာ ကွာရန်တင်း ဝင်ခဲ့တာကို လက်မခံဘူးဆိုရင် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်က ဆက်ပြီး ဝင်ပေးပါဆိုရင်တော့ ဝင်ပေး ရမှာပေါ့။ ဒီကိစ္စက ဒေသအာဏာပိုင်ရဲ့ ညွှန်ကြားချက်ပေါ်မှာ မူတည်မယ်လို့ ပြောချင်ပါတယ်။

မေး ။ ။ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အနေနဲ့ ကိုရိုနာဗိုင်းရပ် ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ရန်ပုံငွေကို ဘယ်လိုသုံးစွဲနေ လဲ။

ဖြေ ။ ။ ကျွန်တော်တို့ ဟိုတစ်လောက ထောက်ပံ့လိုက်တဲ့ လက်လုပ်လက်စားနဲ့ ပုံမှန် ဝင်ငွေမရှိတဲ့ သူတွေကို ရိက္ခာ ငါးမျိုးက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရေးပေါ် လုပ်ရတဲ့ အခါကျတော့ ဦးစီး ဆောင်ရွက်ပြီး ဆောင်ရွက်တယ်။ ကျွန်တော်တို့ ရှမ်းပြည်နယ်က အစောဆုံးပြီးသွားတယ်။

အဲဒီပိုက်ဆံကို ပြည်ထောင်စုကို တင်တောင်းတယ်၊ တောင်းတဲ့အခါကျတော့ လောလောဆယ်က ရှမ်းပြည်နယ်အစိုးရက သဘာဝဘေး ရန်ပုံငွေဆိုတာရှိတယ်။ အဲဒီသဘာဝဘေး ရန်ပုံငွေထဲက တစ်ဘီလျံ ယူသုံးထားတာပေါ့။ လောလောဆယ် က သုံးပြီးတော့ စိုက်ထုတ်ထားတယ်၊ ဒီလောက် ကုန်ကျတယ်၊ ဒီလောက် စိုက်ထုတ် ထားပါတယ်ဆိုပြီးတော့ ပြည်ထောင် စုကို တင်ပြီးတော့ ပြည်ထောင်စုကနေ ၁.၂ ဘီလျံ ချပေးထားတယ်။ နောက် လိုအပ်တဲ့ဟာကို ထပ်တင်ပြရမှာပေါ့။

အခုက အဲဒီကုန်ကျ စရိတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောရရင် အဖွဲ့ပေါင်းစုံနဲ့ ကော်မတီဖွဲ့တယ်၊ စားနပ်ရိက္ခာ ထောက်ပံ့ ရေး ကော်မတီ ပြည်နယ်အဆင့်ရှိတယ်။ ပြည်နယ်အဆင့် လုပ်ငန်းကော်မတီက ကျွန်တော်၊ အဲဒီအောက်မှာ ခရိုင်၊ မြို့နယ် အဆင့်ဆင့် ဖွဲ့တယ်။ ဖွဲ့ပြီးတဲ့ အခါကျတော့ အဲဒီမြို့နယ်တွေ၊ ခရိုင်တွေကနေ အကျင့်ပျက် ခြစားမှုတွေ မဖြစ်အောင် ဆိုပြီး တော့ စာထုတ်ထားတာ ရှိတယ်။ ဗဟိုကလည်း ညွှန်ကြားချက်တွေရှိတယ်။

အဓိကက အောက်ခြေမှာ အလွဲသုံးစားမှုတွေ မဖြစ်အောင် အကျင့်ပျက် ခြစားမှု မဖြစ်အောင်၊ ကုန်ဈေးနှုန်း စီးဆင်းမှု မှန် ကန်အောင် စသုံးလုံးပါ ပါတယ်။ အစရှိတဲ့ အဖွဲ့အစည်းတွေက အရေးကြီးတဲ့ ကုန်ဈေးနှုန်းကို နေ့စဉ်တင်ပြတဲ့ ဌာနတွေ ရှိတယ်။ ဌာနတွေက အတည်ပြုတဲ့ စာရင်းတွေနဲ့ မြေပြင်မှာ ကွဲလွဲမှုမဖြစ်အောင် ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ အဲဒီဌာန အသီးသီးက လက်မှတ်ထိုးပြီး အတည်ပြုလိုက်တဲ့ စာရင်းကို ကျွန်တော်က ထပ်ပြီး အတည်ပြုပြီး ငွေချေ ပေးသွားတာ ဖြစ်ပါတယ်။

မေး ။ ။ အစိုးရအဖွဲ့ရဲ့ ရန်ပုံငွေကို ခဏစိုက်ထုတ်တယ်ဆိုတော့ ဗဟိုအဆင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီက ငွေကြေးကို ပြန်တောင်းပြီး သုံးစွဲတာလား။

ဖြေ ။ ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ အချိန်မီ လုပ်ရတဲ့အတွက် ရှိတာ ခဏစိုက်ထားတယ်။ ဒါပေမယ့် ကော်မတီက ပြန်ချပေးမှာ။ ကျွန်တော်တို့က COVID ကော်မတီကိုပဲ လှမ်းတောင်းတာပါ။

မေး ။ ။ ကျန်းမာရေး အသုံးစရိတ်က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဘတ်ဂျက်နဲ့သွားတာလား။

ဖြေ ။ ။ အဲဒါ ပြည်ထောင်စုကျန်းမာရေး MOHS က သီးသန့် ထောက်ပံ့တာရှိတယ်။ အလားတူပဲ တိုင်းနဲ့ပြည်နယ် အားလုံးမှာ ပြည်သူတွေရဲ့ ထည့်ဝင် လှူဒါန်းငွေတွေ ရှိတယ်။ ဥပမာ PPE ဘယ်နှစုံ၊ အဲဒီလို လှူဒါန်းတာတွေ ကျတော့ နေ့စဉ်စာရင်းနဲ့ နေ့စဉ်တင်ရတယ်။ ဒီနေ့ ဘယ်နှယောက် လာလှူပါတယ်။ လှူတဲ့ဟာကို ကျွန်တော်တို့က စာရင်း အတိ အကျ တင်ရတယ်။
ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့က ဟိုဆေးရုံလာလှူ၊ ဒီဆေးရုံလာလှူနဲ့ စာရင်းမဲ့၊ အင်းမဲ့တွေ ဖြစ်ကုန်မှာစိုးလို့ ကျွန်တော်တို့ ဗဟိုကော်မတီက ထိန်းချုပ်ထားတာရှိတယ်။ အဲဒီအတွက် နေ့စဉ်အချိန်နဲ့အမျှ နေ့တိုင်း တင်ပေးရတယ်။ PPE ဝတ်စုံ ဘယ်လောက် လှူတယ်။

ပိုးသတ်ဆေးအတွက် ဘယ်လောက်လှူတယ်။ အဲဒါကိုမှ ခရိုင်၊ မြို့နယ်အလိုက် လှူတာတွေ ရှိသလို ပြည်နယ်အလိုက် လှူတာတွေလည်း ရှိတယ်။ အဲဒါတွေကို အချိန်နဲ့တပြေးညီ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံပြန်ရေးဗဟိုကော်မတီ (နေပြည်တော်)ကို နေ့စဉ်တင်ရတယ်။

နေ့စဉ်တင်ရတဲ့ အခါမှာ နည်းနည်း ပင်ပန်းတယ်။ အစိုးရအဖွဲ့တွေရော ဝန်ထမ်းတွေလည်း ပင်ပန်းတယ်။ ကော်မတီတွေကို ကိုင်တဲ့ ဝန်ကြီးတွေလည်း ပင်ပန်းကြတယ်။ အချိန်ပြည့် အလုပ်လုပ်နေရတာ။

မေး ။ ။ Volunteer စာရင်းကောက်ယူမှု အခြေအနေက ဘယ်လိုရှိပါသလဲ။

ဖြေ ။ ။ Volunteer စာရင်း ကောက်ယူမှုတွေ လုပ်နေပါတယ်။ မြို့နယ်အဆင့်မှာ စာရင်း ပေးသွင်းပြီးတော့ မိမိက ဘယ်နေရာမှာ တာဝန်ထမ်းဆောင်ချင်သလဲ။ ဥပမာ ကွာရန်တင်း စင်တာမှာလား၊ ပိုးသတ်ဆေးဖြန်းတဲ့ နေရာမှာလား၊ ဘယ်နေရာမှာ အတွေ့အကြုံ ဘယ်လိုရှိခဲ့သလဲ၊ အဲဒီဥစ္စာတွေကို လိုအပ်တာတွေအကုန် ဖောင်ဖြည့်ရတယ်။

ဖောင်ဖြည့်ပြီးတဲ့ အခါမှာ လက်ရှိ လုပ်နေတဲ့သူတွေကို Training ပေးဖို့ ကျွန်တော်တို့က ပြောတာ၊ volunteer တွေဟာ မိမိသဘော ဆန္ဒအလျောက် ပူးပေါင်း ဆောင်ရွက်ခွင့်ရှိတယ်။ အသင်းအဖွဲ့ အားလုံး ပါရမယ်ဆိုတဲ့ ညွှန်ကြားချက် မဟုတ် ဘူး။ အဓိကက ဘာလဲဆိုတော့ ဒီဟာက ဘယ်လောက် တာရှည်သွားမလဲ ဆိုတဲ့ အချိန်ကြီးကို ကျွန်တော်တို့ မပြောနိုင် ဘူး။ အရေးနဲ့အကြောင်းမှာ Training ရှိပြီးသားလူတွေ ဖြစ်ဖို့လိုတယ်။

ဒီလူ တွေရဲ့ Capacity မြှင့်အောင် ဘယ်လိုလုပ်ရမယ်။ သူတို့ရဲ့ energetic ဖြစ်အောင် ဘယ်ဆေးတွေ တိုက်ရမယ်။ နောက်တစ်ခုက လိုအပ်တဲ့ စားနပ်ရိက္ခာ စောင်၊ ခြင်ထောင်၊ ခေါင်းအုံးက အစ အစိုးရက ထောက်ပံ့ပေးဖို့ဆိုပြီး ညွှန်ကြား ချက် ထွက်တယ်။ ဆိုလိုတဲ့ အဓိပ္ပာယ်က ကျွန်တော်တို့က Volunteer တွေကို မထိခိုက်အောင်၊ သူတို့ရဲ့ အင်အားကို လည်း မလိုအပ်ဘဲနဲ့ waste မဖြစ်စေချင်ဘူး။ စနစ်တကျ ခွဲဝေသုံးစွဲတဲ့ စနစ်မျိုးကို အစိုးရက ဦးဆောင် Guideline ပေးတဲ့ စနစ်မျိုး ဖြစ်တယ်။

ဒီအပေါ်မှာတော့ အမြင်အမျိုးမျိုး ရှိနိုင်တယ်၊ ကျွန်တော်တို့ အစိုးရအနေနဲ့ အကောင်းဆုံး Well train, Well plan တွေ၊ ဒီ စေတနာ ဝန်ထမ်းတွေရဲ့ ကျန်းမာရေး၊ သူတို့ရဲ့လုပ်ဆောင်မှု၊ သူတို့အပေါ်မှာ ထောက်ပံ့ပေးရမယ့် ဥစ္စာ၊ နောင်တစ်ချိန်မှာ ပြည်သူကနေ ပေးအပ်မယ့် ဆုတံဆိပ်တွေ၊ ထူးချွန်ဆုတွေကအစ ကျွန်တော်တို့ စနစ်တကျ စီမံခန့်ခွဲတဲ့ အစိုးရကနေ စနစ် တကျ ဖြစ်အောင် energy ခေါ်တာပေါ့နော်၊ ပေါင်းစည်းပေးတဲ့ energy တွေ waste မဖြစ်အောင် လုပ်ပေးတဲ့ အစီအစဉ် ဖြစ်ပါတယ်။

ရက် သတ်မှတ်ချက် ရှိပေမယ့် ညွှန်ကြားချက်က နောက်တိုး စာရင်းတွေကိုလည်း လက်ခံပါတယ်၊ ပြဿနာမရှိပါဘူး။ ကျွန်တော်တို့ ပေါင်းစပ် ညှိနှိုင်းပေးတာပါ၊ ဒီအချိန်မှာ အစိုးရက အလုပ်လည်း ရှုပ်တယ်၊ လိုအပ်ချက်တွေလည်း ရှိကောင်း ရှိနိုင်တယ်။ သို့သော်လည်းပဲ အစိုးရက နိုင်ငံတော်အတိုင်ပင်ခံ ပြောသလို ထုတ်ပြန်ချက် မရှင်းလင်းရင်တောင် ပြန်ထုတ် ပေးမယ်ဆိုတဲ့ ဥစ္စာမျိုးက ဒါပြည်သူပေါ်မှာ အလေးထားတဲ့ စိတ်ပေါ့နော်။

တိုင်းနဲ့ပြည်နယ် အစိုးရအနေနဲ့ ရိက္ခာထောက်ပံ့တယ်၊ ဘယ်သူတွေ ကျန်နေတယ်။ ကျွန်တော် ကျွန်မတို့ ကျန်နေတယ်။ အဲဒီ ကျန်နေတဲ့ကိစ္စကို ကျွန်တော်တို့က နောက်ထပ် Supply ဖြစ်တယ်၊ နောက်ထပ်လည်း ကောက်နေတယ်။ အခု ထိုနည်းတူစွာပဲ Volunteer ကိစ္စမှာ အချိန်တိုတယ်၊ နောက်တိုး လက်ခံတယ်၊ ပြဿနာမရှိဘူး။ ကျွန်တော်တို့က ဆက် လက် လက်ခံပြီးတော့ ပေါင်းစပ် ညှိနှိုင်းလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။

ကျွန်တော်တို့ ဒီအဖွဲ့ကနေ ဘာမှမရဘူး၊ Well Train, Well Plan နဲ့ သူတို့ရဲ့ ကျန်းမာရေး မလိုအပ်ဘဲနဲ့ သူတို့ရဲ့ အသက် တွေ စွန့်သွားတာမျိုး မဟုတ်ဘဲ စနစ်တကျ တတ်ကျွမ်းတဲ့ သူတွေနဲ့ PPE ဝတ်တာ ချွတ်တာ၊ ကျန်းမာရေးကို ဘယ်လို တာဝန် ယူရမလဲ၊ တစ်ဦးနဲ့တစ်ဦး စိတ်ဓာတ် တွေတော့ ရှိတယ်။ ဒါပေမယ့် စိတ်ဓာတ်ရှိပေမယ့် စေတနာဝန်ထမ်းတွေရဲ့ ကျန်းမာရေးက အရမ်းအရေးကြီးတယ်။ အထူးကုန်ဆုံးသွားလို့ မရဘူး။

အရေးနဲ့အကြောင်းကျရင် သူတို့ကို ကောင်း ကောင်း Training ပေးမယ်။ ဥပမာ အလောင်းတစ်ခု ကောက်မယ်၊ ပိုးသတ်ဆေးဖြန်းမယ် ဘယ်လို လုပ်ရမယ်ဆိုတာ ကောင်းကောင်းသိဖို့ လိုတယ်။ ဒါကြောင့် အစိုးရနဲ့ သက်ဆိုင်တဲ့ ပြည်နယ်စည်ပင ်ပေါင်းပြီးတော့ ဒါတွေကို လေးလေး စားစားနဲ့ တန်ဖိုးထားပြီးတော့ လုပ်နေတဲ့ အစီအမံ ဖြစ်ပါတယ်။

မေး ။ ။ ထပ်မံဖြည့်စွက် ပြောချင်တာ ရှိပါသလား။

ဖြေ ။ ။ ကျွန်တော်တို့ကတော့ အကောင်းဆုံး ပြည်တော်ပြန်တွေအတွက် နွေးနွေးထွေးထွေးနဲ့ ကြိုဆိုနေပါတယ်။ နောက် ပရဟိတသမားတွေ၊ အလှူရှင်၊ မြို့မိမြို့ဖ အားလုံးကို ပူးပေါင်း ဆောင်ရွက်တဲ့အတွက် ရှမ်းပြည်နယ် အစိုးရက ကျေးဇူးတယ်ပါတယ်။

ဘာပဲပြောပြော ဒီလို စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ကျွန်တော်တို့က ဆောင်ရွက်နိုင် ခဲ့မယ်ဆိုရင် ကျွန်တော်တို့ ကူးစက်မှုကို ထိန်းချုပ်နိုင်သလို ညီညွှတ်ရေးကိုလည်း တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required