မေ သုံးရက်နေ့လေးရက်တို့တွင် ကမ်းရိုးတန်းဒေသများသို့ မုန်တိုင်းဝင်ရောက်နိုင်

မေ သုံးရက်နေ့လေးရက်တို့တွင် ကမ်းရိုးတန်းဒေသများသို့ မုန်တိုင်းဝင်ရောက်နိုင်

မေ ၁

မေလ သုံးရက်နေ့နှင့်လေးရက်နေ့တို့တွင် မြန်မာ့ကမ်းရိုးတန်းဒေသများသို့ မုန်တိုင်းငယ်တစ်ခုဝင်ရောက်လာနိုင်ကြောင်းမိုးလေဝနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

မေလ ၁ရက်နေ့ မြန်မာစံတော်ချိန် ၉နာရီခွဲ အချိန်တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်နေသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် နောက် ၁၂နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်ကြောင်း သိရသည်။

“ အဲဒီလေဖိအားနည်းရပ်ဝန်းက နှစ်ရက်အတွင်း (၃)ရက်နေ့မှာ ပိုမိုအားကောင်းလာပြီးတော့ မုန်တိုင်းငယ်တစ်ခုအဖြစ်ရောက်ရှိလာနိုင်တယ်။ မုန်တိုင်းငယ်က ကနဦးမှာ မြောက်နဲ့ အနောက်မြောက်ဘက်ကို ရွေ့သွားပြီးတော့ နောက်ပိုင်းမှာ မြောက်- အရှေ့မြောက်ကို ပြန်ကွေ့လာပြီး မြန်မာ့ကမ်းရိုးတန်းကို ပြန်ဝင်လာမယ့် အနေအထားတွေ့ရပါတယ်” ဟု ဦးကျော်မိုးဦးက ပြောသည်။

ထိုကြောင့် မြန်မာကမ်းရိုးတန်းဒေသများမှ မုန်တိုင်းမရောက်လာမီ ကြိုတင်ပြင်ဆင်ရမည်ဖြစ်ကြောင်းသိရသည်။

“ အဓိကက ကမ်းရိုးတန်းမှာနေတဲ့ သူတွေက မုန်တိုင်းနဲ့ လွတ်တဲ့ နေရာရှောင်ရမယ်။ ကြိုတင်ပြင်ဆင်ရမယ်။ တောင်ကုန်း၊ တောင်တန်းတွေရှိတဲ့နေရာကိုရွေ့ရမယ်။ နောက် Shelter တွေကို သွားရမယ်။ ဒေသမှာရှိတဲ့ သဘာဝဘေး ကာကွယ်ရေးအဖွဲ့တွေရဲ့ လမ်းညွှန်မှုကို လိုက်နာဆောင်ရွက်သင့်တယ်။ ဒီရက်ပိုင်းမှာတော့ မုန်တိုင်းဖြစ်လာရင် ရွေ့ပြောင်းနိုင်ဖို့ ကြိုတင်စီစဉ်ထားရမယ်” ဟု ဦးကျော်မိုးဦး က ဆိုသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးနီးပါး နေရာကျဲကျဲ နှင့် နေရာစိတ်စိတ်မိုးရွာသွန်း နေပြီး နောက်နှစ်ရက်၊ သုံးရက် အထိ ဆက်လက်ရွာသွန်းနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏    Weather Research and Forecast  (WRF) Model ၏ ဧပြီ ၂၈ရက်၊ မြန်မာစံတော်ချိန် မနက် ၆နာရီကို အခြေခံသည့် ခန့်မှန်းချက်တွင် မေလ ၅ရက်၊ ညနေ ၄နာရီတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို မုန်တိုင်းငယ်အဆင့်ဖြင့် ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းခဲ့သော်လည်း ရာသီဥတုတိုင်းတာခြင်း စက်၊ model များသည် အချိန်နှင့် အမျှ ပြောင်းလဲမှုရှိကြောင်း သိရသည်။

နိုင်ငံတကာ model အချို့တွင် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း စစ်တွေနှင့် ကျောက်တော်မြို့များအကြား ဆိုင်ကလုန်းမုန်တိုင်း အဆင့်ဖြင့် ဖြတ်သန်းနိုင်ကြောင်း တွေ့ရှိထားသည်။

“ တစ်ချို့ model တွေကတော့ မတူဘူး ပြောင်းလဲနေတယ်။ အချိန်နဲ့အမျှပြောင်းလဲမှုရှိတယ်။ အဓိကက မြန်မာ့ ကမ်းရိုးတန်းကို ဦးတည်နိုင်တဲ့ အနေအထားရှိနိုင်တယ်။” ဟု ဦးကျော်မိုးဦးက ပြောသည်။

ပြောင်းလဲလာနိုင်သည့် ရာသီဥတု အခြေအနေများကို အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးသွားမည် ဖြစ်ပြီးယခင်က လေဖိအားနည်းရပ်ဝန်းပေါ်လာမှသာ ထုတ်ပြန်ပေးနိုင်ခဲ့ပြီး စက်ပစ္စည်းအသစ်များကြာင့် လက်ရှိတွင် လေဖိအားနည်းရပ်ဝန်းမပေါ်ခင်ကပင် ကြိုတင်ကြေညာနိုင်ပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required