အပြောင်းအရွှေ့စျေးကွက် တန်ဖိုးကျဆင်းမှုကြောင့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးဘောလုံးသမားတွေထဲက တစ်ယောက်မဟုတ်တော့တဲ့ ရော်နယ်လ်ဒို

အပြောင်းအရွှေ့စျေးကွက် တန်ဖိုးကျဆင်းမှုကြောင့် ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးဘောလုံးသမားတွေထဲက တစ်ယောက်မဟုတ်တော့တဲ့ ရော်နယ်လ်ဒို

အားကစားပြိုင်ပွဲတွေ ရပ်တန့်နေတာနဲ့ ဘောလုံးအပြောင်းအရွှေ့စျေးကွက်ကို ကြီးမားတဲ့ အပြောင်းအလဲအချို့ရှိစေခဲ့ပါတယ်။

ကစားသမားတွေဟာ မတ်လကတည်းက မြက်ခင်းပြင်စိမ်းပေါ် ခြေမချနိုင်သေးဘဲ ကန့်သတ်မှုတွေ ဘယ်အချိန် အဆုံးသတ်နိုင်မယ်ဆိုတာနဲ့အတူ ဒီအချိန်မှာ ဥရောပလိဂ်ပြိုင်ပွဲတွေရဲ့ ဘောလုံးရာသီတွေဟာ ဘယ်ချိန်ပြန်စနိုင်မလဲဆိုတာ သေချာမသိရသေးပါဘူး။

ဒီတော့ ရလဒ်အနေနဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးတွေ ကျဆင်းနေပါတယ်။ ပြောရရင် အများကြီး ကျဆင်းတာပါ။

Transfermarkt ရဲ့ အဆိုအရ ပြောင်းရွှေ့ကြေးတွေ အလွန်ကျဆင်းခဲ့ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးဘောလုံးသမား အယောက် (၂၀) စာရင်းထဲမှာ မရှိတော့ဘူးလို့ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံးဘောလုံးသမားစာရင်းရဲ့ အဆင့် (၄၀)ထဲမှာတောင် မပါခဲ့ပါဘူး။ သူဟာ ဒီဇင်ဘာလမှာ စျေးကွက်တန်ဖိုး ပေါင် ၆၇.၅ သန်းရှိရာကန ပေါင် ၅၄ သန်းအထိ ကျဆင်းသွားတဲ့အတွက် အဆင့် (၄၆)မှာသာ ရပ်တည်နေတာပါ။

ရော်နယ်လ်ဒိုရဲ့ မဟာပြိုင်ဘက် လီယွန်နယ် မက်ဆီက ထိပ်ဆုံး (၁၀) ထဲမှာ ကျန်ရှိနေပါတယ်။ ဒါပေမယ့် အဆင့် (၉)နေရာပါ။

ဒီဗိုင်းရပ်စ်အကျပ်အတည်းနဲ့အတူပါလာတာက ရော်နယ်လ်ဒို-မက်ဆီတို့ရဲ့ လွှမ်းမိုးမှု အဆုံးသတ်သွားပြီလို့ ပြသနေသလိုဖြစ်ပြီး ဘောလုံးစူပါစတားခေတ်သစ်တစ်ခုကို စတင်နေတာလည်းဖြစ်ပါတယ်။

ပြီးတော့ ထိပ်ဆုံးအယောက် (၂၀)စာရင်းထဲမှာ ကစားသမား (၈)ယောက်က ၂၅ နှစ်နဲ့ အောက်ကစားသမားတွေဖြစ်ပြီး ဒီအယောက် (၂၀)အနက် ပရီမီးယားလိဂ်ကစားသမားက (၁၁)ယောက်အထိ ပါဝင်နေတာကို တွေ့ရပါတယ်။

အရင်က ကမ္ဘာ့စျေးအကြီးဆုံးကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ ရီးယဲလ်မက်ဒရစ်အသင်းကတော့ အခုချိန်မှာ ထိပ်ဆုံးအယောက်(၂၀)အတွင်း (၁)ယောက်သာ ပါသလို တန်ဖိုးအမြင့်ဆုံးကစားသမားအယောက် (၅၀)စာရင်းမှာလည်း (၂)ဦးသာ ပါဝင်ခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အတွက် ၇၅ ပွဲကစားပေးခဲ့ရာမှာ သွင်းဂိုး ၅၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၄ ကြိမ်ပြုလုပ်ခဲ့တယ်ဆိုတဲ့ အထင်ကြီးစရာ မှတ်တမ်းရှိတယ်ဆိုနေပေမယ့် သေချာတာကတော့ အကြီးမားဆုံး အံ့အားသင့်စရာက သူ့ရဲ့ တန်ဖိုးကျဆင်းမှုပါပဲ။

တန်ဖိုးအမြင့်ဆုံး ကစားသမားအယောက် (၂၀) စာရင်း

၁။ ဘာပေ (ပီအက်စ်ဂျီ) ပေါင် ၁၆၂ သန်း
၂။ စတာလင် (မန်စီးတီး) ပေါင် ၁၁၅.၂ သန်း
၃။ နေမာ (ပီအက်စ်ဂျီ) ပေါင် ၁၀၅.၂ သန်း
၄။ မာနေ (လီဗာပူးလ်) ပေါင် ၁၀၈ သန်း
၄။ ဆာလာ (လီဗာပူးလ်) ပေါင် ၁၀၈ သန်း
၄။ ဟာရီကိန်း (စပါး) ပေါင် ၁၀၈ သန်း
၄။ ဒီဘရိုင်းနား (မန်စီးတီး) ပေါင် ၁၀၈ သန်း
၈။ ဆန်ချို (ဒေါ့မွန်) ပေါင် ၁၀၅.၃ သန်း
၉။ မက်ဆီ (ဘာစီလိုနာ) ပေါင် ၁၀၀.၈ သန်း
၁၀။ အာနိုးလ် (လီဗာပူးလ်) ပေါင် ၈၉.၁ သန်း
၁၁။ ဂရီးဇ်မန်း (ဘာစီလိုနာ) ပေါင် ၈၆.၄ သန်း
၁၂။ ယာအိုဖီးလစ် (အက်သလက်တီကို) ပေါင် ၇၂.၉ သန်း
၁၂။ ကိုင်ဟာဗက်ဇ် (လေဗာကူဆင်) ပေါင် ၇၂.၉ သန်း
၁၄။ ဗာနာဒိုဆေးလ်ဗား (မန်စီးတီါ်) ပေါင် ၇၂ သန်း
၁၄။ ကွန်တေ (ချယ်လ်ဆီး) ပေါင် ၇၂ သန်း
၁၄။ ဆာနေး (မန်စီးတီး) ပေါင် ၇၂ သန်း
၁၄။ ဗန်ဒိုက် (လီဗာပူးလ်) ပေါင် ၇၂ သန်း
၁၄။ ပေါ့ဘာ (မန်ယူ) ပေါင် ၇၂ သန်း
၁၄။ အိုဘလက် (အက်သလက်တီကို) ပေါင် ၇၂ သန်း
၁၄။ ဟာဇက် (ရီးယဲလ်) ပေါင် ၇၂ သန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly