ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ဖြစ်သူများကို တစ်နှစ်ထောက်ပံ့ရန် စီမံထားဟု သမ္မတပြော

ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ဖြစ်သူများကို တစ်နှစ်ထောက်ပံ့ရန် စီမံထားဟု သမ္မတပြော
ပုံ-သမ္မတဦးဝင်းမြင့်(ပုံ-သမ္မတရုံး fb)

ရန်ကုန်၊ မေ ၁

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် ပိတ်သိမ်းသွားသော အလုပ်ဌာနများမှ လူမှုဖူလုံရေး အာမခံကြေး ထည့်ဝင် ထားသော အလုပ်သမားများအတွက် တစ်နှစ်တာ ထောက်ပံ့ရေး စီမံထားကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြော သည်။

အဆိုပါ အလုပ်သမားများ အတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ဆေးဖိုး၊ ခရီးစရိတ်များကို အလုပ်လက်မဲ့ဖြစ်သည့် နေ့မှ စ၍ တစ်နှစ်အထိ တိုးမြှင့်ခံစားနိုင်ရန် စီမံကြောင်း ယနေ့ ကျရောက်သော အလုပ်သမားနေ့(မေလ ၁ ရက်-မေဒေးနေ့)တွင် ပြောသော မိန့်ခွန်းတွင် သမ္မတဦးဝင်းမြင့်က ပြောသည်။

သမ္မတဦးဝင်းမြင့်က “မြန်မာနိုင်ငံသားပိုင် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများကို အတိုးနှုန်း သက်သာစွာဖြင့် ထုတ်ချေးနိုင်ရန် ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် လူမှုဖူလုံရေး ရန်ပုံငွေမှ ငွေကျပ် ၅၀ ဘီလီယံအား ကိုဗစ်-၁၉ ရန်ပုံငွေတွင် ထည့်သွင်း မတည်ထားပါသည်” ဟု ပြောသည်။

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအထိ လူမှုဖူလုံရေး စီမံကိန်းအကျုံးဝင်သည့် အာမခံလုပ်သားအင်အား ၁ ဒသမ ၄၆ သန်း ကျော်ရှိကြောင်း၊ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် အာမခံအလုပ်သမားများအတွက် လူမှုဖူလုံရေးအကျိုး ခံစားခွင့်များ ထိရောက် မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရန် သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍပြုပြင်ပြောင်းလဲခြင်း၊ကျန်းမာရေးကဏ္ဍပြု ပြင် ပြောင်းလဲခြင်း၊ စီမံခန့်ခွဲမှုပြုပြင်ပြောင်းလဲခြင်း၊ ဥပဒေရေးရာကဏ္ဍပြု ပြင်ပြောင်းလဲခြင်းတို့ကို ILO နှင့် မိတ်ဖက်အဖွဲ့ အစည်းများ၏ နည်းပညာအကူအညီထောက်ပံ့မှုများဖြင့် ဆောင်ရွက်လျက်ရှိပါသည်ဟု သမ္မတဦးဝင်းမြင့်က ပြောသည်။

ထို့နောက် ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် လတ်တလော ဖြစ်ပေါ်နေသည့် အခက်အခဲ အကြပ်အတည်းများကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားများနှင့် ကျွမ်းကျင်ပညာရှင်များ ပူးပေါင်း၍ ကျော်လွှားရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကပ်ဆိုးကို ကျော်လွှား ရန် ပြည်သူများက တုံ့ပြန်ဆောင်ရွက်ချိန် အလုပ်သမားများ၏ ပူးပေါင်း ပါဝင်မှုများကိုလည်း အသိအမှတ်ပြုပါ ကြောင်း သမ္မတဦးဝင်းမြင့်က ပြောသည်။

အလားတူ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန် ဥပဒေဖြင့် မညီသော ဆူပူမှု၊ ဆန္ဒပြမှုများ မဖြစ်စေရန် သွေးထိုး လှုံ့ဆော် များကိုလည်း သတိပြုရန် တိုက်တွန်းလိုက်ပြီး အလုပ်ရှင်၊ အလုပ်သမား ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ကို အကျိုးပြုရန် သမ္မတဦးဝင်းမြင့်က မေတ္တာရပ်ခံခဲ့သည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က သမ္မတ၏ ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ ဖြစ်ရသူများအတွက် တစ်နှစ်တာ ထောက်ပံ့ရေး အစီအမံကို သေသေချာချာ မသိရသေးဘူးဟု ဆိုသည်။

အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က “ လူမှုဖူလုံရေး ထောက်ပံ့ကြေး၊ လူမှုထောက်ပံ့ကြေး အနေနဲ့ လုပ်ခလစာရဲ့ သူတို့ ထည့်ဝင်တဲ့ကြေးရဲ့ ၄၀ ရာခိုင်ရာနှုန်းဆိုတာ ကြေညာထားတာရှိတယ်။ လူမှုဖူလုံရေး ထည့်ဝင်တဲ့ သူပဲရမှာလေ၊ ထည့် မဝင်တဲ့သူ မရဘူးပေါ့။ တစ်ခုရှိတာက လူမှုဖူလုံရေး ထည့်ရဲ့သားနဲ့ ကျန်းမာရေး ဖြစ်တယ်၊ အခုဆိုရင် ကွာရန်တင်းဝင်ရ တာမျိုး။ နောက် ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာထားတယ်လေ၊ ကိုယ်ဝန်သည်တွေလည်း အလုပ်ဆင်းစရာ မလိုဘူး ဆိုတော့ အလိုလို ကင်းလွတ်ခွင့်ရတယ်၊ အဲ့လိုမျိုးတွေကတော့ ထည့်ဝင်ကြေးရဲ့ ၆၀ ရာခိုင်နှုန်းရမှာလေ။ အဲ့တာ တို့ ဝန်ကြီးဌာနက လုပ်ပေးနေတာ ” ဟု ပြောသည်။

သမ္မတဦးဝင်းမြင့်က အလုပ်သမားများ လုပ်သလောက် အကျိုးခံစားခွင့်ရ၍ သင့်တင့်သော လူနေမှုဘဝကို ပိုင်ဆိုင်ကာ နောင်ရေး ပူပန်စရာ မလိုသော အဆင့်မျိုးဖြစ်အောင် နိုင်ငံတော်မှ ကြိုးစား ဖော်ဆောင်ပေးမည်ဟု ဂတိပေးကြောင်း ပြော ခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံပေါင်း ၆၀၀ နီးပါးခန့်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကြောင့် အထည်ချုပ်စက်ရုံ ၄၀ ရာခိုင်နှုန်းခန့် စီးပွားရေးအရ ထိခိုက်နစ်နာ ဆုံးရှုံးမှုများရှိကာ မတ်လနှောင်းပိုင်းတွင် စက်ရုံပေါင်း ၄၀ ကျော်မှ အလုပ် သမားပေါင်း ၂၅၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့သည်။

ခန့်မှန်းခြေ အမျိုးသမီး လုပ်သားပေါင်း ခုနှစ်သိန်းခန့်ဖြင့် လည်ပတ် လုပ်ကိုင်လျက်ရှိသည့် မြန်မာ့အထည်ချုပ် လုပ်ငန်း ကဏ္ဍတွင် လုပ်သားပေါင်း သုံးသိန်းခွဲခန့်သည် လက်ရှိတွင် လစာမဲ့ ဆိုင်းငံ့ခံရခြင်းနှင့် အလုပ်အကိုင်များကို ရပ်စဲခံရခြင်း စသည့် ထိခိုက်နစ်နာမှုများ ကြုံတွေ့လျက်ရှိနေသည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly