ပြင်သစ်ဘောလုံးရာသီ ဖျက်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပြီးနောက် ပီအက်ဂျီအသင်းကို လီဂူး-၁ ချန်ပီယံအဖြစ် သတ်မှတ်

ပြင်သစ်ဘောလုံးရာသီ ဖျက်သိမ်းလိုက်ပြီလို့ ကြေညာခဲ့ပြီးနောက် ပီအက်ဂျီအသင်းကို လီဂူး-၁ ချန်ပီယံအဖြစ် သတ်မှတ်
Photos: EPA & AFP

ပြင်သစ်ဘောလုံးလိဂ်ဟာ ကိုရိုနာဗိုင်းရပ်စ်ထိုးနှက်မှုကြောင့် ရာသီအဆုံးသတ်လိုက်ပြီလို့ ကြေညာခဲ့ပြီးနောက် ကြာသပတေးနေ့က ပဲရစ်စိန့်ဂျာမိန်း (PSG)ဟာ လီဂူး-၁ ချန်ပီယံအဖြစ် သတ်မှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

COVID-19 ဖြစ်ပွားမှုကြောင့် မတ်လလယ်မှာ ဘောလုံးရာသီ ခေတ္တဆိုင်းငံ့ထားတဲ့အချိန်မှာ ပီအက်စ်ဂျီအသင်းဟာ တစ်ပွဲလျော့နဲ့ မာဆေးလ်အသင်းကို ၁၂ မှတ်ဖြတ်ပြီး ဇယားကို ဦးဆောင်ခဲ့ပါတယ်။

ပြင်သစ်ဝန်ကြီးချုပ် အိဒ်ဝဒ် ဖိလစ်ပီက ကူးစက်ရောဂါကြောင့် "ပရော်ဖက်ရှင်နယ် အားကစားလိဂ်တွေ၊ အထူးသဖြင့် ဘောလုံးပြိုင်ပွဲတွေကို ပြန်လည်စတင်နိုင်မှာ မဟုတ်ဘူး"လို့ အင်္ဂါနေ့က ပြောဆိုပြီးနောက် လီဂူးဘောလုံအဖွဲ့ချုပ် (LFP) က အခုလို ကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

"ဒီကြေညာချက်နဲ့ ပတ်သက်လို့ ရှုတ်ထွေးမှု မရှိပါဘူး။ ကျမတို့ ဒီရာသီနဲ့ပတ်သက်လို့ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ လိုအပ်ခဲ့ပါတယ်။ ၂၀၁၉-၂၀ ရာသီဟာ ပြီးဆုံးပြီလို့ ကျမတို့ လက်ခံပါတယ်။"လို့ LFP ဥက္ကဋ္ဌ Nathalie Boy de la Tour က သတင်းထောက်တွေနဲ့ ဗီဒီယိုကွန်ဖရင့်တစ်ခုမှာ ပြောပါတယ်။

့ပြင်သစ်လိဂ်ဟာ ဘောလုံးရာသီ ပိတ်သိမ်းလိုက်တဲ့ ဥရောပအကြီးဆုံးလိဂ်တစ်ခုဖြစ်လာပြီး ကျန်တဲ့ အင်္ဂလန်၊ ဂျာမနီ၊ အီတလီနဲ့ စပိန်လိဂ်တွေက ပွဲစဉ်တွေ ပြန်လည်စတင်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစားနေပါတယ်။

လီဂူးဘောလုံအဖွဲ့ချုပ် (LFP) ဟာ ချန်ပီယံအသင်း၊ တန်းဆင်း ဒါမှမဟုတ် တန်းတက်တွေ မရှိဘဲ ရာသီဖျက်သိမ်းခဲ့တဲ့ နယ်သာလန်လိဂ်လိုမဟုတ်ဘဲ ပွဲတစ်ပွဲစီရဲ့ ပျမ်းမျှရမှတ်တွေကို အခြေခံပြီး နောက်ဆုံး အမှတ်ပေးဇယားကို စီစဉ်ပေးခဲ့ပါတယ်။

လီဂူး-၁ လိဂ်ပြိုင်ပွဲ ရပ်နားထားချိန်က ပွဲစဉ် ၁၀ ပွဲကျန်ရှိနေသေးပေမယ့် ပီအက်စ်ဂျီနဲ့ စတာရက်စ်ဘာ့်ဂ်အသင်းနှစ်သင်းစလုံးကတော့ လက်ကျန် ၁၁ ပွဲအထိ ရှိနေပါတယ်။

ရလဒ်အနေနဲ့ ပီအက်စ်ဂျီအသင်းဟာ တစ်ပွဲပျမ်းမျှ ၂.၅၂ ရမှတ်နဲ့ ချန်ပီယံဖြစ်ပြီး မာဆေးလ်အသင်းက ပျမ်းမျှ ၂ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာ အမှတ်ပေးဇယားအောက်ဆုံးက အာမီယန်စ်နဲ့ လန်းစ်အသင်းတို့က တန်းဆင်းသွားခဲ့ရပြီး လီဂူး-၂ က လော်ရီယန့်နဲ့ လန်းစ်အသင်းတို့ တန်းတက်ခွင့် ရရှိခဲ့ပါတယ်။

ပြင်သစ်လိဂ်ပြိုင်ပွဲမှာ ပုံမှန်အတိုင်းဆိုရင် တန်းဆင်းတန်းတက် ၃ သင်းစီ ရှိပေမယ့်လည်း ဒီရာသီမှာတော့ ၂ သင်းစီသာ သတ်မှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required