အိန္ဒိယနိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီးသူ ရေလုပ်သား နှစ်ရာကျော်ပြန်လာရေး နိုင်ငံတော်မှ ကျခံပေးခဲ့

အိန္ဒိယနိုင်ငံ၌ ပြစ်ဒဏ်ကျခံပြီးသူ ရေလုပ်သား နှစ်ရာကျော်ပြန်လာရေး နိုင်ငံတော်မှ ကျခံပေးခဲ့

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် ။ ။ နိုင်ငံတော်အစိုးရက အကုန်အကျခံ၍ အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်းစင်းလုံးငှားဖြင့် အိန္ဒိယနိုင်ငံ၌ ပြစ်ဒဏ်ကျ ခံပြီးသူ ရေလုပ်သား ၂၄၃ ဦးတို့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

နိုဝင်ဘာ ၂ ရက်နေ့တွင် ပထမအသုတ်အနေဖြင့် ၁၅၈ ဦးနှင့် ၃ ရက်နေ့တွင် ဒုတိယအသုတ် ၈၅ ဦးတို့ဖြစ်သည်။

အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့အနီး စခန်းတစ်ခု၌ ထိန်းသိမ်းထားသူ မြန်မာရေလုပ်သားများအား အိန္ဒိယအစိုးရ တာဝန်ရှိ သူများနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူများက ပို့ဘလဲယားလေဆိပ်၌ လွှဲပြောင်း လက်ခံခြင်း ပြုလုပ်ကြ သည်။

ရေလုပ်သား နှစ်သုတ်လုံးအား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချွမ်ဟရဲ ဦးဆောင်သောအဖွဲ့သည် မြန်မာ ပို့ဘလဲယားလေဆိပ်၌ စာရင်းအချက်အလက်များနှင့်အတူ သွားရောက် လက်ခံရယူခြင်းဖြစ်သည်။  
လေယာဉ်နှစ်ခေါက် စင်းလုံးငှားရမ်းခငွေ အမေရိကန်ဒေါ်လာ ၇၁,၀၀၀ နိုင်ငံတော်မှ ကျခံပေးခဲ့သည်ဟု ပြန်ကြားရေး ဝန်ကြီးဌာန သတင်း၌ ဖတ်ရသည်။

လွတ်မြောက်လာသူ မြန်မာရေလုပ်သားအများစုမှာ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ရေပိုင်နက်အနီး ငါးဖမ်းကြရာမှ လေမုန်တိုင်း မိခြင်း၊ ရေယာဉ်များ စက်ချွတ်ယွင်း၍ နစ်မြုပ်ခြင်း၊ ရေပိုင်နက် မှားယွင်းခြင်း တို့ကြောင့် အိန္ဒိယရေတပ်၏  ထိန်းသိမ်းခံကြ ရသူများဖြစ်သည်ဟု သတင်းက ဆိုသည်။ 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ တာဝန်ရှိသူများ၊ နိုင်ငံတကာ ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) မှ တာဝန်ရှိသူများကလည်း လေဆိပ်၌ ကြိုဆို အားပေးကြပြီး ထောက်ပံ့ငွေ၊ အဝတ်အထည်နှင့် ခရီးစရိတ်များ၊ MPT စင်းကတ်နှင့် ငွေကျပ် ၁၀၀၀ ဖြည့်ပြီး ကတ်များ ထောက်ပံ့ပေးအပ်ကြသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့၏ အစီအစဉ်ဖြင့် နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ဆက်လက် ပို့ဆောင်ပေးသည်ဟုလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required