ကိုရိုနာဗိုင်းရပ်စ်ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့တဲ့ ဖာဘရီဂက်စ်ရဲ့ ၉၅ နှစ်အရွယ် အဖွား

ကိုရိုနာဗိုင်းရပ်စ်ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့တဲ့ ဖာဘရီဂက်စ်ရဲ့ ၉၅ နှစ်အရွယ် အဖွား

ပြင်သစ်ကလပ် မိုနာကိုအသင်းရဲ့ ကွင်းလယ်ကစားသမားအဖြစ် ကစားနေတဲ့ ဖာဘရီဂက်စ်ကတော့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကနေ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ အဖွားဖြစ်သူရဲ့အကြောင်းကို ပရိသတ်တွေဆီ မျှဝေပေးလိုက်ပါတယ်။

အာဆင်နယ်၊ ချယ်လ်ဆီးအသင်းတို့ရဲ့ နာမည်ကျော် ကွင်းလယ်ကစားသမား ဖာဘရီဂက်စ်မှာ အသက် ၉၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ အဖွားတစ်ယောက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ရတာပါ။ အသက်ကြီးတဲ့သူတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ဒဏ်ကို ခံနိုင်အားနည်းပါးကြပေမယ့် သူ့ရဲ့အဖွားဖြစ်သူကတော့ တတ်နိုင်သလောက် ကြံ့ကြံ့ခံပြီး အကောင်းအတိုင်း ပြန်ဖြစ်လာခဲ့ပါတယ်။

ဖာဘရီဂက်စ်က “သူမဟာ ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုမှာ ကင်းစင်ကြောင်း ပြခဲ့ပါပြီ။ သူမရဲ့ ဆေးစစ်ချက်မှာ ဘာဗိုင်းရပ်စ်မှ မရှိတော့ဘူးဆိုတာ ပြသခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အသက် ၉၅ နှစ်အရွယ် အဖွားကတော့ တကယ့်ကို သူရဲကောင်းကြီးပါပဲ။ ဒါပေမယ့် သူ အခုလို ပြန်ကောင်းခဲ့တာက သူနာပြုတွေနဲ့ ဆရာဝန်တွေရဲ့ ကျေးဇူးတွေလည်းအများကြီး ပါဝင်ပါတယ်။” လို့ ဖာဘရီဂက်စ်က ဆိုပါတယ်။

စပိန်နိုင်ငံအတွင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူပေါင်း ၂၁၃,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူဦးရေက ၂၄,၂၇၅ ယောက် ရှိနေတာပါ။ ဒါပေမယ့် ကူးစက်ခံရသူဦးရေ တဖြည်းဖြည်းလျော့နည်းလာခဲ့သလို လက်ရှိအချိန်မှာ ပြန်လည်ကောင်းမွန်သူကလည်း ၁၀၉,၀၀၀ အထိ ရှိလာခဲ့တာကြောင့် စပိန်နိုင်ငံရဲ့ ဘောလုံးပွဲတွေတောင် ပြန်လည်စတင်ဖို့ စီစဉ်နေပါပြီ။

ဖာဘရီဂက်စ်ကစားနေတဲ့ ပြင်သစ်လီဂူးမှာတော့ ဒီရာသီ ဘောလုံးပွဲတွေ ရပ်နားလိုက်ပြီဖြစ်ကြောင်း အစိုးရက ကြေညာသွားခဲ့လို့ ကစားသမားတွေဟာ လာမယ့်ရာသီသစ်ကိုသာ စောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required