ဘာစီလိုနာနဲ့ပဲ စာချုပ်သက်တမ်းတိုးဖို့ရှိနေတဲ့ မက်ဆီနဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

ဘာစီလိုနာနဲ့ပဲ စာချုပ်သက်တမ်းတိုးဖို့ရှိနေတဲ့ မက်ဆီနဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

မက်ဆီ

ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့အတွက် ဘာပြဿနာမှ မရှိလောက်ဘူးလို့ အသင်းဥက္ကဌဟောင်း လာပေါ်တာက မှတ်ချက်ပေးလိုက်ပါတယ်။ မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာ မက်ဆီအနေနဲ့ ရာသီကုန်ဆုံးချိန်တိုင်းမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရှိနေတယ်လို့ ချုပ်ဆိုထားတာကြောင့် ဒီရာသီကုန်ရင် မက်ဆီအနေနဲ့ အသင်းပြောင်းမယ်လို့ သတင်းတွေ ထွက်နေခဲ့တာပါ။ ဘာစီလိုနာရဲ့ အသင်းတွင်းပြဿနာတွေကြောင့် ဥက္ကဌနေရာကို ပြန်လည်ရယူနိုင်ဖွယ်ရှိနေတဲ့ လာပေါ်တာအနေနဲ့ မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ ကူညီပေးသွားမယ်လို့လည်း ဆိုပါတယ်။

ဂျိုးဟတ်

ဘန်လေအသင်းရဲ့ ဂိုးသမား ဂျိုးဟတ်ဟာ လာမယ့်အပြောင်းအရွှေ့မှာ လိဒ်ယူနိုက်တက်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိသွားတော့မှာဖြစ်ကြောင်း Goal က ဖော်ပြပါတယ်။ အသက် ၃၃ နှစ်အရွယ် ဂျိုးဟတ်ကို စာချုပ်သက်တမ်း မတိုးဖို့ ဘန်လေအသင်းက ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဂျိုးဟတ်ဟာ လိဒ်ယူနိုက်တက် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ပိုချက်တီနို

စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုက သူ့အနေနဲ့ စပါးအသင်းဆီကို တကျော့ပြန်သွားပြီး ဆုဖလားတွေ ရယူဖို့ ဆန္ဒရှိနေသေးတယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ပိုချက်တီနိုဟာ စပါးအသင်းကို ကိုင်တွယ်ခဲ့တဲ့ ၅ နှစ်တာ ကာလအတွင်းမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်အထိ ပို့ဆောင်ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ ဒုတိယနေရာအထိ ရပ်တည်နိုင်ခဲ့ပေမယ့်  ချန်ပီယံဆုဖလားတွေကိုတော့ ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။

အမ်မရီ

၂၀၁၉ နိုဝင်ဘာလတုန်းက အာဆင်နယ်အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ အမ်မရီအနေနဲ့ စပိန်မြေမှာ ပြန်လည်ခြေချဖို့ စီစဉ်နေတယ်လို့ Marca က ဖော်ပြပါတယ်။ ဗလင်စီယာနဲ့ ဆီးဗီးလားအသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်ခဲ့ဖူးသူ အမ်မရီဟာ လာလီဂါကလပ်အသင်းတစ်သင်းကို နည်းပြဖို့  ညှိနှိုင်းမှုတွေ ပြုလုပ်နေပြီး မကြာခင် နည်းပြလောကထဲကို ပြန်လည်ဝင်ရောက်လာတော့မှာပါ။

ဆန်ချို

မန်ယူအသင်းဆီကို ဒီအပြောင်းအရွှေ့မှာ ရောက်လာတော့မယ်လို့ သတင်းတွေ ထွက်နေတဲ့ ဆန်ချိုဟာ မန်ယူရဲ့ ကျောနံပတ် (၇)ကို ရယူသွားဖို့ရှိနေကြောင်း Mirror က ဖော်ပြပါတယ်။ ရော်နယ်ဒို၊ ဘက်ခမ်တို့နဲ့အတူ နာမည်ကျော်ခဲ့တဲ့ ကျောနံပတ် (၇) ဟာ ရော်နယ်ဒို ထွက်သွားပြီးနောက်ပိုင်းမှာ မှေးမှိန်သွားခဲ့ပြီး ဆန်ချိုအနေနဲ့ မန်ယူအသင်း တာဝန်ရှိသူတွေဆီ ဒီ ကျောနံပတ်ကို ဝတ်ဆင်ဖို့ ခွင့်တောင်းထားခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required