“မက်ဆီနဲ့တွဲကစားဖို့ဆိုတာ ကြည့်တော့သာ လွယ်တယ်ထင်ရတာ...” - ဆာဗီယိုလာ

“မက်ဆီနဲ့တွဲကစားဖို့ဆိုတာ ကြည့်တော့သာ လွယ်တယ်ထင်ရတာ...” - ဆာဗီယိုလာ

အာဂျင်တီးနားအသင်းတိုက်စစ်မှူးဟောင်း ဆာဗီယိုလာကတော့ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး ဖြစ်နေပြီဖြစ်တဲ့ မာတီနက်ဇ် ကို အကြံဉာဏ်ပေးလိုက်ပါတယ်။ အင်တာမီလန်မှာ ခြေစွမ်းပြနေပြီး ဒီရာသီမှာ (၁၆)ဂိုး သွင်းထားနိုင်ခဲ့တဲ့ မာတီနက်ဇ်ဟာ သူ့ရဲ့ အာဂျင်တီးနားအသင်းဖော် မက်ဆီနဲ့ ဘာစီလိုနာမှာ တွဲဖက်ကစားရမှာဖြစ်လို့ အာဂျင်တီးနားတိုက်စစ်အတွဲကို ဘာစီလိုနာမှာ မြင်တွေ့ရမှာပါ။

ဒါပေမယ့် ဆာဗီယိုလာကတော့ မက်ဆီနဲ့ အတွဲညီညီ ကစားနိုင်ဖို့ဆိုတာ ကြည့်တော့သာ လွယ်တယ်ထင်ရပေမယ့် တကယ်တမ်းမှာတော့ အရမ်းခက်ခဲတယ်လို့ မာတီနက်ဇ်ကို အကြံပေးလိုက်ပါတယ်။

ဘာစီလိုနာမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၇ ခုနှစ်အထိ ကစားခဲ့ဖူးပြီး အသင်းရဲ့အဓိက တိုက်စစ်ကစားသမား တစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ ဆာဗီယိုလာဟာ မက်ဆီနဲ့ ၃ နှစ်လောက် တွဲကစားခဲ့ရဖူးပြီး မက်ဆီရဲ့အကြောင်းကို ကောင်းကောင်းသိသူတစ်ယောက်ပါ။

“အရိုးသားဆုံး ပြောရရင်တော့ မက်ဆီဟာ ဘာစီလိုနာအသင်းဆီ ရောက်လာမယ့် ဘယ်ကစားသမားကိုမဆို ကြိုဆိုမယ့်သူပါ။ မက်ဆီနဲ့ ဆွာရက်ဇ်တို့ဆိုတာ တကယ့်အကောင်းဆုံး ကစားသမားတွေဖြစ်ပေမယ့်လည်း သူတို့နဲ့ တွဲကစားဖို့ဆိုတာကတော့ လွယ်တဲ့အလုပ် မဟုတ်ပါဘူး။” လို့ ဆာဗီယိုလာက ဆိုပါတယ်။

စပိန်သတင်းစာတွေက ဖော်ပြနေတဲ့ သတင်းတွေအရတော့ မာတီနက်ဇ်ဟာ ဘာစီလိုနာအသင်းဆီကို ပေါင် ၉၇ သန်းနဲ့ ပြောင်းရွှေ့ဖို့ ကြိုးစားနေပြီး အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးလေးဟာ ဆွာရက်ဇ်ရဲ့ နေရာကို အစားထိုး ဝင်ရောက်သွားဖို့ရှိနေတာပါ။

ဆာဗီယိုလာက မက်ဆီနဲ့တွဲဖက်ကစားဖို့ ခက်ခဲခဲ့တဲ့ ဒိုင်ဘာလာကို ဥပမာပေးခဲ့ပြီး မက်ဆီနဲ့တွဲကစားနိုင်ဖို့ မလွယ်ဘူးဆိုတာ ဒိုင်ဘာလာကို ကြည့်ရင်လည်း သိနိုင်တယ်လို့ ဆိုပါတယ်။

“ဒိုင်ဘာလာက ကျွန်တော့်ကို ပြောပါတယ်။ မက်ဆီနဲ့ တွဲကစားဖို့က တကယ့်ကို ခက်ခဲတယ်ဆိုတာပေါ့။ ကျွန်တော် သူ့ကို အားပေးခဲ့ရတယ်။ဘာကြောင့်လဲဆိုတော့ မက်ဆီနဲ့ တွဲဖက်ကစားဖို့ဆိုတာ အာရုံစူးစိုက်မှု အမြင့်ဆုံးထားနိုင်မှ ရမယ်၊ မက်ဆီရဲ့စိတ်ကိုလည်း နားလည်နိုင်မှရမယ်။” လို့ ဆာဗီယိုလာက ဆိုပါတယ်။

ရီးယဲလ်အသင်းရဲ့ နည်းပြဟောင်းတစ်ယောက်ဖြစ်တဲ့ ကာပယ်လိုကတော့ မာတီနက်ဇ်အနေနဲ့ ဘာစီလိုနာကို မပြောင်းသင့်ကြောင်းနဲ့ တကယ်လို့ သူ့အနေနဲ့ ပြောင်းရွှေ့ခဲ့ရင်လည်း အရန်ကစားသမားအဖြစ်နဲ့သာ အချိန်ကုန်နေရမှာဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ပြောဆိုခဲ့ဖူးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required