COVID -19 ကာလ ဘဏ္ဍာရေးစီမံခန့်ခွဲမှု အစိုးရက ဘယ်လို လုပ်မလဲ

ဧပြီ ၂၉

ကမ္ဘာ့ကပ်ရောဂါကြောင့် တစ်ကမ္ဘာ့လုံးရှိ အစိုးရများသည် ၎င်းတို့၏ ဘဏ္ဍာငွေသုံးစွဲမှု(ဘတ်ဂျက်)များကို ပြန်လည်ပြင်ဆင်ရေးဆွဲရန် လိုအပ်လာသည်။  ပြင်သစ်၊ ကိုရီးယား၊ ဂျပန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့ အားလုံး အကြပ်အတည်းကို ရင်ဆိုင်ရန်အတွက် နောက်ထပ် အပိုဆောင်းဘတ်ဂျတ်များကို ပြဌာန်းပေးကြသည်။

အင်ဒိုနီးရှားတွင် ကပ်ဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် အရင်းအမြစ်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် လတ်တလော အရေးပေါ် မဟုတ်သည့် အစိုးရလုပ်ငန်းများအားလုံးကို ရပ်ဆိုင်းခဲ့သည်။ သြစတေးလျတွင်မူ နောက်နှစ်အတွက် ဝင်ငွေနှင့် အသုံးစရိတ်စသည်တို့ကို ခန့်မှန်းရန် ခက်ခဲသည်ဟု ဆိုကာ နှစ်စဉ်ဘတ်ဂျက်ကိုပင် ဆိုင်းငံ့ခဲ့သည်။

မြန်မာနိုင်ငံတွင် မကြာသေးမီက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွက် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပြီးဖြစ်သည်။ ယင်းဥပဒေကြမ်းတွင် အစိုးရအသုံးစရိတ်ကို ကျပ် ၂.၆ ထရီလီယမ် အထိ တိုးမြှင့်ထားသော်လည်း ကပ်ရောဂါကို တုန့်ပြန်ရန် ဦးတည်၍ ပြင်ဆင် သတ်မှတ်ထားခြင်း (သို့မဟုတ်) ရန်ပုံငွေ တိုးမြှင့် လျာထားခြင်းများလည်း မပါဝင်ပေ။

သို့သော်လည်း ဘဏ္ဍာရေးကော်မရှင်က တင်ပြလာသည့် နောက်ထပ်ဖြည့်စွက်ရံပုံငွေသည်  ဧပြီလ ၂၆ ရက်နေ့ကတည်း ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးအတည်ပြုရန် ရောက်ရှိနေပြီ ဖြစ်သည်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းက “ဖြည့်စွက်ရံပုံငွေ ၂၀၁၉-၂၀၂၀ အတွက် နောက်ဆက်တွဲ ခွင့်ပြုငွေကတော့ ပြည်ထောင်စု အစိုးရအဖွဲ့က တင်ပြီးပြီ။ ဘဏ္ဍာရေးကော်မရှင်ကနေ အတည်ပြုလိုက်တဲ့ တောင်းခံလွှာတွေက ဘတ်ဂျက်တင်ပြချက်တွေက တနင်္ဂနွေနေ့က လွှတ်တော်ကိုရောက်ပြီ။ လွှတ်တော်ကိုရောက်နေတာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကတည်းက ရောက်တယ်ပြောတယ်။ အန်ကယ်တို့က ၁၈ရက်နေ့မှ ပြည်ထောင်စုလွှတ်တော်ခေါ်ပြီးတော့မှ အဲဒါကို လွှတ်တော်က အတည်ပြုပေးမှာပါ။” ဟုပြောသည်။

အစိုးရရဲ့ တောင်းခံမှု

ပြည်ထောင်စုအစိုးရက တင်သွင်းသည့် နောက်ဆက်တွဲ ရံပုံငွေတောင်းခံမှုထဲတွင် COVID-19 အတွက် သီးခြားတောင်းခံမှုပါမပါကို မေ လ ၁၁ရက်တွင်ကျင်းပမည့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အစည်းအဝေးပြီးမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း သူကပြောသည်။

“ဖြည့်စွက်ခွင့်ပြုငွေမှာ သာမန်အားဖြင့်လုပ်ငန်းသစ်တွေ မတောင်းရဘူး ဆိုပေမယ့်လည်း ဒါက ထူးခြားချက်ဖြစ်နေတော့ ပါချင်လည်းပါလာနိုင်ပါတယ်။” ဟု ဦးအောင်မင်းကပြောသည်။

အစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်ကူးစက်မှုကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးလုပ်ငန်းများလုပ်ဆောင်ခြင်းအပြင် ဗဟိုဘဏ်က အတိုးနှုန်းများလျော့ချပေးခြင်း၊ ခရီးသွားလုပ်ငန်းနှင့် SME လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့ပေးခြင်းများရှိသလို ကိုရိုနာဗိုင်းရပ်ထိန်းချုပ်ရေးအတွက် ရံပုံငွေတောင်းခံမည့် အစီအစဉ်များရှိနိုင်ကြောင်း ဦးအောင်မင်းကပြောသည်။

“အစိုးရက စီးပွားရေးလုပ်ငန်းတွေမှာ ဘီလျံ ၁၀၀ လျာထားဆောင်ရွက်တာရှိတယ်။ ဗဟိုဘဏ်က နေ အတိုးနှုန်းတွေလျော့ချတာတွေရှိတယ်။ ခုနက ဘီလျံ ၁၀၀ က ခရီးသွားလုပ်ငန်းနဲ့ SME လုပ်ငန်းတွေ ငွေကြေးထောက်ပံနေတာရှိတယ်။ ဖြည့်စွက်ရံပုံငွေမှာ ဘာတွေတင်လာမယ်ဆိုတာမရှိပါဘူး။ အစိုးရမှာ အစီအစဉ်တွေရှိမှာပါ။” ဟု ဦးအောင်မင်းကပြောသည်။

အစိုးရအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနက မူလလျာထားသည့် ဘတ်ဂျက်သည် လုံလောက်မှုမရှိပါက သမ္မတ၏ သီးသန့်ရံပုံငွေမှ ထုတ်ယူသုံးစွဲမှုမျိုး ပြုလုပ်၍ ရကြောင်း ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ၏ အဖွဲ့ဝင် ဦးစိုင်းသီဟကျော် က ပြောသည်။

“လတ်တလောမှာကျန်းမာရေးဆိုင်ရာအသုံးစရိတ်နဲ့ နဂိုမူလဘတ်ဂျက်ရထားချက်ထဲက သုံးဖို့ပေါ့ အဲဒီထဲက မလုံလောက်ဘူး။ အရေးပေါ်အသုံးလိုတယ် မဖြစ်မနေသုံးရမယ် ဆိုရင် သမ္မတရဲ့ အရေးပေါ်ရံပုံငွေထဲက သုံးလို့ရတယ်။ အဲဒီတော့ တကယ် ကိုဗစ်ရောဂါကာကွယ် ကုသရေး လုပ်ငန်းစဉ်တွေ မဖြစ်မနေသုံးရမယ့်ကိစ္စလိုအပ်မယ့် ဘဏ္ဍာရံပုံငွေတွေ လိုအပ်မယ်ဆိုရင် အဲဒီထဲကယူသုံးလို့ရပါတယ်။” ဟု ဦးစိုင်းသီဟကျော်က ပြောသည်။

ကိုရိုနာဗိုင်းရပ် ထိန်းချုပ်၊ ကုသရေးနှင့် COVID-19 အလွန်ကာလများအတွက် စီးပွားရေးလုပ်ငန်းများအပြင် ကျန်ကဏ္ဍများ အတွက် ရံပုံငွေတောင်းခံမှုကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းဖြစ်စေ၊ ပါတီအနေဖြင့်ဖြစ်စေ၊ ကော်မတီ အနေဖြင့်ဖြစ်စေ အဆိုတင်သွင်ခြင်းနှင့် မေးမြန်းခြင်းပြုလုပ်နိုင်သော်လည်း ဘဏ္ဍရံပုံငွေတောင်းခံမှုကို အစိုးရကသာတင်ပြတောင်းခံခွင့်ရှိကြောင်းသူကဆိုသည်။

 ‘လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ချင်းစီက အစိုးရဘာလုပ်သင့်တယ်။ ဘယ်လိုတွေသုံးစွဲသင့်တယ်ဆိုတာ ဘယ်လိုတွေတိုးမြှင့်သုံးစွဲသင့်တယ်ဆိုတာ အဆိုတင်သွင်းနိုင်တယ်။ အဆိုကလွှတ်တော်က လက်ခံဆွေးနွေး ဆုံးဖြတ်ပြီးတော့ လွှတ်တော်က အတည်ပြုပြီဆိုရင် အစိုးရက အဲဒီအတိုင်းလုပ်ပေးရတယ်။” ဟု ဦးစိုင်းသီဟကျော်ကပြောသည်။

သူ့အစိုးရသူ့လွှတ်တော်

အစိုးရနဲ့ လွှတ်တော်က တစ်သဘောတည်းဖြစ်နေ၍ ရံပုံငွေတောင်းဆိုမှုကို ခန့်မှန်း၍ မရကြောင်း ဦးစိုင်းသီဟကျော်က ပြောသည်။

ယခုလာမည့် မတ်လ ၁၈ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ကမ္ဘာ့ဘဏ်က ချေးငွေ ဒေါ်လာသန်း ၅၀၀ ချေးယူမည့် ကိစ္စကို အတည်ပြုရန်နှင့် ဘဏ္ဍာရေးကော်မရှင်က တင်သွင်းလာသည့် ၂၀၁၉-၂၀၂၀ ဖြည့်စွက်ရံပုံငွေကို အတည်ပြုပေးနိုင်ရန် ပြုလုပ်နိုင်ကြောင်း ဦးစိုင်းသီဟကျော်က ပြောသည်။

ပြီးခဲ့သည့် ဒုတိယအကြိမ်၊ ပြည်ထောင်စုလွှတ်တော် ၁၅ကြိမ်မြောက် အစည်းအဝေး မပြီးခင်ကတည်း က ဘတ်ဂျက်တိုးမြှင့်တောင်းခံများပြုလုပ်ထားလျှင် ကျန်းမာရေးဝန်ကြီးဌာနသည် ဆေးနှင့်ဆေးပစ္စည်းများ၊ Mask များ၊ PPE များကို ကျေးလက်ဆေးပေးခန်းများအထိဝေငှထားနိုင်မှုရှိမည်ဖြစ်ပြီး ယခုလို မလုံလောက်မှုများ၊ လိုအပ်ချက်များနှင့် ရင်ဆိုင်ရမည်မဟုတ်ကြောင်း သူက သုံးသပ်သည်။

ISP Myanmar ၏ ပြင်ပဆက်ဆံဆက်သွယ်ရေးဌာန ဒါရိုက်တာ ဦးအောင်သူငြိမ်းက လည်း ကပ်ရောဂါအလွန် နိုင်ငံစီးပွားရေးနှင့် ကျန်ကဏ္ဍများ နလံထူနိုင်ရန် သုံးစွဲရမည့် ဘတ်ဂျတ်ပမာဏ သည် သမ္မ္မတ၏ သီးသန့်ငွေဖြင့် မလုံလောက်ကြောင်းပြောသည်။

“သမ္မတရဲ့အရေးပေါ်ရံပုံငွေက သိပ်မများဘူးဗျ။ နောက်တကယ့်တကယ်က ဒေါ်လာအားဖြင့်ဆိုရင် ဘီလျံနဲ့ ချီပြီးလိုမယ်။ အဲဒါမျိုးက သမ္မတအရေးပေါ်ရံပုံငွေမှာ လိုမယ်ထင်တယ်။ နောက်တစ်ခုက တစ်လောက နှစ်ပတ်လောက်ပဲရှိမယ်ထင်တယ်။ အဲဒီတော့ ပြည်ထောင်စု ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးလုပ်တယ်။ သမ္မတဦးဆောင်ပြီးတော့လေ။ အဲဒီမှာကြည့်တော့ ဒီရံပုံငွေနဲ့ပတ်သက်ပြီးတော့ ထူးထူးခြားခြားကြီး ဖော်ပြပေးတာမျိုး မရှိဘူး။ နောက်ပိုင်းမှာ စဉ်းစားမိတဲ့ဆုံးဖြတ်လည်းဖြစ်နိုင်တယ်” ဟု ၎င်းက သုံးသပ်သည်။

ဘယ်လိုသုံးနေလဲ

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်ကြီး ဦးစိုးညွှန့်လွင်က လက်ရှိတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ထောက်ပံထားသည့် ငွေများဖြင့် ပုံမှန်ဝင်ငွေမရှိသည့် လက်လုပ်လက်စား ပြည်သူများကို ဆန်နှင့်ရိက္ခာ ငါးမျိုး ထောက်ပံ့မှုပြုလုပ်ထားပြီး ကျန်သည့် ဆေးနှင့် ဆေးပစ္စည်းထောက်ပံမှုများသည် ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ထောက်ပံ့ကြောင်း ပြောသည်။

အမျိုးသားအဆင့် ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ပေးပို့သည့် မြန်မာငွေ ၁.၂ ဘီလျံသည် ကြန့်ကြာမည်စိုး၍ ပြည်နယ်၏ သဘာဝဘေးရံပုံငွေက အရင်ကြိုတင်သုံးစွဲခဲ့ရပြီး လက်ရှိတွင် ပြန်လည်တောင်းခံရာမှ ရရှိပြီဖြစ်ကြောင်း ဦးစိုးညွှန့်လွင်က ပြောသည်။

“အဲဒီပိုက်ဆံကို ပြည်ထောင်စုကို တင်တောင်းတယ်။ တောင်းတဲ့အခါကျတော့ လောလောဆယ်က ရှမ်းပြည်နယ်အစိုးရက သဘာဝဘေးရံပုံငွေဆိုတာရှိတယ်။ အဲဒီသဘာဝဘေးရံပုံငွေထဲက ယူသုံးထားတာပေါ့ လောလောဆယ်က သုံးပြီးတော့စိုက်ထုတ်ထားတယ် ဒီလောက်ကုန်ကျတယ် ဒီလောက်စိုက်ထုတ်ထားပါတယ်ဆိုပြီးတော့ ပြည်ထောင်စုကို တင်ပြီးတော့ ပြည်ထောင်စုကနေ ၁.၂ ဘီလျံ ချပေးထားတယ်။” ဟု ဦးစိုးညွှန့်လွင်က ဆိုသည်။

ပြည်နယ်အဆင့်  COVID-19 ထိန်းချုပ်ရေးကော်မတီများသည် လက်ရှိတွင် အလှူရှင်များ၏ အထောက်အပံ့ဖြင့် ဆက်လက်လုပ်ဆောင်နေကြသည်။ ပြည်နယ်ရှိ ကျန်းမာရေးဌာန အားလုံးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ထောက်ပံ့မှုဖြင့် လုပ်ဆောင်နေကြကြောင်းသိရသည်။

မြန်မာနိုင်ငံ၏ဘတ်ဂျက်တွင် ပြင်ဆင်ပြောင်းလဲမှု ပြုလုပ်ရန်လိုအပ်လာပြီး  ဦးစားပေးလုပ်ငန်းသစ်များဆောင်ရွက်ရန် ရံပုံငွေများကို အစိုးရဝန်ကြီးဌာနနှင့် ဌာနများအကြားတွင်သာမက ပြည်ထောင်စုမှ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့လည်း လွှဲပြောင်းပေးမှုများရှိရန် လိုအပ်လာသည်။

ကိုဗစ်ဘေးနဲ့ ဦးစားပေးလုပ်ငန်း

အဓိက ကဏ္ဍများဖြစ်သည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးရေး၊ အသေးစားအလတ်စားလုပ်ငန်းများအပြင် ပညာရေးကဏ္ဍ စသဖြင့် လုပ်ငန်းများ၏ စွမ်းဆောင်ရည်နှင့် ထိရောက်မှုများသည် ကိုဗစ်ကပ်ဘေးအချိန်နှင့် သာမန်အချိန် တူညီမည်မဟုတ်ပေ။

စွမ်းဆောင်ရည်နှင့် ထိရောက်မှုများပြောင်းလဲသွားခြင်းကြောင့် ဦးစားပေးလုပ်ငန်းအစီအစဉ်များပါ ပြောင်းလဲရမည်ဖြစ်ကြောင်း ဦးအောင်သူငြိမ်းက ဆိုသည်။

အစိုးရကလည်း ကိုဗစ်အလွန်ကာလအတွက် သီးသန့်ရေးဆွဲထားသည့် ဘတ်ဂျက် အစီအစဉ်တစ်ခုရှိသည်ဟု ကြားသိရပြီး လုပ်ငန်းများအားလုံးကို အခြေအနေပေါ်မူတည်ပြီး ပြောင်းလဲတာမျိုး၊  လုပ်ငန်းရှင်များနှင့် တိုင်ပင်ခြင်းများပြုလုပ်သင့်ကြောင်း သူကထပ်မံပြောသည်။

“အဲဒီတော့ ဒီပိုက်ဆံကို ဘယ်လိုသုံးမှာလဲဆိုတော့ အားလုံးကို ဝေပစ်လိုက်တာမျိုးမဟုတ်ဘဲနဲ့ တစ်ချိန်မှာ ပြန်နလံထူမယ့် လုပ်ငန်းမျိုး နောက်တစ်ခုက ကိုယ့်အတွက်လည်း အရေးကြီးမယ့် လုပ်ငန်းမျိုးပေါ့ စီးပွားရေးလုပ်ငန်းမျိုး စိုက်ပျိုးရေးလုပ်ငန်းမျိုးလုပ်ငန်းမျိုးက အခရာကျမယ်။ ဒီမှာ ရင်းနှီးမြှုပ်နှံမှုလိုမယ် အဲဒါမျိုးကလည်း အစိုးရ က servey တွေလိုမယ်။ စစ်တမ်းကောက်ကူမှုတွေလိုမယ်။ လုပ်ငန်းရှင်တွေနဲ့ တိုင်ပင်ဖို့လိုတယ်။ အဲဒါမျိုးတွေ လုပ်မယ်ဆိုရင်တော့ ပိုပြီးပြည်စုံမယ် ထင်ပါတယ်။” ဟု သူကဆိုသည်။ 

ဘာတွေလုပ်သင့်လဲ

လက်ရှိအခြေအနေတွင် အစိုးရ၏ မအောင်မြင်၊ မထိရောက်နိုင်သော လုပ်ငန်းစီမံချက်များကို ဖျက်သိမ်းခြင်း၊ ရွေ့ဆိုင်းခြင်းများအားဖြင့် တစ်နေ့တစ်ခြားတိုးပွားလာသော ကျန်းးမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ငွေအား၊ လူ့အရင်းအမြစ်အား များပေါ်ထွက်လာမည်ဖြစ်သည်။

အစိုးရ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို အစီအစဉ်များရေးဆွဲခြင်းဖြင့်စတင်သင့်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဘတ်ဂျက်နှင့် အချိန်ဇယား တို့ကို ရှင်းလင်းစွာ သတ်မှတ် စီမံထားပါက အကောင်ထည်ဖော်မည့်သူများ လုပ်ငန်းစတင်ရာတွင် များစွာအထောက်အကူဖြစ်စေမည်ဖြစ်သည်။ 

ကပ်ဘေးတုံ့ပြန်ဆောင်ရွက်ရေးနှင့် ပတ်သက်သည့် အစိုးရထုတ်ပြန်ချက်များတွင် ခန့်မှန်း ဘတ်ဂျက်၊ အချိန် ဇယားနှင့် ဆောင်ရွက်ရမည့် ဌာနအဖွဲ့အစည်း တို့ကို ရှင်းလင်းစွာ ထည့်သွင်းပေးရမည်ဖြစ်သည်။

ကပ်ဘေးတုံ့ပြန်ရေးအတွက် အစီအစဉ်များအတွက် ငွေစာရင်းအသစ်ဖွင့်၊ငွေစာရင်းအမှတ် အသစ်များ သတ်မှတ်ပေးခြင်းက တာဝန်ယူမှုနှင့် စောင့်ကြည့်စစ်ဆေးရေးအတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။

အစိုးရက ရံပုံငွေရှာဖွေရေးကော်မတီများဖွဲ့စည်းပြီး ကိုဗစ်တု့ပြန်ရေးအတွက် တစ်ဦးချင်းအလှူရှင်များနှင့် စီးပွာေးရးလုပ်ငန်းများထံမှ အလှူသွေကောက်ခံလျက်ရှိသည်။ ထိုအလှူငွေများသည် ပြည်သူ့ဘဏ္ဍာများ ဖြစ်သွားသဖြင့် လုပ်ထုံးလုပ်နည်းနှင့် အညီ ကိုင်တွယ်ဆောင်ရွက် နိုင်ရန်လိုအပ်သည်။

ပမာဏကြီးမားသော ဘတ်ဂျက်ဆိုင်ရာ အပြောင်းအလဲများကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်မည့် (ဒုတိယအကြိမ်) နောက်ထပ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေ တစ်ခုကို ပြင်ဆင်ပြဌာန်းသင့်သည်ဟု The Asia Foundation Myanmar ၏ အကြံပြုချက်တွင်ပါဝင်သည်။

ထိုကြောင့် အစိုးရအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကို ပြင်ဆင်မည့် (ဒုတိယအကြိမ်) နောက်ထပ်ဘဏ္ဍငွေအရအသုံးဆိုင်ရာ ဥပဒေ ကို ပြင်ဆင်ပြဌာန်းရန် သို့မဟုတ် သီးသန့်ရံပုံငွေတစ်ရပ်ရရှိရန် ဆောင်ရွက်သင့်သည်ဟု သိရသည်။ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly