သံဖြူဇရပ်မြို့နယ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ယိုစိမ့်မှုများဖြစ်ပေါ်နေ

သံဖြူဇရပ်မြို့နယ် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ယိုစိမ့်မှုများဖြစ်ပေါ်နေ

ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် ။ ။ သံဖြူဇရပ်မြို့နယ်၊ ဝယ်ဝင်ကရာရွာအနီးရှိ သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ဓာတ်ငွေ့ယိုစိမ့်မှုများ ဖြစ်ပေါ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာန facebook စာမျက်နှာ၌ နိုဝင်ဘာ ၄ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၃ ရက်နေ့ မွန်းလွဲပိုင်းတွင် ဓာတ်ငွေ့ယိုစိမ့်မှုသတင်း ရရှိခဲ့ပြီးနောက် မော်လမြိုင် ပိုက်လိုင်းစခန်းမှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးရာ 'ပိုက်လိုင်းသံချေးစား၍ ဓာတ်ငွေ့ဖိအားခံနိုင်ရည် အားနည်းသောနေရာမှ ဓာတ်ငွေ့ယိုစိမ့်ခြင်း' ဖြစ်သည်ဟု သိရသည်။

ယင်းပိုက်လိုင်း ပြုပြင်ရေးအတွက် နိုဝင်ဘာ ၄ ရက် ညနေ ၆ နာရီမှ၊ ၅ ရက်နေ့ ညနေ ၆ နာရီအထိ ၂၄ နာရီကြာမြင့်မည် ဟု စွမ်းအင်ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းမှ မော်လမြိုင်၊ မြိုင်ကလေးနှင့် ရန်ကုန်ဧရိယာရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံနှင့် အခြားစက်ရုံများသို့ သဘာဝဓာတ်ငွေ့ ဖြန့်ဖြူးပေးနေသည်ဟု ဝန်ကြီးဌာန facebook က ဖော်ပြသည်။ 

ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် မော်လမြိုင်နှင့် သထုံ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် မြိုင်ကလေး တန် ၉၀၀ ဘိလပ်မြေစက်ရုံသို့ ဓာတ်ငွေ့ပို့လွှတ်မှုအား ခေတ္တရပ်ဆိုင်းထားမည်ဖြစ်သော်လည်း လျှပ်စစ်မီး အတွက်မူ စီမံထားပြီးဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required