နိုင်ငံအတွက် တာဝန်ထမ်းဆောင်သည့် ဆရာဝန်နည်းလာဟု ဒေါ်အောင်ဆန်းစုကြည်ပြော

နိုင်ငံအတွက် တာဝန်ထမ်းဆောင်သည့် ဆရာဝန်နည်းလာဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ပုံ- နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်(ပုံ-အတိုင်ပင်ခံရုံး fb)

ရန်ကုန်၊ ဧပြီ ၂၈

နိုင်ငံအတွက် တာဝန်ထမ်းဆောင်ပေးသည့် ဆရာဝန်အရေအတွက် နည်းလာခြင်းကြောင့် မြန်မာပြည်ဖွား ဆရာဝန်များ အနေဖြင့် မိမိနိုင်ငံကို ပြန်လည်ပံ့ပိုးပေးကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်း  ပြောလိုက်သည်။
အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကိုဗစ်-၁၉ ကူးစက်ခံရပြီးနောက် ပြန်လည် သက်သာလာသော ပြည်မြို့မှ မေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန် အပါအဝင် တီးတိန်မြို့နယ်မှ ကိုတောင်စွမ်းခိုင်နှင့် မန္တလေးမြို့က ကိုကျော်လင်းထက်တို့ဖြင့် ၎င်း အသုံးပြုသော Aung San Suu Kyi  ဆိုသော လူမှုကွန်ယက်ကနေ ယနေ့ နံနက် ၁၁ နာရီက အပြန်အလှန်ဆွေးနွေးမှု တိုက်ရိုက်ထုတ်လွှင့်စဉ် အထက်ပါ အတိုင်း ပြောသွားခဲ့သည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီခေတ်မှာ ကိုယ်က ဆရာဝန်ဖြစ်လာပြီးဆိုရင် ကိုယ်လုပ်ချင်တဲ့ အခွင့် အရေးတွေ အများကြီးရှိတဲ့ အခါကျတော့ နိုင်ငံအတွက် ပြန်ပြီး လုပ်တဲ့ ဆရာဝန်တွေရဲ့ အရည်အတွက်က နည်းလာတယ်။ အဲ့ဒီဟာ ကိုတော့ အခွင့်အခါ ကြုံတုန်း ပြောချင်တယ်။ ကိုယ့်နိုင်ငံကိုလည်း ကိုယ်ပြန်ပြီးပံ့ပိုးပါ” ဟု ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသည့် နိုင်ငံတော်တွင် ဆရာဝန် အရေအတွက် နည်းနေခြင်းဆိုသည်မှာ အစိုးရ ကျန်းမာရေးဌာနများ အောက်တွင် အလုပ်လုပ်ကိုင်မှု နည်းလာခြင်းကို ဆိုလိုခြင်းလား (သို့) နိုင်ငံရပ်ခြား တွင် သွားရောက် အလုပ်လုပ်ကိုင် နေသူများကို ဆိုလိုခြင်းလားကတော့ တိတိကျကျ မပြောခဲ့ပေ။

ထို့နောက် အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော်မှ ဆရာဝန်တစ်ယောက် မွေးထုတ်ရန်အတွက် နှစ်ပေါင်းများစွာကြာအောင် ရင်းနှီးထားရသည့်အတွက် တတ်နိုင်သည့်ဘက်ကနေ မိမိနိုင်ငံကို ပြန်လည် ပံ့ပိုးပေးစေလိုကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီး ဌာနများမှလည်း ဆရာဝန် တစ်ယောက်တွင် ရှိသင့်၊ ရှိထိုက်သည့် အရည်အချင်းများဖြင့် ပြည့်စုံသည့် ဆရာဝန်များ ပေါ် ထွက်လာရန် ကြိုးစားပေးနေကြောင်း ပြောသည်။

မြန်မာနိုင်ငံရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်တွင် ၂၀၁၆ ခုနှစ်၊ ဧပြီလမှ ၂၀၁၉ ခုနှစ်၊ မတ်လအထိ အမြဲတမ်းဝန်ထမ်း အင်အား မှာ အရာထမ်းပေါင်း ၁၇၉၈၅ ဦး၊ အမှု ထမ်း ပေါင်း ၉၅၄၄၁ ဦး စုစုပေါင်း ၁၁၃၄၂၅ ဦးရှိ ကြောင်း၊ ထိုအထဲမှ ကျန်းမာရေး ဌာန၊ မိခင်နှင့်ကလေး ကျန်းမာရေး ဌာန၊ ဒေသန္တရကျန်းမာရေးဌာနများတွင် ဆေးပညာ ဆိုင်ရာ တာဝန်ထမ်းဆောင်နေသူ ဝန်ထမ်းပေါင်း ၁၀၉၁၈ ဦးရှိကြောင်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြောင်းလဲတိုးတက်မှုအပြေပြ စာရင်းများ၌ ဖော်ပြထားသည်။

အထက်ပါ ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာက လေ့ကျင့်မွေးထုတ်ပေးခဲ့သည့် ဆရာဝန်၊ နပ်စ်၊ ပါဂူ အပါအဝင် ဆေးဝါးကျွမ်းကျင်သူ စုစုပေါင်း ၂၄၃၃၀ ဦးရှိခဲ့ကြောင်း၊ တစ်နိုင်ငံလုံးတွင် ဆေးရုံပေါင်း ၁၁၄၄ ရုံရှိကြောင်း လည်း ကျန်းမာရေနှင့် အားကစား ဝန်ကြီးဌာန၏ ပြောင်းလဲတိုးတက်မှုအခြေပြ စာရင်းများတွင် ဖော်ပြထားသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ ဒါပေမယ့် ကြိုးစားပြီး သင်ပေးထားတဲ့ ပညာတွေကို တတ်နိုင် သလောက် တော့ အနည်းအကျဉ်းတော့ နိုင်ငံအတွက် ပြန်ပြီး သုံးစေချင်တယ်၊ ကျေးဇူးဆပ်တဲ့ သဘောပဲ ”ဟု ပြောသည်။

ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် နိုင်ငံတော်နှင့်အတူ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်နေသည့် မေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်လို ကျန်းမာရေးဝန်ထမ်းများလည်း ရှိနေသည့်အတွက် ဝမ်းသာကြောင်း အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပါဝင်ဆွေးနွေးခဲ့သည့် မေ့ဆေးဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်ကလည်း ကူညီလိုပါက ဖျားနာ၊ လူနာ ဆေးခန်းလိုမျိုး အပြင် သင်တန်းပေးခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်း ဆိုသည့် နေရာများတွင် ပါဝင်ကူညီနိုင် ကြောင်း အကြံပြု ပြောသွားခဲ့သည်။

မေ့ဆေးဆရာဝန်ကြီး ဒေါ်မြင့်မြင့်စိန်သည် ကိုဗစ်-၁၉ အတည်ပြုလူနာကို ကုသပေးသူဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြု လူနာတစ်ဦးကို ကုသပေးရင်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရသူ ဖြစ်သည်။ ဆရာမကြီးသည် ကိုဗစ်-၁၉ အတည်ပြု လူနာအမှတ် ၃၀ ဖြစ်ပြီး ဝေဘာဂီဆေးရုံကြီးမှာ တက်ရောက် ဆေးကုသမှုခံယူနေရပြီး လက်ရှိတွင် ပြန်လည်ကျန်းမာလာစ ပြုနေပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဧပြီ ၂၇ ရက်နေ့အထိ လူ ၇၀၀၀ နီးပါးကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရမှု ရှိ/မရှိ စစ်ဆေးခဲ့ ရာ ပိုးတွေ့လူနာ ၁၄၆ ဦးရှိပြီး ပြန်လည်သက်သာသူ ၁၆ ဦးနှင့် သေဆုံးခဲ့သူ ငါးဦးရှိကြောင်း ကျန်းမာ ရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly