ကိုရိုနာဗိုင်းရပ်စ်ကြောင့် အတားအဆီး ပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရသည့် တရုတ်၏ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အတားအဆီး ပိတ်ဆို့မှုများနှင့် ကြုံတွေ့နေရသည့် တရုတ်၏ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း

ဧပြီ ၂၇

တရုတ်တို့၏ ရပ်ဝန်းနှင့် လမ်းမ စီမံကိန်းကြီးသည် ယခုအခါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ပေါ်ပေါက်ထားခဲ့သည့် ထုတ်လုပ်မှုလမ်းကြောင်း (supply chain) ကျိုးပေါက်မှုများ၊ ခရီးသွားဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုများ၊ တင်းကျပ်သည့် နယ်စပ် ထိန်းချုပ်ကန့်သတ်မှုများ၏ သက်ရောက်မှုများကို တွန်းလှန်ပယ်ရှားနိုင်ရန် ရုန်းကန်နေရလျက် ရှိသည်။  ပရောဂျက် နှောင့်နှေးကြန့်ကြာမှုများနှင့် ကုန်ကျစရိတ် ကျော်လွန် ခြင်းများ၏ ခြောက်လှန့်နေမှုများကလည်း အနာဂတ်ကာလ ပရောဂျက်များ၏ အလားအလာအပေါ် မေးခွန်းများ ထွက်ပေါ်စေခဲ့သည်။

ယခုနှစ်စပိုင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုနှင့် ထိခိုက်ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း တရုတ် စီးပွားရေးသည် မရဲတရဲဖြင့် ပြန်လည်နာလန်ထူလာသည့် လက္ခဏာရပ်များကို ပြသထားခဲ့သည်။ ပြင်းထန်သည့် ထိန်းချုပ် ကန့်သတ်မှုများနှင့် ပိတ်ပင်မှုများကိုလည်း ပြန်ရုပ်သိမ်းပေးနေပြီဖြစ်သည်။ စက်ရုံအလုပ်ရုံများသည်လည်း ပြန်လည် စတင် လည်ပတ်လှုပ်ရှားလာနေပြီဖြစ်ကာ လျှပ်စစ်အသုံးပြုမှုသည်လည်း မြင့်တက်လာနေသည်။

ဆိပ်ကမ်းများ၊ မော်တော်ကားလမ်းများ၊ မီးရထားလမ်းများ ပါဝင်သည့် ကွန်ရက်တစ်ခုနှင့်အတူ အာရှ၊ ဥရောပ နှင့် အာဖရိက တို့ကို ချိတ်ဆက် သွယ်တန်းရန် ကြိုးပမ်းသည့် တရုတ်၏ ခေတ်သစ် ပိုးလမ်းမ တစ်လျှောက်ရှိ အခရာ ကျသည့် ပရောဂျက်များသည် ယခုအခါ ပြဿနာ တစ်ပြုံတစ်ခေါင်းနှင့် တည့်တည့်တိုးပြီး ရင်ဆိုင်နေရလျက် ရှိသည်။

အင်ဒိုနီးရှားတွင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် မြို့တော် ဂျကာတာနှင့် တောင်ကုန်းအစွန်းအဖျား ဘန်ဒေါင်းမြို့တို့ကို ချိတ်ဆက်မည့် ကန်ဒေါ်လာ ၆ ဘီလီယံ ကုန်ကျမည့် မြန်နှုန်းမြင့် မီးရထားလမ်းအတွက် အတား အဆီးသစ်များ ဖြစ်ပေါ်စေလျက် ရှိကြောင်း ယင်းပရောဂျက်၏ နောက်ကွယ်တွင် ရှိနေသည့် တရုတ်နှင့် အင်ဒိုနီးရှား ကုမ္ပဏီများ ယာယီပူးပေါင်းအဖွဲ့အစည်း (KCIC) က ပြောသည်။

“ကိုဗစ်-၁၉ ကြောင့် တရုတ်ကနေ တင်သွင်းရတဲ့ ပစ္စည်းတွေ ပေးပို့မှုပိုင်းကို နှောင့်နှေးကြန့်ကြာစေပါတယ်” ဟု KCIC ၏ ဒါရိုက်တာ Chandra Dwiputra က ပြောသည်။ “တစ်ခြားဟာတွေထက် တရုတ်က ကျွမ်းကျင်လုပ် သားတွေဟာ ခုထိ ပြန်မလာနိုင်သေးပါဘူး၊ ဘာလို့လဲဆိုတော့ လက်ရှိမှာ သူတို့ ပြန်လာဖို့ အခြေအနေမပေးသေးလို့ဖြစ်ပါတယ်” ဟု ၎င်းက ပြောသွားသည်။

အလုပ်သမား အင်အားစုရဲ့ ငါးပုံ ပုံ တစ်ပုံခန့်သည့် တရုတ်အလုပ်သမားများဖြစ်သော်လည်း ယခုအခါ ဗိုင်းရပ်စ် ထိန်းချုပ်ကန့်သတ်နိုင်ရေး အစိုးရပိတ်ပင်ကန့်သတ်ချက်များေကြာင့် လုပ်သားအများအပြားကို ပြန်မလာ နိုင်စေရန် တားဆီးသလို ဖြစ်နေကြောင်း ၎င်းက ပြောသွားသည်။

သတင်းများ၏ ခန့်မှန်းချက်အရ လုပ်သား ၃၀၀ ခန့် တရုတ်မှာ ပိတ်မိနေပြီး တချိန်တည်းမှာပင် ရထားလမ်းလုပ်ငန်းက လက်ရှိအချိန်အတောအတွင်း ဆက်လက်လည်ပတ်နေသည်ဟု သိရသည်။

တချိန်တည်းမှာပင် အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်ရှိ ဘာတန်တိုရူ မိုးသစ်တောတွင် တည်ဆောက်လျက်ရှိသော အငြင်းပွားဖွယ် တရုတ်ကျောထောက်နောက်ခံ ဆည်စီမံကိန်းတစ်ခုသည်လည်း ယခုအခါ နှောင့်နှေး ကြန့်ကြာမှုများ ကြုံတွေ့နေသည်ဟု သိရသည်။ အကြောင်းမှာ တရုတ်လုပ်သားများအပေါ် ခရီးသွားပိတ်ပင်ချက်များ ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

ကပ်ရောဂါကြောင့် ရပ်ဝန်းနှင့် လမ်းမ ပရောဂျက်များအတွက် ကြီးမားသည့် ပြင်ပ ဘေးအန္တရာယ်ဆိုးကျိုးများကို ဖြစ်ပေါ်ထားစေခဲ့ကြောင်း တရုတ်နိုင်ငံပိုင် ပိုင်ဆိုင်မှုပစ္စည်း ကြီးကြပ်မှုနှင့် စီမံခန့်ခွဲမှု ကော်မရှင်က ပြီးခဲ့ သည့်အပတ်တွင် ပြောသည်။

“ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ခံစားနေရတဲ့ ကမ္ဘာတဝန်း နိုင်ငံအသီးသီးဟာလည်း ခုချိန်မှာ ထိန်းချုပ်ဟန့်တားရေး အစီအမံတွေကို တင်းကျပ်လုပ်ဆောင်နေကြပါတယ်၊ ဒါကြောင့်လည်း ကမ္ဘာလုံးဆိုင်ရာ စက်မှုလုပ် ငန်းဆိုင်ရာပိုင်းနဲ့ ထုတ်လုပ်မှုလမ်းကြောင်းအပေါ် မတူညီတဲ့ ဒီဂရီအတိုင်းအတာတွေနဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်ထားစေလျက် ရှိပါတယ်” ဟု ကော်မရှင်၏ ပြန်ကြားရေးဌာန အကြီးအကဲ Xia Qingfeng က ပြောသည်။

“ဗဟိုက ပိုင်ဆိုင်ထားတဲ့ လုပ်ငန်းတွေကလည်း ခုချိန်မှာ ကန်ထရိုက်စာချုပ်တွေနဲ့ပတ်သက်လို့ နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်ထားရပါတယ်၊ အော်ဒါအသစ်တွေ ကျဆင်းတာ၊ ကုန်ကြမ်း ဖြည့်သွင်းထောက်ပံ့မှုပိုင်းမှာ ထိခိုက်မှုတွေ ရှိတာတွေ ကြုံနေရပါတယ်” ဟု ၎င်းက ပြောသွားသည်။

ကိုရိုနာဗိုင်းရပ်စ်က ကမ္ဘာတဝန်း ကူးစက်ပျံ့နှံ့ထားခဲ့သည့်အတွက် အစိုးရ ထိန်းချုပ်မှုများကြောင့် နိုင်ငံတကာ ဆက်သွယ်ချိတ်ဆက်မှုအပေါ် အကြီးအကျယ် ထိခိုက်ထားစေခဲ့သည်။ ယင်းအတွက်ကြောင့်လည်း လက်ရှိတွင် ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံသည် ယင်း၏ ကုန်ထုတ်လုပ်မှု အင်ဂျင်များကို ပြန်လည်စတင်လည်ပတ်နေသည် ဆိုသည့်တိုင် တချို့သော ရပ်ဝန်းနှင့် လမ်းမ ပရောဂျက်များအတွက် အရေးပါသော တရုတ် တပ်ဆင် ပစ္စည်းများ၊ အစိတ်အပိုင်းပစ္စည်းများနှင့် အထူးကျွမ်းကျင်လုပ်သားများ  ချိတ်ဆက်ရရှိအသုံးပြုရန် အခက်အခဲများ ဖြစ်ပေါ်ထားစေခဲ့သည်။

ယခုနှစ် ပထမနှစ်လတွင် တရုတ်နိုင်ငံခြားလုပ်သားဝန်ဆောင်မှုဌာနက ပြည်ပသို့ လုပ်သား ၃၉,၀၀၀ စေလွှတ်ပေးပို့ခဲ့ရာ ယင်းက ၂၀၁၉ အလားတူကာလနှင့် ယှဉ်လျင် ၂၉,၀၀၀ လျော့ကျသွားခဲ့ကြောင်း တရုတ် ကုန်သွယ် မှုဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဖေဖော်ဝါရီလကုန်တွင် ပြည်ပနိုင်ငံများတွင် ရှိနေသော လုပ်သားအရေအတွက်သည် ၇၇၈,၀၀၀ ဖြင့် ရပ်တည်နေလျက် ရှိရာ ယင်းက အစောပိုင်းတစ်နှစ်ကထက် ၁၈၈,၀၀၀ လျော့ကျသွားခဲ့ခြင်းဖြစ်သည်။

ရပ်ဝန်းနှင့် လမ်းမ နိုင်ငံများအတွက် အသေးစိတ်ခွဲခြမ်းစိတ်ဖြာချက်များကို လက်တလော ရရှိနိုင်ခြင်း မရှိသေးသော်လည်း အာရှဒေသအတွင်း စွမ်းအင်မှ စ၍ အိမ်ခြံမြေအထိ ဖြန့်ကျက်ထားသော အမျိုးမျိုးသော ပရောဂျက် များအတွက်  နဂိုကတည်းက တိမ်ရိပ်မိုးနေသော ရေတိုအလားအလာတစ်ခုအပေါ် ဗီဇာပိတ်ပင်ကန့်သတ်မှုများက ပိုမို ရှုပ်ထွေးစေလျက် ရှိနေသည်ဆိုသည်မှာ ရှင်းလင်းနေပြီဖြစ်သည်။

ဒေါ်လာ ၆၂ ဘီလီယံတန် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်ရှိ ပရောဂျက်များတွင် အလုပ်လုပ်နေသော တရုတ်နိုင်ငံသားများအတွက် quarantine (သီးခြားခွဲနေထိုင်မှု) ပြဌာန်းချက်များ ရှစ်ပတ်အထိ ချမှတ်ထားရသလို ဘင်္ဂလားဒေ့ရှ်ကလည်း လမ်းများ၊ တံတားများနှင့် ဓာတ်အားပေးစက်ရုံများအပါအဝင် ရပ်ဝန်းနှင့် လမ်းမ ပရောဂျက်များကို အချိန်ရွှေ့ဆိုင်းထားကြောင်း ကြေညာသွားခဲ့သည်။

သီရိလင်္ကာ၏ အကြီးဆုံးသော ရပ်ဝန်းနှင့်လမ်းမ စီမံကိန်းများအနက်တစ်ခုဖြစ်သည့် ကိုလံဘို ဆိပ်ကမ်းမြို့ ပရောဂျက်ကလည်း ယခုအခါ ကပ်ရောဂါကြောင့် ထိခိုက်မှုများ ဖြစ်ပေါ်ထားခဲ့သည်။

နိုင်ငံခြားသား လုပ်သားများအပေါ် ပိတ်ပင်ကန့်သတ်ချက်များနှင့် quarantine အစီအမံများကို အစိုးရက ချမှတ်လုပ်ဆောင်ခြင်းကြောင့် ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ပရောဂျက်အပေါ် အနည်းငယ် ထိခိုက်သက်ရောက်မှု ရှိစေခဲ့ကြောင်း၊ သို့သော် လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေလျက် ရှိကြောင်း အဆိုပါ ကိုလံဘို ဆိပ်ကမ်းမြို့ ဖော်ဆောင်ရေးဆိုင်ရာ အများပြည်သူဆက်ဆံရေးအကြီးအကဲ Kassapa Senarath က ပြောသည်။

ပိုမို ကြီးမားသော ထိုးနှက်ချက်တစ်ခုသည် ယခုနှစ်တွင် စတင်ခဲ့သည့် ယင်း၏ ကမ္ဘာလုံးဆိုင်ရာ အရောင်းပိုင်းကို နှောင့်နှေးစေခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

“လက်ရှိ ကမ္ဘာတဝန်းမှာ ဖြစ်နေတဲ့အခြေအနေတွေကို ထောက်ရှုရင်း ကျွန်တော်တို့ အချိန်ရွှေ့ဆိုင်းနှောင့်နှေးထားရပါတယ်၊ ဒီတော့ ကျွန်တော်တို့ရဲ့ ဝင်ငွေဟာလည်း ကြန့်ကြာသွားပါလိမ့်မယ်” ဟု ၎င်းက ပြောသွားသည်။

သီရိလင်္ကာရူပီးငွေတန်ဖိုး ကျဆင်းမှုကို ထိန်းသိမ်းရန်နှင့် အရန်နိုင်ငံခြားသုံးငွေ (foreign exchange reserve) များကို ထိန်းသိမ်းစောင့်ရှောက်ရန် မလိုအပ်သည့် ကုန်စည်ပစ္စည်းများ တင်သွင်းမှုအပေါ် သီရိလင်္ကာအစိုးရက လုံးလုံးလျားလျား ပိတ်ပင်ထားသည့်အတွက် တရုတ် ဆောက်လုပ်ရေး အစိတ်အပိုင်းပစ္စည်းများနှင့် စက်ပစ္စည်းများ တင်သွင်းမှုအပေါ် အကန့်အသတ်ဖြစ်စေကြောင်း သီရိလင်္ကာ စီးပွားရေးပညာရှင်တစ်ဦးက ပြောသည်။

သီရိလင်္ကာသည် ရပ်ဝန်းနှင့်လမ်းမ ပရောဂျက် အများအပြားကို လက်ခံဖော်ဆောင်နေလျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ ယင်းပရောဂျက်များထဲတွင် ဟမ်ဘန်တိုတာ ရေနက်ဆိပ်ကမ်း စီမံကိန်းလည်း ပါဝင်ပြီး ယင်းက တရုတ်၏ ကြွေးမြီထောင်ချောက် ဒီပလိုမေစီဖြစ်သည်ဟုပင် စွပ်စွဲမှုများ ထွက်ပေါ်ထားစေခဲ့သည်။

ပရောဂျက်များတွင် နှောင့်နှေးကြန့်ကြားမှုများဖြစ်ေပါ်နေခြင်းက အကန့်အသတ်သာဖြစ်ပြီး ယာယီအခိုက်အတန့်မျှသာ ဖြစ်ကြောင်း ပေကျင်းအစိုးရဘက်က အာမခံထားသော်ငြား အကဲဖြတ်တချို့က ယင်းအပေါ် မျှော်လင့် ချက် နည်းပါးနေလျက် ရှိသည်။ ကပ်ရောဂါကြောင့် ရပ်ဝန်းနှင့် လမ်းမ ပူးပေါင်းဆောင်ရွက်မှုများကို ၂၀၂၀ အတွင်း အဟန့်အတားများနှင့် လမ်းချော်မှုများ ဖြစ်ပေါ်စေလိမ့်မည်ဟု စီးပွားရေးဆိုင်ရာ အကဲဖြတ်ဆန်းစစ်မှုအဖွဲ့ Economist Intelligence Unit (EIU) က ပြီးခဲ့သည့်အပတ် အစီရင်ခံစာတစ်ရပ်တွင် ပြောသွားခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားမှုကြောင့် အာရှ၊ အာဖရိက နှင့် လက်တင်အမေရိက တို့ရှိ ထွန်းသစ်စ စီးပွားရေးနိုင်ငံများတွင် ကြွေးမြီပျက်ကွက်မှုဆိုင်ရာ စိတ်တစ္ဆေ ခြောက်လှန့်မှုကို မီးမောင်းထိုးပြသထားခဲ့ကြောင်း၊ ပရောဂျက် နှောင့်နှေးမှုများနှင့် ကုန်ကျစရိတ် ကျော်လွန်ခြင်းများကလည်း လက်ရှိဖော်ဆောင်နေဆဲ သို့မဟုတ် ပြီးစီးသွားသည့် ပရောဂျက်များအတွက် ဘဏ္ဍာငွေထောက်ပံ့မှု ဆိုင်ရာ တောင်းဆိုချက်များ သို့မဟုတ် ကြွေးမြီ ဆိုင်ရာ ငွေရင်း၊ အတိုး ပြန်ဆပ်မှု ဆိုင်ရာ နှောင့်နှေးကြန့်ကြာနေခြင်း များကို ပိုမို ဆိုးရွားစေခဲ့ကြောင်း ယင်းက ပြောသွားသည်။

ဇန်နဝါရီလနောက်ပိုင်း မြန်မာ၊ နိုင်ဂျီးရီးယားနှင့် တူရကီ အပါအဝင် ရပ်ဝန်းနှင့် လမ်းမ ပရောဂျက်အသစ်များကို တရုတ်တို့ လက်မှတ်ရေးထိုးထားခဲ့သည်။ သို့သော် ၎င်းတို့အနေဖြင့်လည်း “မသေချာမရေရာသော အနာဂတ်” တစ်ခုနှင့် ရင်ဆိုင်ရမည်ဟု EIU က သတိပေးခဲ့သည်။

ရပ်ဝန်းနှင့် လမ်းမ အစီအစဉ်အပေါ် ကပ်ရောဂါ၏ သက်ရောက်ထိခိုက်မှုများက greenfield (အဆောက်အအုံများ မရှိသေး၍ ဆောက်လုပ်ရန်သင့်လျော်သော ဧရိယာ) ပရောဂျက်များတွင် အထူးတလည် ထင်ထင်ရှားရှား ခံစားရလိမ့်မည်ဟု G20 ၏ ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ဗဟိုဌာန၏ အမှုဆောင်အရာရှိချုပ် Marie Lam-Frendo က ပြောသွားသည်။

အရှေ့တောင်အာရှကဲ့သို့ တရုတ်နှင့်နီးနီးကပ်ကပ်တွင် ရှိနေသော ရပ်ဝန်းနှင့် လမ်းမ ပရောဂျက်များတွင် တရုတ်လုပ်သားများနှင့် ဆောက်လုပ်ရေးဆိုင်ရာ ဖြည့်ဆည်းထောက်ပံ့မှုပိုင်းဆိုင်ရာ ပုံမှန်မဟုတ်သည့် စီးဝင်မှု များကြောင့် အဟန့်အတားများနှင့် ရင်ဆိုင်နေရကြောင်း Lam-Frendo က ပြောသည်။

သို့သော် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်တို့၏ ပမာဏခြေလှမ်းအစီအစဉ်အပေါ် အခြေခံအားဖြင့် ပြောင်းလဲစေဖွယ် မရှိဘဲ ဗိုင်းရပ်စ် အလွန် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနိုးဆွမှု ကာလတွင် အခြေခံအဆောက်အအုံ ဖော်ဆောင် မှုက နေရာတစ်နေရာကနေ ပါဝင်လိမ့်မည်ဖြစ်ကြောင်း သူမက ပြောသွားသည်။

“ကာလတို ရှုထောင့်တစ်ခုကနေ ကြည့်မယ်ဆိုရင်၊ အကျပ်အတည်းဟာ အတန်အသင့် ကာလတိုအဖြစ် ဆက်ရှိမယ်ဆိုရင် ကျွန်မတို့အနေနဲ့ ထိခိုက်မှုတချို့ကို မြင်ရနိုင်ပါတယ်၊ ဒါပေမယ့် ဒါတွေက အစားထိုးမရတဲ့ ထိခိုက် မှုတွေတော့ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly