နူးကမ့်ကွင်း အမည်ပိုင်ဆိုင်မှုကို ရယူလိုတဲ့ မိုက်တိုင်ဆန်ရဲ့ ဆေးခြောက်ကုမ္ပဏီ

နူးကမ့်ကွင်း အမည်ပိုင်ဆိုင်မှုကို ရယူလိုတဲ့ မိုက်တိုင်ဆန်ရဲ့ ဆေးခြောက်ကုမ္ပဏီ

မိုက်တိုင်ဆန်ရဲ့ ဆေးခြောက်ကုမ္ပဏီဟာ ဘာစီလိုနာရဲ့ ကွင်းအမည်ပိုင်ဆိုင်မှုကို ရယူဖို့ မျှော်လင့်နေတယ်လို့ လက်ဝှေ့ချန်ပီယံဟောင်းရဲ႕ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောပါတယ်။

ဘာစီလိုနာက သူတို့ဟာ ၂၀၂၀-၂၁ ဘောလုံးရာသီအတွက် နူးကမ့်ကွင်းရဲ့ အမည်ကို ရောင်းချသွားမှာ ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် အကူအညီပေးသွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်က ကြေညာခဲ့တာပါ။

နာမည်ကြီးကုမ္ပဏီများစွာက ဒီနာမည်ကြီးကွင်းအမည်ကို သူတို့ရဲ့ ကုမ္ပဏီအမည်နဲ့ ဆက်နွယ်ရယူနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဒါပေမယ့်လည်း ဟဲဗီးဝိတ်ချန်ပီယံ တိုင်ဆန်ဟာ ဒီယှဉ်ပြိုင်မှုကို ကျော်လွှားနိုင်ပြီး CBD (ဆေးခြောက်က ထုတ်ယူတဲ့ ဆေးခြောက်ဆီ)နဲ့ ဆေးခြောက်အခြေခံထုတ်ကုန်တွေကို ရောင်းချတဲ့ သူ့ရဲ့ ကုမ္ပဏီ SwissX ရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

"ကြီးကျယ်ခမ်းနားလှတဲ့ အားကစားကွင်းကြီးပါ။"လို့ တိုင်ဆန်ရဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက် အယ်ကိုင် ဒေးဗစ်က BBC Sport ကို ပြောပါတယ်။ "ဒါဟာ ကျနော်တို့ ကုမ္ပဏီအတွက် အသုံးပြုဖို့ ကျနော်တို့ အထူးရှာဖွေနေတဲ့ အရာတစ်ခုဖြစ်ပြီး အံ့သြဖွယ်ရာ အတွေးအခေါ်တစ်ခုနဲ့တူသလိုပါပဲ။"

“ကျနော့်ရဲ့ ကုမ္ပဏီဟာ ဆေးခြောက်ကုမ္ပဏီပါ။ ဥရောပသမဂ္ဂအတွင်းမှာ စပိန်ဟာ ဆေးခြောက်တရားဝင်ဖြစ်မှုမှာ ဦးဆောင်နိုင်ငံလည်းဖြစ်သလို လစ်ဘရယ်ကျတာလည်း ရှည်ကြာခဲ့ပါပြီ။ ဒါကြောင့် အခု အမည်ပေးတာဟာ အတော်လေးကို လွယ်လွယ်ကူကူပဲဖြစ်ပါတယ်။”

ဆေးခြောက်ကုမ္ပဏီတစ်ခုနဲ့ တန်းညှိခံရတဲ့အတွက် ကလပ်ရဲ့ နာမည်ဂုဏ်သတင်းအတွက် စိုးရိမ် မစိုးရိမ် မေးမြန်းတဲ့အခါမှာတော့ “ဒါကိုတော့ စောင့်ကြည့်ပေါ့ဗျာ။ ကမ္ဘာကြီးက အတွေးအခေါ် အယူအဆတွေနဲ့ လည်ပတ်နေတာပါ။”လို့ ဒေးဗစ်က ဖြည့်စွက်ပြောခဲ့ပါတယ်။

ကုမ္ပဏီတော်တော်များများနဲ့ ပါဝင်ပတ်သက်နေတဲ့ ဘီလျံနာသူဌေးဖြစ်သူ ဒေးဗစ်က သူဟာ ဘာစီလိုနာအသင်းနဲ့ ဆွေးနွေးပြောဆိုပြီးဖြစ်ပြီး သဘောတူညီမှု အခွင့်အလမ်းတွေနဲ့ ပတ်သက်လို့ အကောင်းမြင်တယ်လို့ ဆိုပါတယ်။

ဘာစီလိုနာအသင်းဟာ အမည်ပိုင်ဆိုင်မှုအတွက် ၂၀၂၀-၂၁ ရာသီအတွက် စပွန်ဆာရှာပေးမယ့် ဘာကာဖောင်ဒေးရှင်းကို ပေးအပ်ခဲ့တာပါ။

ကက်တလန်ဘာသာစကားနဲ့ နူးကမ့် (Camp Nou)လို့ ပေးထားတဲ့ ဘာကာရဲ့ ဘောလုံးကွင်းဟာ ၁၉၅၇ ခုနှစ်က ဖွင့်လှစ်ပြီးနောက်ပိုင်းကလည်းက အမည်တစ်မျိုးတည်းကိုသာ အသုံးပြုခဲ့ပါတယ်။

Ref; BBC, Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required