မိန်းကလေးတစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်မိလို့ ထောင်ကျမလိုဖြစ်ခဲ့ရတဲ့ ဘောလုံးသမား

မိန်းကလေးတစ်ယောက်နဲ့ ဓာတ်ပုံတွဲရိုက်မိလို့ ထောင်ကျမလိုဖြစ်ခဲ့ရတဲ့ ဘောလုံးသမား

အယ်လ်တန် ဂျို့စ်ဆိုတဲ့ ကစားသမားဟာ ဘရာဇီးနိုင်ငံသား ဘောလုံးသမားတစ်ယောက်ပါ။ သူက ကွင်းလယ်တိုက်စစ် ကစားသမားတစ်ယောက်ဖြစ်ပြီး ဘရာဇီးကလပ် ကိုရင်သီယန်အသင်းမှာ သူ့ရဲ့ ကစားသမားဘဝကို စတင်ခဲ့သူပါ။

အရပ် (၅)ပေ (၁)လက်မသာ ရှိသူမို့ သူ့ကို မာရာဒိုနာထက် အရပ်ပုတဲ့ “Elton Maradinha” ဆိုပြီး ပရိသတ်တွေက နာမည်ပြောင်ပေးထားကြတာပါ။ ဘရာဇီး ကစားသမားတွေက လူကောင်သေးလေလေ ပိုပြီး ခြေစွမ်းပြနိုင်လေလေဖြစ်ပြီး သူ့ရဲ့ ဘောလုံးစွမ်းရည်က ပရိသတ်တွေကြားမှာတော့ နာမည်ကြီးခဲ့ရပါတယ်။

သူက (၁၆)နှစ်ကတည်းက ကိုရင်သီယန်အသင်းကြီးရဲ့ ကစားသမားအဖြစ် အရွေးချယ်ခံခဲ့ရတာဖြစ်ပြီး မန်စီးတီးအသင်းတိုက်စစ်မှူးဖြစ်တဲ့ ကားလို့စ်တီဗက်ဇ်နဲ့ ဂျိုတို့လို ကစားပုံမျိုး ပိုင်ဆိုင်သူလို့ မှတ်ချက်ချခြင်းခံ့ခဲ့ရတာပါ။

အယ်လ်တွန်ကတော့ သူ့ကို မာရာဒိုနာအသေးစားလေးလို့ ပရိသတ်တွေ အမည်ပေးထားတာကို သဘောကျပြီး ဒီနာမည်ပြောင်ကို ကြားရတာ ပျော်တယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။

ဒါပေမယ့် အယ်လ်တွန်ဟာ နာမည်ကြီးတွေများလွန်းတဲ့ ဘရာဇီးမှာ လက်ရွေးစင်အဆင့် ကစားသမားတစ်ယောက်အဖြစ် မပါဝင်နိုင်ခဲ့ပါဘူး။ အသက် (၂၁)နှစ်အရွယ် ရောက်တဲ့အချိန်မှာတော့ ဥရောပကို ထွက်ပြီး ကစားဖို့ ဆုံးဖြတ်ခဲ့ပြီး ရိုမေးနီးယားကလပ်အသင်းဖြစ်တဲ့ စတူအာဘူခါရက်စ်အသင်းမှာ ကစားခဲ့ပါတယ်။ ရိုမေးနီးယားမြေဟာ သူ့ရဲ့ပထမဆုံး ဥရောပ အတွေ့အကြုံဖြစ်ပြီး သူ အသားမကျသေးတဲ့ ဥရောပ ကစားပုံထဲမှာ အယ်လ်တွန် တစ်ယောက် ရုန်းကန်ခဲ့ရတာပါ။ ၂၀၀၇ ခုနှစ်မှာ ရိုမေးနီးယားကလပ် ကို ရောက်သွားခဲ့တဲ့ အယ်လ်တွန်ဟာ (၈)ပွဲကစားပြီးချိန်မှာပဲ အရှေ့အလယ်ပိုင်း ဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ အယ်လ်နက်ဆာအသင်းကို ထပ်မံပြောင်းရွှေ့သွားခဲ့ပြီး အဲဒီ ဆော်ဒီအာရေဗျ ကလပ်မှာ (၂)နှစ်ကြာအောင် ကစားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အယ်လ်တွန်ဟာ အရှေ့အလယ်ပိုင်းကလပ်တွေမှာသာ ကျင်လည်နေပါတော့တယ်။ UAE နိုင်ငံတွင်းက ဒူဘိုင်းအခြေစိုက်တဲ့ ဒူဘိုင်းကလပ်၊ အယ်လ်ဝါဆီ ကလပ်တွေမှာ ကျင်လည်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှာတော့ ဆော်ဒီကလပ် အယ်လ် ဖာတက်ဆီ ရောက်သွားခဲ့ပါတယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ သူက အဲဒီ ကလပ်မှာ ကစားခဲ့ပြီး သူ့ ကစားသမားဘဝအတွက်တော့ အကောင်းဆုံးအချိန်တွေဖြစ်ခဲ့တာပါ။ သူ့ရဲ့ထူးခြားတဲ့ ဆံပင်ပုံစံနဲ့ တောင်ပံတစ်လျှောက်ပြေးလွှားနေတဲ့ ကစားပုံတွေက ပရိသတ်တွေကို စိတ်ဝင်စားနေခဲ့ပြီး အဲဒီအသင်းမှာ (၁၂၁)ပွဲကစား၊ (၄၈)ဂိုးအထိ သွင်းနိုင်ခဲ့တာပါ။

အဲဒီမှာပဲ သူ ထောင်ကျမလို ဖြစ်ခဲ့တာပါပဲ။

တစ်နေ့မှာတော့ ဘောလုံးပွဲစဉ်တစ်ပွဲ ပြီးချိန်မှာ အမျိုးသမီးပရိသတ်တစ်ဦးက သူနဲ့ ဓာတ်ပုံတွဲရိုက်ဖို့ လာပြီး ခွင့်တောင်းခဲ့ပါတယ်။ အဲဒီအမျိုးသမီးက ဆော်ဒီအမျိုးသမီးတွေရဲ့ ပုံစံအတိုင်း မျက်လုံးလေး နှစ်လုံးကိုသာ ဖော်ထားပြီး တစ်ကိုယ်လုံး အနက်ရောင်ဝတ်စုံနဲ့ ဆင်မြန်းထားခဲ့တာပါ။

သူ ဓာတ်ပုံရိုက်လိုက်ပြီးတဲ့အချိန်မှာတော့ လုံခြုံရေးဝန်ထမ်းတွေက သူ့ဆီရောက်လာပြီး သူ့ကိုထိန်းသိမ်းထားတာ ခံလိုက်ရပါတော့တယ်။ အဲဒီနောက်တော့ ရဲစခန်းဆီ သူ့ကိုခေါ်သွားခဲ့ကြပြီး ကလပ်အသင်းတာဝန်ရှိသူတွေ လိုက်လံ ကူညီပေးမှုကြောင့်သာ ထောင်ကျမခံခဲ့ရတာပါ။

ဆော်ဒီနိုင်ငံရဲ့ ဥပဒေတွေထဲမှာတော့ နိုင်ငံခြားသားတွေဟာ ဆော်ဒီအမျိုးသမီးတွေနဲ့ ဓာတ်ပုံတွဲရိုက်ခွင့်မရှိပဲ အဲဒီ စည်းမျဉ်းကို ဖောက်ဖျက်ရင် ထောင်ဒဏ်ကျခံရမှာပါ။

“ကျွန်တော့်မှာ ဓာတ်ပုံလေးပဲ တွဲရိုက်ခဲ့တာပါ။ ဒါပေမယ့် အဲဒီအချိန်ခဏက ကျွန်တော့်ကို အရမ်းထိတ်လန့်သွားစေခဲ့တယ်။ အဲဒီနောက်မှာတော့ သူတို့နိုင်ငံရဲ့ အလေ့အထတွေကို ကျွန်တော့်မှာ သင်ယူရတော့တာပဲ။” လို့ အယ်လ်တွန်က ဆိုပါတယ်။

လက်ရှိမှာ အသက် (၃၄)နှစ်အရွယ် ရှိပြီဖြစ်တဲ့ အယ်လ်တွန်ဟာ ဆော်ဒီကလပ်အသင်းတစ်သင်းဖြစ်တဲ့ အယ်လ်ဝါဒါမှာ ရာသီသစ်အတွက် ကစားဖို့ ပြင်ဆင်နေပါပြီ။ အသက်အရွယ် ရလာပြီဖြစ်ပေမယ့် လျှင်မြန်နေဆဲ ဖြစ်တဲ့ ဘောလုံးသမားကြီးဟာ ဒီရာသီမှာမှ အယ်လ်ဝါဒါအသင်းဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ဆယ်စုနှစ်တစ်စု ကြာမြင့်တဲ့အချိန်အထိ ဆော်ဒီ ဘောလုံးလောကမှာ ကျင်လည်နေဆဲပါ…..။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required