အမျိုးသားအဆင့် စေတနာဝန်ထမ်းအသင်းချုပ်ကို လူမှုရေးဝန်ကြီးများဦးဆောင်မှုဖြင့် ဖွဲ့စည်းမည်

အမျိုးသားအဆင့် စေတနာဝန်ထမ်းအသင်းချုပ်ကို လူမှုရေးဝန်ကြီးများဦးဆောင်မှုဖြင့် ဖွဲ့စည်းမည်

ဧပြီ ၂၄

အမျိုးသားအဆင့် စေတနာ့ဝန်ထမ်း အသင်းချုပ် ကို တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ စေတနာ့ဝန်ထမ်းများဖြင့် လူမှုရေးဝန်ကြီးများဦးဆောင်ကာ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း COVID-19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်အရသိရသည်။

တိုင်းနှင့်ပြည်နယ် အသီးသီးမှ လူမှုရေးဝန်ကြီးများဦးဆောင်ကာ တိုင်းနှင့်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ ပါဝင်လျှက် Quarantine Center အလိုက်၊ နယ်မြေဒေသအလိုက် စေတနာ့ဝန်ထမ်း ဆောင်ရွက်နေသူများ၏ စာရင်းကိုကောက်ယူရန် နှင့် လိုအပ်ချက်များကို စာရင်းပြုစုရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမအဆင့်အနေဖြင့်စေတနာ့ဝန်ထမ်းများ စာရင်းကောက်ယူနေပြီဖြစ်ပြီး နောက်ရက်များတွင် ဒုတိယအဆင့်အနေဖြင့် လိုအပ်ချက်များကို ကောက်ယူ၍ ပြည်ထောင်စုသို့ တင်ပြမည်ဖြစ်‌ပြီး COVID 19 ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီ၏ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။
 
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းစေတနာ့ဝန်ထမ်းများစုပေါင်းကာ ဖွဲ့စည်းသွားရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းကပြောသည်။

ဗဟိုကော်အတီ၏ထုတ်ပြန်ချက်လက်ခံပြီးနောက် နှစ်ရက်အတွင်း သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အလိုက်စီစဉ်ညွှန်ကြားကာ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဧပြီ ၂၂ရက်က နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့သို့ ညွှန်ကြားသည့် ကြေညာချက်တွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင်  နိုင်ငံအနှံ့အပြားရှိ Quarantine Center များတွင် တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်းများ ရေရှည်ရပ်တည်နိုင်မှု၊ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာမြှင့်တင်နိုင်မှုအတွက် စနစ်ကျဖွဲ့စည်းနိုင်ရန် ရည်ရွယ်၍ ဖွဲ့စည်းမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကွာရန်တိုင်းဌာနများ၏ လိုအပ်ချက်များကို တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့က အလှူရှင်ရှာ၍ထောက်ပံရန်၊ အလှူရှင်မရပါက အစိုးရက ကျခံနိုင်ရေးကို လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြရန်ဖော်ပြထားသည်။

စေတနာ့ဝန်ထမ်းများအတွက် ရုံးခန်းနေရာများစီစဉ်ပေးခြင်း၊ အလှည့်ကျ ဆောင်ရွက်ပြီးပါက အပန်းဖြေနေနိုင်ရေးအတွက် နေရာထိုင်ခင်း စီစဉ်ပေးရန်၊ ကျန်းမာရေးပုံမှန်စစ်ဆေးကုသပေးရန် ၊ လိုအပ်သည့် ဆေးဝါးနှင့်ကာကွယ်ရေးပစ္စည်းများကို အစိုးရက ထောက်ပံ့ပေးရန်ရှိကြောင်းသိရသည်။

အမျိုးသားအဆင့် စေတနာ့ ဝန်ထမ်းအသင်းချုပ် စနစ်တကျ ဖွဲ့စည်းပြီးနောက် National Volunteer Corps တံဆိပ်များ ထုတ်ပေးခြင်းကို ပြည်ထောင်စု၏ ကြီးကြပ်စီစဉ်မှုဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများက မူလစာရင်းများဖြင့် တိုက်ဆိုင်စိစစ်၍ ထုတ်ပေးရန် စသည့် ညွှန်ကြားချက်များကို ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required