မြန်မာပလာဇာကို Lockdown ချနိုင်ရေး ခရိုင်အဆင့်တင်ပြထား

ရန်ကုန်၊ ဧပြီ ၂၄ရက်

COVID-19အတည်ပြုလူနာအမှတ် (၁၂၀) အလုပ်လုပ်ခဲ့သည့် မြန်မာပလာဇာတစ်ခုလုံးကို ဝင်ထွက်သွားလာခွင့်ပိတ်ပင်ရေး လော့ဒေါင်း Lockdown အတွက် ခရိုင်အဆင့်ကိုတင်ပြထားကြောင်းမြို့နယ်အုပ်ချုပ်ရေးမှူးထံမှသိရသည်။

လက်ရှိမှာတော့ အတည်ပြုလူနာအလုပ်လုပ်ကိုင်ခဲ့သော MPT အရောင်းဆိုင်တစ်ခုတည်းကို ဧပြီလ ၂၃ ရက်နေ့က လော့ဒေါင်းလုပ်ထားသည်။
 
 ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိန်ကြည်က " အထက်ကညွှန်ကြားရင်တော့ ကျွန်တော်တို့ လုပ်မှာပါ"ဟု ပြောသည်။
 
ယခုလက်ရှိတွင် မြန်မာပလာဇာ၌ မရှိမဖြစ်လိုအပ်သည့် အခြေခံဆေးဝါးနှင့် စားသောက်ကုန်ဝန်ဆောင်မှုပေးသည့်ဆိုင်များသာ အဓိကဖွင့်လှစ်ထားကြောင်း သိရသည်။

ဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က " ကျန်းမာရေးဌာနကတော့ အရောင်းဝန်ထမ်းနဲ့အတူတူရောင်းခဲ့တဲ့ ဝန်ထမ်းတွေကို လိုက်ပြီးတော့ စုံစမ်းနေတာတွေ့ရတယ်" ဟု ဆိုသည်။

အတည်ပြူလူနာတွေ့ရှိခဲ့သည့် မြန်မာပလာဇာအား အသွားအလာကန့်သတ်မှုမလုပ်ခြင်းအပေါ် ပြည်သူလူထုအကြား ဝေဖန်မှုများ ရှိသည်။

လူနာအမှတ် (၁၂၀) သည် အသက်၂၁ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ၇ ရပ်ကွက်၊ ဖျာပုံလမ်းတွင်နေထိုင်သူဖြစ်သည်။

သူသည် နေမကောင်းသဖြင့် တာမွေရှိ FEVER CLINIC ဆေးခန်းသို့ ဧပြီလ ၂၀ ရက်က သွားရောက် ပြသခဲ့သော်လည်း မသက်သာသည့်အတွက် FEVER CLINIC ဆေးခန်းမှ အဖျား၊ လည်ချောင်းနာ၊ ဝမ်းလျှောရောဂါ လက္ခာ များဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကာ ဆေးကုသမှုခံယူခဲ့သည်။ နောက်တစ်ရက်တွင် ဆေးစစ်မှုများအရ COVID-19 ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်။

သူသည် မြန်မာပလာဇာရှိ MPTအရောင်းဆိုင်သို့ ဧပြီလ ၁ရက်နေ့မှ စတင်၍ သင်္ကြန်ပိတ်ရက်မတိုင်ခင်အထိ အလုပ်ဆင်းကြောင်းနှင့် နေအိမ်မှ မြန်မာပလာဇာသို့ YBS ဘတ်စ်ကားဖြင့် အလုပ်ဆင်းနေခဲ့သည်။

သို့သော် အခြားသော COVID-19လူနာများနှင့် ထိတွေ့မှု မရှိသည့်အပြင် ပြည်ပသို့ ခရီးသွား ရာဇဝင် လည်း မရှိကြောင်းလည်း ကျန်းမာရေး၏ထုတ်ပြန်ချက်အရ သိရသည်။

ယခုလက်ရှိတွင် လူနာအမှတ် (၁၂၀) သည် တောင်ဥက္ကလာပ အမျိုးသမီးနှင့် ကလေးဆေးရုံ လေးထပ် အဆောင်သစ်တွင် ဆေးကုသမှုခံယူလျက်ရှိပြီး သူ၏နေအိမ်တွင်ကျန်ရှိသော မိသားစုဝင် သုံးဦးကို လှိုင်မြို့နယ်ရှိ Quarantine စင်တာ RC2 မှ သန်လျင်ဆောင်သို့ ပို့ဆောင်ထားသည်။

မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ ၁၃၉ ဦးရှိပြီး သေဆုံးသူ ငါးရှိရှိခဲ့သည်။ပြန်လည်ကောင်းမွန်လာတာကြောင့် ဆေးရုံမှဆင်းခွင့်ရသူ ကိုးဦးရှိကြောင်းကိုလည်းကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required