တိုက်ပွဲများကြောင့် ပလက်ဝတွင် ၂ လအတွင်း ဒေသခံ ၃၀ ကျော်သေဆုံး

တိုက်ပွဲများကြောင့် ပလက်ဝတွင် ၂ လအတွင်း ဒေသခံ ၃၀ ကျော်သေဆုံး

ဧပြီ ၂၄

ပလက်ဝမြို့နယ်တွင်  တိုက်ပွဲများပြင်းထန်လာခြင်းကြောင့် ဧပြီနှင့် မတ်လအတွင်း အရပ်သားသေဆုံးမှု ၃၀ ကျော်ရှိလာပြီဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၏အပြောအရ သိရသည်။

တပ်မတော်နှင့် ရခိုင်တပ်(AA)တို့အကြားတိုက်ပွဲများကြောင့် ဒေသခံအရပ်သား ၃၃ဦးသေဆုံးပြီး ၄၁ဦး ဒဏ်ရာရရှိထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုးထက်ကပြောသည်။

ဧပြီ ၂၂ရက် ညနေပိုင်းက ပလက်ဝမြို့အတွင်း မြန်မာစီးပွားရေးဘဏ်ဝင်းအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်သောကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်နှစ်ဦး သေဆုံးခဲ့ကြောင်းနှင့် ဟင်းရွက်ခူးနေသည့် အမျိုးသမီးတစ်ဦးလည်း လက်နက်ကျည်စထိမှန်ကာ သေဆုံးခဲ့သည်။

တစ်ဖက်တွင်လည်း ဒေသခံအရပ်သားများသည်  AA အဖွဲ့၏ ဖမ်းဆီးခြင်းကိုခံနေရကြောင်းလည်း ဒေသခံ လူမှုအဖွဲ့အစည်းတစ်ခုက ပြောသည်။

ယင်းဒေသခံအရပ်သားများ ဖမ်းဆီးခံရမှုများတွင် ဧပြီ ၁၀ရက်က ပလက်ဝမြို့၊ မြို့သစ်ရပ်နေ ဦးအောင်ပ နှင့် ဦးလင်းဗန်တို့ နှစ်ဦးကို AA က ဖမ်းဆီးသွားကြောင်း ခူမီးမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC) က ထုတ်ပြန်ထားသည်။

အလားတူ ဧပြီ ၁၂ရက်ကလည်း လက်နက်ကိုင်ဆောင်ထားသည့် AA အဖွဲ့ဝင် ၁၀ ဦးခန့်သည် ပလက်ဝမြို့၊ မြို့မရပ်ကွက်တွင် နေထိုင်သည့် စည်ပင်သာယာရေးကော်မတီဝင် ဦးမြင့်မောင်အား နေအိမ်သို့ လာရောက်ဖမ်းဆီးသွားသည်ဟု ဆိုသည်။

လက်ရှိတွင် AA က ဖမ်းဆီးထားဆဲ အရပ်သား ၁၄ဦးရှိသည်ဟု ဝန်ကြီး ဦးစိုးထက်က ပြောသည်။ သို့သော် ဖမ်းထားသူများကို ပြန်လွှတ်ပေးမှုများ ယခင်က ရှိသည်ဟု ဆိုသည်။
 
ပြည်နယ်အစိုးရအနေဖြင့် တပ်မတော်ကို ဒေသခံပြည်သူများရှိသည့်နေရာများတွင် တိုက်ပွဲများမဖြစ်စေရန် ဆွေးနွေးညှိနှိုင်းမှုများရှိသော်လည်း ရခိုင်တပ်(AA)နှင့် ဆွေးနွေးမှုမပြုကြောင်း ဦးစိုးထက်က ဆက်လက်ပြောကြားသည်။

“ AA နဲ့က ညှိနှိုင်းပေါင်းစပ်လို့မရပါဘူး။ သူကသူ့ရပ်တည်ချက်အတိုင်းသွားတာဆိုတော့ တပ်နဲ့ကတော့ ထိတွေ့မှုရှိနေတယ်။ ကျွန်တော်တို့ အတွက်ကတော့ ဒေသခံရဲ့လိုအပ်ချက်ကတော့ မြို့နားရွာနားမှာ မဖြစ်ဖို့ဘဲ။ မြို့နားရွာနားမှာဖြစ်နေတော့ ဒေသခံတွေက ဒီဒဏ်ကိုခံနေရတယ်။ အခုက မြို့ပေါ်မှာပါဖြစ်နေတော့ ပြည်သူတွေက ဒီဒဏ်တွေကို ခံနေရာတာပေါ့နော်” ဟု ဦးစိုးထက်က ပြောသည်။

နေပြည်တော်က AA ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည်။

AA က ပလက်ဝကို ခြေကုပ်ယူရန် ကြိုးစားရာမှ ဖြစ်ပေါ်လာသည့် တိုက်ပွဲများကြောင့် ပလက်ဝမြို့ပေါ်တွင် တိုက်ပွဲရှောင် လူဦးရေ ၃၆၀၀ ကျော်၊ ဆမီးမြို့တွင် ၂၈၀၀ နီးပါး၊ မီးဇာရွာတွင် ၅၄၀ဦး၊ စိမ့်စမ်းဝရွာတွင် ၅၁၄ ဦးရှိကြောင်းသိရသည်။

အဆိုပါတိုက်ပွဲများအတွင်း သေဆုံးသွားသည့် ပြည်သူတစ်ဦးလျှင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာက ငွေကျပ် ၃သိန်း၊ ချင်းပြည်နယ် အစိုးရက ငွေကျပ် ၃သိန်း၊ ရန်ကုန်တွင် ပလက်ဝမြို့နယ်စစ်ဘေးရှောင်များအတွက်ဖွဲ့စည်းထားသည့်အဖွဲ့ (RRCCI) အဖွဲ့က ၃သိန်း စုစုပေါင်း ၉သိန်းကျပ် စီ မိသားစုဝင်များကို ထောက်ပံ့ထားသည်။

ဒဏ်ရာရသည့် ပြည်သူ တစ်ဦးလျှင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာက ငွေကျပ် တစ်သိန်း၊ ချင်းပြည်နယ် အစိုးရက ငွေကျပ် ၁သိန်း၊ ရန်ကုန်တွင် ပလက်ဝမြို့နယ်စစ်ဘေးရှောင်များ အတွက်ဖွဲ့စည်းထားသည့်အဖွဲ့ (RRCCI) အဖွဲ့က တစ်သိန်းစီ ထောက်ပံ့ထားကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

တိုက်ပွဲအတွင်း မီးလောင်သွားသည့် နေအိမ်များအတွက် တစ်အိမ်လျှင် သုံးသိန်းစီ ချင်းပြည်နယ်အစိုးရက အဖွဲ့က ထောက်ပံ့သည်ဟုလည်း ဆိုသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required