အောင်ဘာလေထီဖွင့်ရက် ဆိုင်းငံ့ပေးရန် ထီလုပ်ငန်းရှင်များ အစိုးရကို မေတ္တာရပ်ခံ

အောင်ဘာလေထီဖွင့်ရက် ဆိုင်းငံ့ပေးရန် ထီလုပ်ငန်းရှင်များ အစိုးရကို မေတ္တာရပ်ခံ

ရန်ကုန်၊ ဧပြီ၂၄

COVID -19 ကပ်ဘေးကာလ ထီလက်မှတ်များ ရောင်းမထွက်ဖြစ်နေ၍ အရှုံးပေါ်နေသော မြန်မာ့ထီလုပ်ငန်းရှင်များက အောင်ဘာလေထီပေါက်ဂဏန်းဖွင့်ပွဲကို ပုံမှန်သတ်မှတ်ရက်တွင် မပြုလုပ်သေးဘဲ ဆိုင်းငံ့ပေးပါရန် အစိုးရကို မေတ္တာရပ်ခံလိုက်သည်။
 
လက်ရှိအခြေအနေအရ COVID- 19ကြောင့် လူစုလူဝေးများ ရှောင်ရှားခြင်း၊ သယ်ယူပို့ဆောင်ရေး ရပ်ဆိုင်းထားမှုကြောင့် နယ်သို့ ပို့ရန်အခက်အခဲရှိခြင်း၊  အစားအသောက်၊ ဆေးဝါးမှလွဲပြီး ဆိုင်များဖွင့်ခွင့်မရခြင်းကြောင့် ထီဆိုင်များ ပိတ်ထားရခြင်း၊ လော့ဂ်ဒေါင်းချနေရာများတွင် ထီလှည်းများကို လမ်းအတွင်းသို့ အဝင်မခံခြင်းအပြင် ထီဝယ်လိုအားနည်းနေခြင်းကြောင့် ယခုအချိန်အထိ ထီလက်မှတ်များမှာ ရောင်းချသူများ၏ လက်တွင် သောင်တင်နေကြသည်။

ထီကိုယ်စားလှယ်များက ဝယ်ယူပါမည်ဟု အာမခံထားသော ထီလက်မှတ်အရေအတွက်ကို အာမခံစပေါ်ငွေ သုံးလစာပေးသွင်းထားရသည်။ စပေါ်ငွေမှာ ထီတစ်အုပ်(၁၁စောင်)လျှင် ငွေကျပ် ၂၀၀ နှုန်းဖြစ်သည်။ ထို့ကြောင့် ထီလက်မှတ်ရောင်းမကုန်လျှင် မိမိကိုယ်တိုင်ထီထိုးသလိုဖြစ်ရသည်။

မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီလုပ်ငန်းမှ မအိပုံက “ထီရဲ့ သဘောသဘာဝက လဆန်းရက်တွေဆို မရောင်းရဘူး။ ပြီးတော့ သင်္ကြန်ပိတ်ရက်ဆက်လိုက်တော့ ပိတ်ရက်ရှည်က အကုန်လုံး Stay Homeကာလဖြစ်တဲ့အ တွက် မရောင်းရဘူး ၊ တကယ်တမ်းစရောင်းမယ်ဆို ရက် ၂၀မှ စရောင်းရမှာ၊ ရက် ၂၀စတဲ့အချိန်မှာလည်း Stay Homeကာလ သတ်မှတ်ပြီး ရက်ထပ်တိုးလိုက်တဲ့အတွက် ပြန်မရောင်းရတော့ပြန်ဘူး။ ( မေ) ၁ ရက်နေ့သာ ထီထွက်မယ်ဆို ရောင်းတဲ့အချိန်က မရှိဘူး”ဟု ဆိုသည်။

မတ်လအတွင်းကလည်း ထီရောင်းအားကျဆင်းနေသောကြောင့် ၁၄ကြိမ်မြောက်ထီဖွင့်ပွဲရက်ကို နောက်ဆုတ်ပေးရန် ထီကိုယ်စားလှယ်များက တောင်းဆိုခဲ့သော်လည်း ဧပြီလ ၁ ရက်နေ့တွင် ပုံမှန်အတိုင်း ထီဖွင့်ပွဲကို ပြုလုပ် ခဲ့သည်။

ထိုအဖြစ်က ထီရောင်းချသူ ၃၀ရာခိုင်နှုန်းနှင့်အထက် အရင်းပျောက်ခဲ့ရသည်ဟု ထီလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်တွင်ပါဝင်သည်။

မြန်မာနိုင်ငံ ထီလုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးသိန်းထွန်းက “ ( မေ) ၁၅ ရက်နေ့ ဖွင့်မယ်လို့ ညွှန်ကြားရေးမှူးချုပ်က မီဒီယာတွေကို ဖြေထားပေမယ့် နိုင်ငံပိုင်သတင်းစာတွေမှာ ထွက်မလာဘူး။ ဘယ်နေ့ အတည်ပါလို့ လည်း အကြောင်းမကြားထားဘူး။ အဲဒါကြောင့် ၁ ရက်နေ့များ ဖွင့်ချလိုက်မလား စိတ်ပူနေတာပေါ့”ဟု ပြောသည်။

လာမည့် အောင်ဘာလေထီဖွင့်ပွဲကို မေလ ၁၅ရက်နေ့တွင် ပြောင်းလဲဖွင့်လှစ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က မဇ္ဈိမသို့ ဖြေကြားခဲ့ဖူးသည်။

သို့သော်လည်း ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ပြောင်းလဲဖွင့်လှစ်မည့်ရက်ကိုမူ အစိုးရ၏အတည်ပြုချက်ရရှိရန် လိုအပ်သည်ဟု သူက သတိပေးထားသည်။
 
 ဧပြီလဒုတိယအပတ်အထိ ထုတ်ယူခြင်းမရှိသေးသောထီစာအုပ်များမှာလည်း  သုံးပုံနှစ်ပုံခန့်ရှိနေခဲ့ကြောင်း ထီလုပ်ငန်းရှင်များက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required