ယုဇနပလာဇာယာကုန်တိုက် ယာယီပိတ်ထားမှုကို ဧပြီလကုန်အထိတိုးမြင့်

ယုဇနပလာဇာယာကုန်တိုက် ယာယီပိတ်ထားမှုကို ဧပြီလကုန်အထိတိုးမြင့်
Photo credit - ယုဇနပလာဇာရန်ကုန်

ရန်ကုန်၊ ဧပြီ ၂၄ရက်

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ယုဇနပလာဇာကုန်တိုက်ကြီးကို ဧပြီလကုန်အထိ ယာယီပိတ်ထားရန် တိုးမြင့်လိုက် ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောသည်။

"မနေ့ကတော့ အမတို့ခေါ်တွေ့လိုက်တယ်။ ဒီဈေးတာဝန်ရှိသူတွေကို။ တကယ်လို့ ၂၄ရက်နေ့ဖွင့်မယ်ဆိုရင် အစိုးရကသတ်မှတ်ထားတဲ့ ၆ပေအကွာတို့၊ လူဝင်မှုတို့စသည်တို့ အဆင်သင့်ဖြစ်ဖို့ဆိုတာ ချက်ချင်းလည်း လုပ်ဖို့မလွယ်ဘူး။ နောက် ကျွန်မတို့က ဆုံးဖြတ်ထားတာလည်း ၃၀ရက်နေ့အထိပဲ။ သူတို့နဲ့ညှိနှိုင်းလိုက်တဲ့အခါ သူတို့အနေနဲ့ ဈေးကိုတော့ ဖွင့်မယ်။ ဖွင့်မယ်ဆိုတာက တချို့ဈေးဆိုင်ပိုင်ရှင်တွေက ပစ္စည်းတွေ လှောင်ထားတာတွေရှိတယ်။ အဲ့ဒါကလည်း နည်းနည်းကြာသွားပြီဖြစ်တဲ့အတွက် ကိုယ့်ပစ္စည်းတွေကို ထုတ်ယူချင်တဲ့သူတွေရှိတယ်။ အဲ့တော့ သူတို့ကဖွင့်ပေးလိုက်မယ်ပေါ့။ ပြီးတော့ ၃၀ရက်နေ့အထိစောင့်ပါမယ်လို့ ပြောပါတယ်"ဟု  ဒေါ်ဖြူဖြူသင်းက မဇ္ဈိမသို့ပြောသည်။

ယုဇနပလာကုန်တိုက်ကို မူလက ဧပြီလ ၂၄ရက် (ယနေ့)တွင် ပြန်လည်ဖွင့်ရန်စီစဉ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ပြန်လည်ဖွင့်လှစ်မည့်ရက်နှင့်ပတ်သက်၍ တိုင်းအစိုးရနှင့် ညှိနှိုင်းပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ယုဇနပလာဇာစီမံခန့်ခွဲမှုကော်မတီမှ တာဝန်ခံ ဦးမင်းမင်းစိုးက ဆိုသည်။

ယုဇနပလာဇာကုန်တိုက်သည် ရန်ကုန်တိုင်းဒေသကြီးတွင် လူစည်အကားဆုံးကုန်တိုက်တစ်ခုဖြစ်ပြီး ဆိုင်ခန်းပေါင်း ၃၀၀၀ကျော်ရှိသည့် ကုန်တိုက်ကြီးတစ်ခုဖြစ်သည်။

လူသုံးကုန်ပစ္စည်းများ၊ အလှကုန်များ၊ အထည်လိပ်များနှင့် အီလက်ထရောနစ်ပစ္စည်းများ အစရှိသည်တို့အား လက်လီ၊ လက်ကားရောင်းချပေးနေသည့် ကုန်တိုက်တစ်ခုဖြစ်ပြီး ရန်ကုန်တိုင်းအပြင် အခြားနယ်မြို့များမှ ပြည်သူတွေကပါ လာရောက်ဝယ်ယူ၍ တဆင့်ပြန်လည်ရောင်းချတာမျိုးရှိကြောင်း သိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဧပြီလ ၂၄ရက်နေ့အထိ  COVID-19အတည်ပြုလူနာနှစ်ဦးရှိကာ တစ်ဦးသည် နှာခေါင်းကင်ဆာရောဂါအခံဖြင့် မတ်လ ၃၁ရက်နေ့က သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required