COVID-19 ကာကွယ်ဆေးသစ်က ပထမဆုံးအဖြစ် မျောက်များတွင် ဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်နိုင်

COVID-19 ကာကွယ်ဆေးသစ်က ပထမဆုံးအဖြစ် မျောက်များတွင် ဗိုင်းရပ်စ် မကူးစက်အောင် ကာကွယ်နိုင်

ဧပြီ ၂၄

သုတေသနပြု ထုတ်လုပ်လျက်ရှိသည့် COVID-19 ကာကွယ်ဆေးများတွင် ဆေးတစ်မျိုးသည် ပထမဆုံးအဖြစ် rhesus macaques မျောက်မျိုးစပ်တွင် စမ်းသပ်ရာ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို အောင်မြင်စွာ ကာကွယ် နိုင်ကြောင်း သိပ္ပံပညာရှင်များက ပြောသည်။

ကိုရိုနာဗိုင်းရပ်စ်ကို ဓာတုနည်းဖြင့် အသက်မဲ့စေသော သမရိုးကျနည်းလမ်းဟောင်းဖြင့်ပါ ထုတ်လုပ်ထားသည့် ယခု ကာကွယ်ဆေးသည် မျောက်များတွင် စမ်းသပ်ရာ၌ ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်မှုပေးနိုင်သကဲ့သို့ ထင်သာမြင်သာ ဘေးထွက်ဆိုးကျိုးလည်း မရှိဘဲ ဧပြီ ၁၆ ရက်မှစကာ လူဖြင့် စမ်းသပ်စစ်ဆေးမှုကို စတင်ခဲ့သည်။

ပေကျင်းအခြေစိုက် ပုဂ္ဂလိကပိုင်ကုမ္ပဏီဖြစ်သည့် Sinovac Biotech မှ သုတေသနပညာရှင်များက ၎င်းတို့၏ COVID-19 ကာကွယ်ဆေးကို  rhesus macaque မျောက်ရှစ်ကောင်၌ မတူညီသော ဆေးပမာဏနှစ်ဖုံကို ထိုးသွင်းပေးခဲ့သည်။ ထိုကာကွယ်ဆေး ထိုးသွင်းပေးအပြီး သီတင်းသုံးပတ်အကြာတွင် COVID-19 ရောဂါကို ဖြစ်ပွားစေသော SARS-CoV-2 ဗိုင်းရပ်စ်အား မျောက်များ၏ အဆုတ်တွင်းသို့ လေပြွန်မှတစ်ဆင့် ပြွန်ဖြင့် ထိုးသွင်းပေးခဲ့ရာ ဗိုင်းရပ်စ်က ကူးစက်ပျံ့နှံ့မှု မရှိသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ဆေးပမာဏာ အများဆုံး ထိုးသွင်းပေးခဲ့သည့် မျောက်များတွင် ရလဒ်အကောင်းဆုံး တုံ့ပြန်သည်ကို တွေ့ရသည်။ ထို မျောက်များကို ဗိုင်းရပ်စ် ထိုးသွင်းပေးပြီး ခုနစ်ရက်အကြာ၌ ၎င်းတို့၏ အဆုတ်နှင့် လည်ချောင်း ဝတို့တွင် ဗိုင်းရပ်စ်ကို သုတေသနပညာရှင်များ ထောက်လှမ်းတွေ့ရှိခြင်း မရှိတော့ပေ။

ဆေးပမာဏ အနည်းငယ်သာ ထိုးသွင်းပေးသည့် မျောက်များတွင်မူ ထိခိုက်မှုမရှိသော ဗိုင်းရပ်စ် ခိုအောင်းမှုကို တွေ့ရှိသော်လည်း ကူးစက်ပျံ့နှံ့မှုကိုမူ ထိန်းချုပ်နိုင်ပုံရသည်ဟု Sinovac သုတေသနအဖွဲ့က ဧပြီ ၁၉ ရက်တွင် ထုတ်ဝေသည့် သတင်းစာတစ်စောင်၌ ရေးသားဖော်ပြသည်။

အဆိုပါ ရလဒ်ကြောင့် ယခု ကာကွယ်ဆေးသည် လူတွင်ပါ အလုပ်ဖြစ်လိမ့်မည်ဟု ယုံကြည်မှု မြင့်မားစေကြောင်း Sinovac မှ အကြီးတန်းညွှန်ကြားရေးမှူးဖြစ်သူ မန်ဝိုင်နင်းက ပြောသည်။

“ကျွန်တော် အခု ကာကွယ်ဆေးကိုတော့ သဘောကျမိတယ်။”ဟု သုတေသနစမ်းသပ်လျက် ရှိနေသည့် အမျိုးမျိုးသော COVID-19 ကာကွယ်ဆေးများအကြောင်း ပူးတွဲရေးသားသူလည်းဖြစ်၊ နယူးယောက်မြို့က Icahn School of Medicine မှ ရောဂါပိုးမွှားပညာရှင်လည်းဖြစ်သူ ဖလော်ရန်းကရမ်မာက ပြောသည်။

“ဒီဆေးကို ထုတ်လုပ်တာဟာ ဖော်မြူလာဟောင်းနဲ့ ထုတ်လုပ်တာပဲ ဖြစ်တယ်။ ဒါကြောင့် ဝင်ငွေနည်းတဲ့၊ အလယ်အလတ်ဝင်ငွေရှိတဲ့ နိုင်ငံတွေမှာလည်း ဒီလို ကာကွယ်ဆေးမျိုး လိုက်ထုတ်လုပ်နိုင်မှာ ဖြစ်တာကြောင့် ကျွန်တော် စိတ်ကြိုက်တွေ့ရတာပဲ ဖြစ်တယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly